လေးစားဂုဏ်ယူဖွယ်ကောင်းသည့်နိုင်ငံ့သားကောင်းများ

လေးစားဂုဏ်ယူဖွယ်ကောင်းသည့်နိုင်ငံ့သားကောင်းများ

အယ်ဒီတာ့အာဘော်

(၂ဝ၂၅  ခုနှစ်၊ ဇန်နဝါရီ  ၈  ရက်)

 

နိုင်ငံတစ်နိုင်ငံ၏  လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရမည့်တာဝန်သည် နိုင်ငံသားတိုင်းမဖြစ်မနေထမ်းဆောင်ကြရမည့် မွေးရာပါသမိုင်းပေးတာဝန်ဖြစ်သည်။ထိုကဲ့သို့ သမိုင်းပေးတာဝန်ကိုထမ်းဆောင်ရာတွင် ရဲသော်မသေ သေသော်ငရဲမလားဟူသည့် စိတ်ဓာတ်ခံယူချက်တို့ဖြင့် မိမိတို့၏တိုင်းပြည်နှင့်လူမျိုးအကျိုးကို သယ်ပိုးခဲ့ကြသည့် နိုင်ငံ့သားကောင်းများကို နိုင်ငံတော်အနေဖြင့် ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိသည်။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူယှဉ်တွဲပေါ်ပေါက်ခဲ့သည့် မြန်မာ့တပ်မတော်သည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲများတွင် ရွပ်ရွပ်ချွံချွံဆင်နွှဲခဲ့ပြီး လွတ်လပ်ရေးကို ပြည်သူများနှင့်အတူ ရယူပေးခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း ကိုလိုနီစနစ်၏နောက်ဆက်တွဲ စိန်ခေါ်မှုမျိုးစုံကိုကြံ့ကြံ့ခံကာ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။

တပ်မတော်သားများသည်    နိုင်ငံနှင့်ပြည်သူအကျိုးအတွက် စွန့်လွှတ်စွန့်စားခြင်းများဖြင့်  ပေးအပ်လာသမျှတာဝန်များကို  ကျေပွန်အောင်ထမ်းဆောင်လျက်ရှိသည်။  အတိတ်ကာလတွင် တာဝန်ကျေပွန်ခဲ့သလိုပစ္စုပ္ပန်နှင့်အနာဂတ်ကာလတွင်လည်း   ကျေပွန်စွာထမ်းဆောင်နေမည်ဖြစ်သည်။  မြန်မာနိုင်ငံမတည်မငြိမ်ဖြစ်အောင်   နိုင်ငံရေးအရ၊ စစ်ရေးအရ  ဖန်တီးလာသည့်  ပြည်တွင်းပြည်ပအန္တရာယ်များမှလည်း ကာကွယ်စောင့်ရှောက်ကာ  တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးကိုစွမ်းဆောင်လျက်ရှိသည်။လွတ်လပ်ရေးနှင့်အတူပေါ်ပေါက်ခဲ့သည့် ပြည်တွင်းသောင်းကျန်းမှုများ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲကြောင့်ဖြစ်ပေါ်လာသည့် ထိုးနှက်တိုက်ခိုက်မှုများကြားတွင် တပ်မတော်အနေဖြင့် စစ်မှန်သည့်အမျိုးသားရေးတာဝန်ကိုသာရှေးရှုပြီး တိုင်းပြည်နှင့်လူမျိုးအကျိုးကိုသယ်ပိုးခဲ့သည်။ ဤသည်မှာ  သမိုင်းတွင်ထင်ရှားသောတပ်မတော်၏စွမ်းဆောင်ချက်များဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မြေပြင်တွင် တိုက်ပွဲဝင်နေကြရသည့်တပ်မတော်သားများကဲ့သို့ပင် တပ်မတော်သားများ၏ ပါရမီဖြည့်ဖက်များနှင့်မိသားစုဝင်များသည်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက်အရေးကြီးသည့် အရန်အင်အားများပင်ဖြစ်သည်။ တပ်မတော်သားများ၏ပါရမီဖြည့်ဖက်များပီပီ  သင်ကြားတတ်မြောက်ထားသည့် စစ်ပညာများဖြင့် နိုင်ငံနှင့်လူမျိုးအကျိုးကို  ကာကွယ်စောင့်ရှောက်လျက်ရှိကြသည်။  ပြည်နယ်အရေး၊ လူမျိုးစုအရေးဟူသည့်ခေါင်းစဉ်များဖြင့် လက်တစ်ဆုပ်စာလူတစ်စု၏ ကိုယ်ကျိုးအတ္တကို   ရှေ့တန်းတင်နေသရွေ့   ဒေသခံပြည်သူများ၏ဘဝများ ထိခိုက်နစ်နာနေရဦးမည်ဖြစ်သည်။ထိုကဲ့သို့  ဆုံးရှုံးနစ်နာမှုများမဖြစ်ပေါ်စေရေးအတွက် တပ်မတော်က  ကာကွယ်စောင့်ရှောက်ပေးနေခြင်းဖြစ်သည်။

ကမ္ဘာတွင်မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကိုလက်ခံထားခြင်းမရှိပေ။သူတစ်ပါးနိုင်ငံ၏ပြည်တွင်းရေးမငြိမ်မသက်ဖြစ်အောင် နှောင့်ယှက်နေသည့်နိုင်ငံများသည်ပင်  ယင်းတို့၏နိုင်ငံအတွင်းရှိ အကြမ်းဖက်မှန်သမျှကို ပြတ်ပြတ်သားသားနှိမ်နင်းလျက်ရှိနေသည်။ မြန်မာနိုင်ငံတွင်လည်းအကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများအမြစ်စွဲမှုမရှိအောင် တားဆီးကာကွယ်ကြရမည်ဖြစ်သည်။နိုင်ငံတော်ကာကွယ်ရေးတာဝန်ဆိုသည်မှာ နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သည့်တာဝန်ဖြစ်ပေရာ  ပြည်သူများအနေဖြင့် မိမိတို့ဘဝလုံခြုံအေးချမ်းသာယာမှုအတွက် အကြမ်းဖက်အဖျက်သမားတို့၏သတင်းများကိုပေးပို့ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို  တတ်စွမ်းသမျှပါဝင်ဆောင်ရွက်ရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး   သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်သည် ဇန်နဝါရီလ ၄ ရက်တွင်ကျင်းပသည့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ  ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား၌ ဂုဏ်ပြုအမှာစကားပြောကြားစဉ်“နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ခြင်း၏အခြေခံသည် တည်ငြိမ်အေးချမ်းပြီး လက်နက်ကိုင်ပဋိပက္ခများကင်းဝေးရန်ပင်ဖြစ်ကြောင်း၊ သို့မှသာ အခြေခံအဆောက်အဦများတည်ဆောက်နိုင်ပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ အလားတူ ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍစုံကိုလည်းဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်ကာ နိုင်ငံကိုဘက်စုံထောင့်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသကဲ့သို့ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ဦးလည်မသုန်ထမ်းဆောင်လျက်ရှိသည်။ ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားကာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်လျက်ရှိသည့်  တပ်မတော်သားများနှင့်ပါရမီဖြည့်ဖက်များကို လေးစားဂုဏ်ယူဖွယ်ကောင်းသည့် နိုင်ငံ့သားကောင်းများအဖြစ်  ဂုဏ်ပြုလိုက်ရပေသည်။  ။