CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလေးထား ဆောင်ရွက်

 

CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလေးထား ဆောင်ရွက်

ရန်ကုန်  မတ်  ၁၅

 

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည်  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ  ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း) ၌ CMP  အထည်ချုပ်လုပ်ငန်းရှင်များ၊ မန်နေဂျာများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက MSME များကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားကို ဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ကြောင်း၊ CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး  ဆပ်ကော်မတီများ ထပ်မံဖွဲ့စည်း၍  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ CMP စက်ရုံ၊  အလုပ်ရုံများတွင်  လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှု လျော့နည်းပပျောက်စေရေးအတွက် တည်ဆဲအလုပ်သမားရေးရာ ဥပဒေများနှင့်အညီ  အလုပ်ရှင်အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မှာကြားသည်။

မွန်းလွဲပိုင်းတွင်  ဒုတိယဝန်ကြီးသည်  ရွှေပြည်သာမြို့နယ်ရှိ   အိတ်ချုပ်စက်ရုံ Myanmar GiGi Leather Goods Manufactory Co., Ltd. နှင့် အင်းစိန်မြို့နယ်ရှိ Kaixi (Myanmar) Fashion Co., Ltd.  အထည်ချုပ်စက်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး CMP လုပ်ငန်းများသည် အလုပ်အကိုင် အခွင့်အလမ်းအများဆုံး ဖန်တီးပေးနိုင်ပြီး  မြန်မာလုပ်သားထုနှင့်  နိုင်ငံတော်အတွက် ရေတိုရေရှည်အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးလုပ်ငန်း ဖြစ်ခြင်းကြောင့် ပြည်ထောင်စုနယ်မြေ၊  တိုင်းဒေသကြီး၊ ပြည်နယ်များတွင် CMP လုပ်ငန်းများကို ဖွင့်လှစ်ခွင့်ပြုပြီး သက်ဆိုင်ရာဦးစီးဌာနများမှ စည်းကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) နှင့် အလုပ်ရှင်တို့သည် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းပြီး မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင် ရောဂါထိခိုက်ခံစားမှု လျော့နည်းကျဆင်းလာ သည်နှင့်အမျှ ကုန်ထုတ်စွမ်းအားတိုးတက်စေရေး များစွာအထောက်အကူဖြစ်စေနိုင်ကြောင်း မှာကြားခဲ့သည်။