ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်များအတွက် နေအိမ်အလုံး ၁၀၀၀ ခန့် ဖော်ဆောင်ပေးထားနိုင်ပြီး ကျန်ရှိသည့်စီမံကိန်းများကို ယခုကာလအတွင်း ရပ်နားထားရ

ရန်ကုန်၊ အိမ်ရာ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော် များအတွက် နေအိမ်အလုံး ၁၀၀၀ ခန့် ဖော်ဆောင်ပေးထားနိုင်ပြီး ကျန်ရှိသည့် စီမံကိန်းများကို COVID-19 ရောဂါအခြေအနေကြောင့် ရပ်နားထားရကြောင်း ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေး အသင်းတည်ထောင်သူ ဒေါ်ဗန်လီဇာအောင်၏ ပြောပြချက်အရ သိရသည်။

ကျူးကျော်များသာမက နေထိုင်ရေး အခက်အခဲရှိသော ဝင်ငွေနည်းပြည်သူများ အတွက် ၂၀၁၉ ခုနှစ်မှ စတင်ကာ နေအိမ် တစ်လုံးလျှင် ငွေကျပ် သိန်း ၃၀၊ ငွေကျပ် သိန်း ၂၀ တန် အစုအဖွဲ့ပိုင်  အိမ်ရာများ တည်ထောင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုး တက်ရေးအသင်းတို့ပူးပေါင်း ၍ အိမ်ရာများ ဖော်ဆောင်ပေးခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယင်းစီမံကိန်းအတွက် အိမ်ရာ ယူနစ် ၆၀၀၀၀ ဆောက်လုပ်ရန် စီမံကိန်းရေးဆွဲထားသည်။  လက်ရှိတွင် ရွှေပြည်သာ၊ ဒဂုံ(တောင်ပိုင်း)နှင့် ဒဂုံ (အရှေ့ပိုင်း)မြို့နယ်တို့၌ အစုအဖွဲ့ပိုင် အိမ်ရာများ ဖော်ဆောင်ပေးထားပြီး ယခု ကာလအတွင်း COVID-19 ရောဂါကူး စက်မှုမရှိစေရန် စီမံကိန်းလုပ်ငန်းများကို  ခေတ္တရပ်ဆိုင်းထားရခြင်းဖြစ်သည်။

“တည်ဆောက်ပေးပြီးတဲ့အိမ်ရာတွေမှာ အမှန်တကယ် နေထိုင်စရာမရှိသူတွေ၊ ကျူးကျော်အဖြစ် အသိ အမှတ်ပြု စမတ်ကတ် ထုတ်ပေးထားသူတွေကို နေရာချထားပေး တာဖြစ်ပါတယ်။ ကျန်နေတဲ့စီမံကိန်းကို COVID-19 ရောဂါကာလအလွန်မှပဲ လုပ်နိုင်မယ်လို့ထင်ပါတယ်” ဟု ဒေါ်ဗန်လီဇာအောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အမှန်တကယ်နေထိုင်စရာမရှိ သည့် ကျူးကျော်နေထိုင်သူများကို နေအိမ်များဖော်ဆောင်ပေးရန်စီစဉ်ခဲ့ပြီး ၂၀၁၆ ခုနှစ်  စက်တင်ဘာလအတွင်းက   လှိုင် သာယာ၊  ဒဂုံမြို့သစ်   လေးမြို့နယ်အပါအဝင် မြို့နယ်ပေါင်း ၃၇ မြို့နယ်၌ ကျူးကျော်စာရင်းများ ကောက်ယူခဲ့ကြောင်းနှင့်  ယင်းကဲ့သို့ စာရင်းကောက်ယူကာ ကျူးကျော်အိမ်ထောင်စုပေါင်း တစ်သိန်းခွဲကျော်ကို စမတ်ကတ်များ ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။           

စိုးမိုး