ရေနံချောင်းမြို့နယ်၌ မြေအောက်ရေဖြင့် ပန်းမျိုးစုံစိုက်ပျိုးသူများအပိုဝင်ငွေရရှိ

ရေနံချောင်း၊ စီးပွားရေး

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကိုင်းမြေများတွင် မြေအောက်ရေဖြင့် ပန်းမျိုးစုံစိုက်ပျိုးသူများ မိသားစုအပိုဝင်ငွေရရှိနေကြောင်း သိရသည်။

“ယခုနှစ်မှာ ဂန္ဓမာပန်းနဲ့သပြေစိုက်ပါတယ်။ ဂန္ဓမာမျိုးစေ့၊ ပျိုးပင်များကို ပြင်ဦးလွင်က ဝယ်ယူပါတယ်။ စိုက်ပျိုးပြီးနှစ်လအတွင်း အပွင့်ပွင့်ပြီး ဆွတ်ခူးရောင်းချရပါတယ်။ သပြေပင်ကတော့ နေ့စဉ်မိသားစု ဝင်ငွေ ရနေတာပါ။ တောင်သူတွေပန်းမျိုးစုံကို အဓိကစိုက်နေကြပြီး ဝင်ငွေရနေပါတယ်” ဟု ဖောင်းကတော ကျေးရွာ သစ်မှ တောင်သူဦးထွန်းအေးက ပြောသည်။

ရေနံချောင်းမြို့နယ်ရှိ ကိုင်းမြေများ၌ ပန်းမျိုးစုံစိုက်ပျိုးခြင်းဖြင့် ဒေသခံအလုပ်သမားများ မြေပြုပြင်ထွန် ယက်ခြင်း၊ ပေါင်းကောက်ခြင်း၊ စိုက်ပျိုးခြင်း၊ ပန်းခူးခြင်း စသည့်လုပ်ငန်းများလုပ်ကိုင်ကြရာ ဝင်ငွေရလျက် ရှိသည်။ ယခင်က မန္တလေးတိုင်းဒေသထွက်ပန်းများကိုသာ ရေနံချောင်းမြို့၌ အဓိကရောင်းချရသော်လည်း ယခုအခါ ဂန္ဓမာ၊ သပြေ၊ သစ္စာပန်း၊ မေမြို့၊ နှင်းဆီပန်းများ ထွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဆန်းညွန့်(ရေနံချောင်း)