လူတိုင်းအတွက် ပညာရေးနှင့် ကျန်းမာရေး
အယ်ဒီတာ့အာဘော်
(၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်)
လူသားတိုင်းအတွက် အဓိကကျသည်မှာ ပညာရေးနှင့် ကျန်းမာရေးဖြစ်သည်။ ပညာမတတ်လျှင် လူရာမဝင်သကဲ့သို့ ကျန်းမာရေးမကောင်းလျှင်လည်း ဆန္ဒရှိသမျှ ကြိုးစားအားထုတ်နိုင်မည် မဟုတ်ပေ။ ပညာတတ်မြောက်ထားမှ မိမိတို့၏ပညာရပ်နှင့် သက်ဆိုင်သည့်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့အတူ ကျန်းမာရေး ကောင်းမွန်နေမှလည်း မိမိတို့၏လူမှုစီးပွားဘဝ မြင့်မားရေးကို စွမ်းဆောင်နိုင်မည်ဖြစ်သည်။ ပညာဆိုသည်မှာ ဟုတ်မှန်သောသဘောကို သိမြင်နိုင်သော အသိဉာဏ်ပင်ဖြစ်သည်။ လောက၌ အသိအမြင်ဟူသော အလင်းမရှိပါက အမှားအမှန်၊ အကောင်းအဆိုး၊ အကျိုးအပြစ်တို့ကိုမသိနိုင်ဘဲ အမှောင်တိုက်သာ လွှမ်းမိုးနေမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာရေးကို အထူးအလေးအနက်ထားကာ စီမံဆောင်ရွက် ပေးလျက်ရှိသည်။ လူမှုရေးဦးတည်ချက်များတွင်“တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များထွန်းကားလာစေရေး အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး”နှင့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး အတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး”တို့ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် လူငယ်များနှင့်ပတ်သက်၍ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ အဓိကစွမ်းအားစု အဖြစ်ပါဝင်နိုင်ရန် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်အောင် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။
နည်းပညာများ တစ်နေ့ထက်တစ်နေ့ပိုမို တိုးတက်နေသောအချိန်ကာလတွင် လူငယ်မောင်မယ်တိုင်းက ပညာတတ်မြောက်ထားရုံသာမက တီထွင်ဆန်းသစ်မှုများကို ပြုလုပ်နိုင်သည်အထိ ကြိုးစားကြရမည်ဖြစ်သည်။ ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ စာသိမှုကို ပညာဟုမဆိုပေ။ ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြော နက်နဲလှပေသည်။ လောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ လူသားတို့သည် ပုခက်တွင်းမှသည် သေဆုံးသည်အထိ ပညာသင်သားများ ဖြစ်နေကြပေသည်။ ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် လူတို့၏တစ်သက်တာတွင် ကုန်ဆုံးသည်ဟုမဆိုနိုင်ပေ။ ပညာတတ်သူသည် လောကရှိအရာရာကို အခွင့်အလမ်းအလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဉာဏ်အားကိုလည်းကောင်း၊ မိမိဉာဏ်အမြင်အရ စိတ်နေစိတ်ထားစိတ်ဓာတ် တို့ကိုလည်းကောင်း ပြုပြင်ပြုစုစီမံ ထားခဲ့သူသာလျှင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် မျိုးဆက်သစ်လူငယ်များအတွက် ပညာရေးသည် အဓိကမောင်းနှင်အားဖြစ်သည်။ ပညာဆိုသည်မှာ အသိဉာဏ်ကိုရရှိရန် ရှာဖွေဆည်းပူးအပ်သော အတတ်ဟုဆိုပါသည်။ မြန်မာစကားပုံတွင် ပညာရွှေအိုး လူမခိုးဟူ၍ဆိုထားပါသည်။ မိမိကိုယ်တွင် တတ်မြောက်ထားသော ပညာကို မည်သူကမျှ ခိုးယူ၍ မရနိုင်ပေ။ စာသင်ကျောင်းများက သင်ကြားပေးသော စာပေပညာ၊ လုပ်ငန်းခွင်ကသင်ကြားပေးသော အသက်မွေးဝမ်းကျောင်းပညာ ဟူ၍နှစ်မျိုးရှိပေရာ အားလုံးသည် လူငယ်များအတွက်သာဖြစ်သည်။
လူငယ်များအဖို့ အတတ်ပညာနှင့်အတူ အသိပညာပါသင်ကြားမှသာ ပညာပြည့်ဝနေမည်ဖြစ်သည်။ ပညာသည် ကမ္ဘာတစ်ဝန်းလုံးအတွက် မရှိမဖြစ်သော အရာဖြစ်လာနေသည်။
စာသင်ကျောင်းများတွင် ပညာကိုစနစ်တကျ သင်ကြားပေးနေခြင်းနှင့်အတူ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်နိုင်ရန် အားကစားကွင်းများကို တည်ဆောက်ပေးထားသည်။ အားကစားနှင့်ပညာရေးကို ပေါင်းစပ်သင်ကြားပေးသည့်ကျောင်းများကိုလည်း ဖွင့်လှစ်ပေးထားသည်။ လူငယ်မောင်မယ်များအနေဖြင့် ဘက်စုံပညာရေးစနစ်တွင် ထူးထူးချွန်ချွန်ဖြစ်နေအောင် ကြိုးစားကြရမည်ဖြစ်သည်။ စာပေတွင် တော်နေရုံမျှဖြင့်ကျေနပ်အားရမနေဘဲ ကျန်းမာရေးကိုလည်း လေ့လာလိုက်စားကြရမည်ဖြစ်သည်။ ကျန်းမာရေးအတွက် အားကစားသည် အဓိကဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများအတွက် လူရည်ချွန်ရွေးချယ်မှုများ၊ ထူးချွန်ကျောင်းသား ရွေးချယ်မှုများတွင် ပညာရေးနှင့်ကျန်းမာရေးသည် အဓိကပါဝင်သည်။
လူငယ်များ၏စွမ်းဆောင်ရည် ကောင်းသည်နှင့်အမျှ ပညာအလင်းရောင်နှင့်အတူ တစ်မျိုးသားလုံးအတွက် တန်ဖိုးရှိလာမည်ဖြစ်သည်။ ပညာရပ်များမြင့်မားမှုသည် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ရာလည်း ရောက်ပေသည်။
တစ်မျိုးသားလုံး ပညာရည်မြင့်မားလာရန် လူငယ်များက ကြိုးစားအားထုတ်မှုနှင့် စွမ်းဆောင်မှုမြှင့်တင်ကြမှသာ အနာဂတ်မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ထည်ဝါစွာ ရပ်တည်နိုင်မည်ဖြစ်သည်။ ပညာသင်ချိန်တွင် ပညာထူးချွန်စွာတတ်မြောက်ရေး၊ ကျန်းမာရေးကောင်းမွန်ရေးကို မိမိတို့ကိုယ်တိုင်က လေ့လာလိုက်စား နေကြရမည်ဖြစ်သည်။ ပညာရေးနှင့် ကျန်းမာရေးသည် ငယ်စဉ်အရွယ်မှအစပြုကာ ဖြည့်ဆည်းနေကြမည့် အရာဖြစ်သည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်သို့ လျှောက်လှမ်းလျက်ရှိရာတွင် ပညာသည်ရှေ့ဆောင် လမ်းပြနေရာတွင်ရှိနေပါသည်။ ယနေ့အချိန်အခါသည် ပညာခေတ်ဟု ညွှန်းဆိုထားသည့်အတိုင်း အသိပညာ၊ အတတ်ပညာ၊ စဉ်းစားတွေးခေါ်မှုပညာ စသည်ဖြင့် အရာရာကို ပညာဖြင့် လုပ်ဆောင်ကြရမည်ဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ်တိုင်းပါဝင်၍ အားသွန်ခွန်စိုက် လုပ်ဆောင်ကြရမည်ဖြစ်ရာ ပညာရေးနှင့်ကျန်းမာရေးကို အထူးအလေးထား ကြိုးစားဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။