မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ဖားဘောင်ဂူကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး လုပ်ဆောင်ရန် ကွင်းဆင်း လေ့လာ

ကျိုက်မရော၊ ခရီးသွား

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ရှေးဟောင်းစေတီများတည်ရှိရာ ဖားဘောင်ဂူကို    ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေး အတွက်လုပ်ဆောင်ရန် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ထားကြောင်း မွန်ပြည်နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦး၏ ပြောပြချက်အရ သိရသည်။

ဖားဘောင်ဂူကို ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် လမ်းပန်းဆက်သွယ်ရေး   ကောင်း မွန်ခြင်းရှိ၊ မရှိ၊ လျှပ်စစ်မီးရရှိရေး၊ ရေပူစမ်းများ ထွက်ရှိသည့်ဒေသအတွင်း လယ်ယာမြေများကို အကျိုးရှိရှိ အသုံးချနိုင်ရန် ကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့သည်။ လက်ရှိတွင် ရေပူစမ်းရှိသည့်ကန်သို့ သွားလာနိုင် ရေးအတွက် လမ်းများဖောက်လုပ်နေပြီး ဖားဘောင်ဂူသို့သွားရာလမ်းကိုလည်း ကတ္တရာလမ်းအဖြစ်    အဆင့်မြှင့်တင် လျက်ရှိသည်။ ရေပူစမ်းမှထွက်ရှိသည့်ရေများကို ဒေသအတွင်း လယ်ယာမြေများတွင်  အသုံးပြု နိုင်ရေးကိုလည်း  နိုင်ငံ တော်အစိုးရမှ     ဒေသခံများအတွက်  သုံးပေအကျယ်ရှိသော ရေမြောင်း     ပေ ၁၈၀၀၀ ကျော်ကို သွယ်တန်းဖောက်လုပ် ပေးမည်ဖြစ်ကြောင်း သိရသည်။

“ဖားဘောင်ဂူအတွင်းမှာ ရှေးဟောင်းစေတီတွေ တည်ထားကိုးကွယ်ထားပါတယ်။ အများပြည်သူလာ ရောက်ဖူးမြော်ပြီး ဒေသတွင်းမှာ   လေ့လာနိုင်အောင်၊    ခရီးသွား လုပ်ငန်းတွေဖော်ဆောင်နိုင်အောင်ဆောင် ရွက်နေပါတယ်။ ကွင်းဆင်းလေ့လာမှု ပြုလုပ်ပြီး လိုအပ်တာတွေကို ဆောင်ရွက် နိုင်အောင်စီစဉ်နေပါတယ်”  ဟု  ဦးခင်ဇော်ဦးက ပြောသည်။

ဖားဘောင်ဂူသည် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အတ္ထရံမြစ်၏အရှေ့ ဘက်ခြမ်း၌တည်ရှိပြီး  စံပယ်ဂူ တံတားမှ တစ်ဆင့်သွားရောက်ပါက တစ်နာရီခန့် ကြာမြင့်ကာ ဖားဘောင်ဂူ၌ ကျောက်စက် ပန်းဆွဲများ၊   ကျောက်စက်မိုးမျှော်များ၊ ကျောက်နွယ်၊   ကျောက်ပန်းခက်များကို လေ့လာနိုင်သည့်အပြင် ဂူအတွင်း အရွယ် စုံရှိသော  ရှေးဟောင်းဆင်းတုတော်များ ကိုလည်း   ဖူးမြော်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင်  ဂူအတွင်းမှတစ်ဆင့်   ရေပူစမ်းရှိသော နေရာများသို့ သွားလာနိုင်မည်ဖြစ်ပြီး သဘာဝအလှတရားများရှိသည့် အတွက် ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်မည့်နေရာတစ်ခုဖြစ်ကြောင်း သိရသည်။          

 စိုးမိုး