စပါးကောက်ရိုးမှ စက္ကူပြုလုပ်ခြင်းသုတေသနပြုဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ သုတေသန

နေပြည်တော်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးဇီဝဥယျာဉ်ဌာနစုရှိ သုတေသနပညာရှင်များသည် စပါးပင်၏ အစိတ်အပိုင်းများ အကျိုးရှိစွာအသုံးချနိုင်ရန်ရည်ရွယ်ပြီး စပါးသီးနှံရိတ်သိမ်းခြင်းမှ ရရှိသော ဘေးထွက်ပစ္စည်းကောက်ရိုးမှ စက္ကူထုတ်လုပ်ခြင်းသုတေသနလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ဦးစီးဌာနမှသိရသည်။

ယင်းသုတေသန၌ ကောက်ရိုးဖြင့် စက္ကူပြုလုပ်ရာတွင် အဓိကလိုအပ်သော ပါဝင်ပစ္စည်းများမှာ  ကောက်ရိုး၊  ထင်းရှူးဆီ၊ဆိုဒီယမ်ဆီလီကိတ်၊  ကော်(ကစီဓာတ်)၊ ကျောက်ချဉ်၊  တာကမ်ပေါင်ဒါ၊  ဆိုဒါမှုန့်၊ ဆိုးဆေးများ နှင့် ရေတို့ဖြစ်သည်။

ကောက်ရိုးစက္ကူပြုလုပ်ခြင်းသုတေသနတွင် အရည်အသွေးကောင်း စက္ကူရရှိရန်အတွက် အဓိကဖြစ်သော   ပျော့ဖတ်၏အရည်အသွေးကောင်းမွန်ရန်အတွက် အသုံးပြုသည့် ဓာတုပစ္စည်းအမျိုးအစားနှင့် အချိုးအစား၊ ကောက်ရိုးပြုတ်ချိန်နှင့် ရရှိလာသောပျော့ဖတ်ကို ကြိတ်ခြေစက်ထဲသို့ထည့်၍ စက်လည်ပတ်မှုကြာချိန်တို့ကို    သိရှိရန်အတွက် ဌာနစုတာဝန်ခံ ဒေါက်တာဥမ္မာခင်နှင့် သုတေသနပညာရှင်များက သုတေသနပြု ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါသုတေသနသည် စပါးစိုက်တောင်သူများအား စပါးပင်၏ ဘေးထွက်ပစ္စည်းဖြစ်သော ကောက်ရိုး ကိုအသုံးပြု၍ စက္ကူပြုလုပ်ခြင်း နည်းပညာမျှဝေပေးမည် ဖြစ်သောကြောင့် အိမ်တွင်းမှုတစ်နိုင်တစ်ပိုင် ဆောင်ရွက်နိုင်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ပြီး လယ်ယာလုပ်ငန်း ခွင်ပြင်ပ အပိုဝင်ငွေရရှိမည်ဖြစ်သည်။

စပါးကောက်ရိုးမှ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သော ပုံနှိပ်ရန်စက္ကူ၊ စက္ကူအနှောင့်များ၊ စက္ကူဖိုင်များ၊ ဖိတ်စာ ကတ်၊ လိပ်စာကတ်၊ စက္ကူအိတ်များ ပြုလုပ်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဇော်မျိုး(နေပြည်တော်)