၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ခံခဲ့ရသည့် အနုပညာရှင် အတတ်ပညာရှင်များ၏ ရင်တွင်းပီတိစကားသံများ

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ခံခဲ့ရသည့် အနုပညာရှင် အတတ်ပညာရှင်များ၏ ရင်တွင်းပီတိစကားသံများ

၂၀၂၃ ခုနှစ်အတွက်  မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို  ဖေဖော်ဝါရီလ ၃ ရက်  ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌  ယခင်နှစ်များနှင့် မတူ ခမ်းနားထည်ဝါစွာကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင် အတတ်ပညာရှင်များအနက်မှ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခံခဲ့ရသည့် အနုပညာရှင် အတတ်ပညာရှင်များ၏ ရင်တွင်းပီတိစကားသံများကို ဖော်ပြလိုက်ပါသည်-

 

အကယ်ဒမီ ဒါရိုက်တာအောင်မြင့်မြတ် (မြန်မာ့ရုပ်ရှင်တစ်သက်တာဆု)

ဒီဆုက ရုပ်ရှင်လောကမှာ ရုပ်ရှင်သမားတိုင်းလိုချင်တဲ့ဆုပါ။  ဝမ်းလည်းဝမ်းသာတယ် ဝမ်းလည်းဝမ်းနည်းတယ်။ ဝမ်းသာတယ်ဆိုတာက ဆုရလို့ပါ။ဝမ်းနည်းတယ် ဆိုတာက  ကျွန်တော့်ကို ဒီဆုရစေချင်တဲ့ဆရာတွေရှိတဲ့အချိန်က ဒီဆုကို ရအောင်ယူ မပြနိုင်ခဲ့လို့ ဝမ်းနည်းတာပါ။ ကျွန်တော့်ရဲ့ ဆရာတွေမှာ သက်ရှိထင်ရှားရှိတာဆိုလို့ မောင်နှင်းမိုးတစ်ယောက်ပဲရှိပါတော့တယ်။ ကျန်တဲ့ဆရာတွေက အကုန်လုံးဆုံးသွားပါပြီ။ သမိုင်းမှာတော့ ကျွန်တော့်ကို ဓာတ်ပုံသင်ပေးတဲ့ဆရာတွေ တည်းဖြတ်သင်ပေးခဲ့တဲ့ဆရာ ဦးဖိုးဟန် အစရှိတဲ့ ဆရာတွေများစွာရှိပါတယ်။  ရုပ်ရှင်ရိုက်တဲ့နေရာမှာ အမည်ပေးတာကအစ  သင်ပေးခဲ့တဲ့ဆရာ ဦးသုခဆိုရင် ကျွန်တော့်ကိုတော်တော်လေးသင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ကြီးပြင်းလာခဲ့တဲ့ဘဝတွေမှာ    ဆရာတွေက နောက်ကနေကြည့်ပြီးတော့ ကောင်းတယ်၊ မကောင်းဘူးဆိုပြီး  အမြဲဆုံးမသွန်သင်ပေးနေတဲ့အတွက် ကျွန်တော်တို့မှာအားရှိခဲ့ပါတယ်။

အကယ်ဒမီ ဒါရိုက်တာပန်းချီစိုးမိုး  (မြန်မာ့ရုပ်ရှင်တစ်သက်တာဆု)

နိုင်ငံတော်ကနေ   မြန်မာ့ရုပ်ရှင်တစ်သက်တာဆုကို  ချီးမြှင့်တဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ ဒါရိုက်တာ လုပ်သက်နှစ်ပေါင်း  ၅၆  နှစ်ရှိပါပြီ။ အခုလို သက်တမ်းရှည်စွာနဲ့ ရပ်တည်ပြီး ဒီနေ့အထိ ဇာတ်ကားတွေရိုက်၊ ပန်းချီတွေရေးဆွဲနေတုန်းပါ။  ဒီအတွက်လည်းကျေနပ်တယ်။  အခုလို မြန်မာ့ရုပ်ရှင် တစ်သက်တာဆုကိုရရှိတာဟာ ကျွန်တော့်ရဲ့ကြိုးစားမှုအတွက် ထိုက်တန်တယ်လို့ ခံယူပါတယ်။   အနုပညာလောကမှာ ကိုယ်ဝါသနာပါတဲ့အလုပ်ကို   ယုံယုံကြည်ကြည်လုပ်မယ်ဆိုရင် ဒုက္ခနဲ့တွေ့ရင်လည်း ဒုက္ခကို သုခအဖြစ်ပြောင်းသွားမှာပါ။ မကြိုးစားရင်  ဘာမှမဖြစ်ပါဘူး။အလုပ်ကို လုပ်နေမယ်ဆိုရင် ဒုက္ခဆိုတာရှိလာမှာပါ။   အလုပ်လုပ်မယ်ဆိုရင် စိတ်ရောကိုယ်ပါထည့်ပြီး ကြိုးစားအလုပ်လုပ်ပါ။  အလုပ်လုပ်တဲ့အခါ တွေ့ရတဲ့  ပင်ပန်းတာတွေ၊ ဒုက္ခတွေ၊ ကြိုးစားတာတွေဟာ ဂုဏ်ယူစရာလို့ သိလာတဲ့အချိန်ကစပြီး လူငယ်တွေအားလုံး ပိုပြီးတော်လာမှာပါ။ ဒီလိုပဲ လူငယ်တွေကို တော်စေချင်ပါတယ်။

အကယ်ဒမီဝင်းလွင်ထက် (ရုပ်ရှင်ဓာတ်ပုံဆု)

ကျွန်တော်ရုပ်ရှင်ဓာတ်ပုံဆုကို ကံကောင်းဇာတ်ကားနဲ့ ရရှိခဲ့တဲ့အတွက် ပိုပြီးပျော်ပါတယ်။   ဝမ်းလည်းဝမ်းသာပါတယ်။   ကျွန်တော်ရိုက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ကျွန်တော်ကျွမ်းကျင်ပြီးစိတ်အားထက်သန်တဲ့Director of Photographyအပိုင်းကို  ပိုပြီးဂရုစိုက်ပါတယ်။ ကံကောင်းရုပ်ရှင်ဇာတ်ကားမှာဆိုရင် ဇာတ်ကားရဲ့ လိုအပ်ချက်အတိုင်း Director of Photography အပိုင်းမှာ ဘောင်ထဲကနေ ဘယ်လောက်ထိပြလို့ရနိုင်တယ်ဆိုတာကို ဘက်ပေါင်းစုံကနေ အတတ်နိုင်ဆုံးကြိုးစားပြီးရိုက်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာပါတဲ့ အနုပညာရှင် အတတ်ပညာရှင်တွေ အားလုံးက သူ့အပိုင်းနဲ့သူ အကောင်းဆုံး ကြိုးစားထားတယ်။ ဇာတ်ကားရိုက်ပြီးတဲ့အချိန်မှာလည်း ကျေနပ်အားရမှုရှိခဲ့တယ်။ အခုလိုအသိအမှတ်ပြုပြီး ချီးမြှင့်ခံရတဲ့အတွက် လုပ်ရတာပိုအားရှိပါတယ်။ နောက်ထပ် ဆက်လုပ်ရမယ့် အလုပ်တွေအတွက်လည်းMotivation တွေရလာတယ်လို့လည်း ခံစားရပါတယ်။ကံကောင်းရုပ်ရှင်ဇာတ်ကားကို  ရုံတင်တဲ့အခါမှာ   အားပေးကြတယ်။ အကယ်ဒမီပွဲ နီးလာတဲ့အခါမှာလည်း ကံကောင်းကို Voting လုပ်ပေးကြတဲ့ ပရိသတ်တွေကို ကံကောင်းအဖွဲ့ကိုယ်စား  ကျွန်တော်ကအားလုံးကို ကျေးဇူးတင်ပါတယ်။

အကယ်ဒမီရန်အောင်  (အမျိုးသားဇာတ်ဆောင်ဆု)

ဒီဆုကိုရရှိခဲ့လို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ အသက် ၅၇ နှစ်ရှိပါပြီ။ အကယ်ဒမီ ဆုကို ၁၇ နှစ်ကြာမှခုနစ်ဆုမြောက်အဖြစ် ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်ပါဝင်တဲ့ဇာတ်ကားကနေ ရင်ခုန်ခွင့်ရတဲ့အတိုင်း   ရင်ခုန်သံနဲ့ထပ်တူဖြစ်အောင် ချီးမြှင့်ခံရတဲ့အတွက် များစွာဝမ်းသာဂုဏ်ယူမိပါတယ်။ ဆုချီးမြှင့်ပေးတဲ့အဖွဲ့တွေကိုလည်းကျေးဇူးတင်ပါတယ်။ ဒီဇာတ်ကားရိုက်ဖို့အတွက် ဒူးဝါးဇာတ်ကောင်နေရာကို ဒါရိုက်တာကိုတင်အောင်စိုးက တာဝန်ပေးတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ ဒီဇာတ်ကောင်နေရာက ကျွန်တော့်အတွက် စိန်ခေါ်မှုဖြစ်တယ်။ ရအောင်လုပ်မယ်၊ အပီပြင်ဆုံးလုပ်မယ်လို့   ခံယူချက်ထားခဲ့တယ်။ ဒါကြောင့် ဇာတ်ကားမရိုက်ခင်ကတည်းက အရင်တုန်းက စီနီယာကြီးတွေရိုက်ခဲ့တဲ့ ဇာတ်ကားတွေရဲ့ လုပ်ဆောင်မှုတွေကို အတုယူရပါတယ်။ မတူတဲ့ဇာတ်ကောင်ကို ဖန်တီးရတာဖြစ်တာကြောင့် ဘက်ပေါင်းစုံကနေ  အသေးစိတ်ပြင်ဆင်ကြိုးစားခဲ့ရပါတယ်။ ရိုက်ပြီးတဲ့အချိန်မှာ ကိုယ့်ရဲ့ဇာတ်ကောင်စရိုက်ကို အားရကျေနပ်မှုရှိပါတယ်။ အခုလိုအသက်အရွယ်မှာ ကျန်းကျန်းမာမာနဲ့ လုပ်နိုင်ကိုင်နိုင်တဲ့အချိန်မှာ ဒီဆုကိုရရှိတဲ့အတွက် ပိုပြီးဝမ်းသာပါတယ်။ ကျွန်တော်တို့အတွက်က ဆုရရှိဖို့ အခွင့်အရေးနည်းနေပါပြီ။ ကလေးတွေက အခွင့်အရေးတွေ များစွာရှိနေပါသေးတယ်။ ကလေးတွေ အခုလို ဆုရရှိကြတော့ သူတို့တွေအတွက်  အားတစ်ခုဖြစ်ပါတယ်။  ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း ဆုရရှိခဲ့တဲ့အတွက် အားဖြစ်ခဲ့ပါတယ်။ ဆုရရှိခဲ့ကြတဲ့ ကလေးတွေအတွက်   ဝမ်းသာဂုဏ်ယူပါတယ်။  ကျွန်တော့်ကိုအားပေးကြတဲ့ ပရိသတ်တွေဆက်လက်ပြီးအားပေးကြပါ။ ပရိသတ်တွေရဲ့အားပေးမှုက ကျွန်တော်တို့ရဲ့လျှောက်လှမ်းရမယ့် ခြေလှမ်းတွေဖြစ်ပါတယ်။  ပရိသတ်အားပေးမှုမရှိရင် ဘယ်လောက်ကြိုးစားကြိုးစား အရာမထင်ပါဘူး။ အားပေးမှုရှိမှ အရာထင်မှာဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။  

 တွေ့ဆုံမေးမြန်း- HMS

ဓာတ်ပုံ-လုလင်ငယ်