ကချင်ပြည်နယ်ကို အလှဆင်ကြစို့

 

ကချင်ပြည်နယ်ကို အလှဆင်ကြစို့

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၅  ခုနှစ်၊ ဇန်နဝါရီ  ၁၀  ရက်)

     မြန်မာနိုင်ငံသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုနယ်မြေ  နေပြည်တော်အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်များဖြင့် ဖွဲ့စည်းထားရာ ကချင်ပြည်နယ်သည်လည်း တစ်ခုပါဝင်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးနောက်  ၁၉၄၈  ခုနှစ်  ဇန်နဝါရီလ ၁၀ ရက်တွင် ကချင်ပြည်နယ် ကောင်စီညီလာခံ၏ ပထမဆုံးညီလာခံ   ပထဆုံးအစည်းအဝေး၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့သည်ကို ဂုဏ်ပြုသည့်အနေဖြင့် ထိုရက်ကို ကချင်ပြည်နယ်နေ့အဖြစ်သတ်မှတ်ခဲ့သည်။  ယနေ့ဆိုလျှင် (၇၇)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ကချင်ပြည်နယ်တွင် ဂျိန်းဖော့၊ လာချိဒ်၊ လော်ဝေါ်၊ လီဆူ၊ ရဝမ်၊ ဇိုင်ဝါး  စသည့်ကချင်မျိုးနွယ်စု များနှင့်အတူ  တိုင်းလုံ၊ တိုင်းလိုင်၊ တိုင်းခမ်းတီး၊ တိုင်းဆာ၊ တိုင်းလေ  စသည့်ရှမ်းမျိုးနွယ်စုများ၊ ဗမာတိုင်းရင်းသားများနှင့်  အခြားတိုင်းရင်းသား မျိုးနွယ်စုများ  နေထိုင်လျက်ရှိကြသည်။ ထိုသို့တိုင်းရင်းသားများ ချစ်ကြည်ရင်းနှီးစွာ နေထိုင်လျက်ရှိကြသည်မှာ   နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကချင်တိုင်းရင်းသားမျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှု၊  ရိုးရာအကအလှများ၊ စာပေယဉ်ကျေးမှု ဓလေ့ထုံးစံများမှာ  လှပခံ့ညားကျက်သရေရှိလှသည်။ ကချင်မျိုးနွယ်စုများ၏ မနောအကသည် နှစ်သက်မြတ်နိုးဖွယ်ရာ စည်းလုံးညီညွတ်မှုကို ဖော်ပြသည့် အကအလှဖြစ်သည်။

ကချင်ပြည်နယ်သည် အဖိုးတန်သယံဇာတများ၊ တန်ဖိုးရှိသည့်ရတနာများ ပေါကြွယ်ဝသည်။  တောတောင်ရေမြေသဘာဝ ပတ်ဝန်းကျင်ကောင်းများ ရှိသည်။ တစ်နှစ်ပတ်လုံးဆီးနှင်းများ ဖုံးလွှမ်းလျက်ရှိသည့် ရေခဲတောင်များ၏ လှပမှုနှင့်အတူ အင်းတော်ကြီးအိုင်၊ မြစ်ဆုံတို့၏ သာယာမှုတို့သည် ပြည်နယ်၏ ထင်ရှားသော အလှအပသဘာဝများဖြစ်သည်။ ထို့ပြင်စိုက်ပျိုးဖြစ်ထွန်းသည့်  ရေခံမြေခံကောင်းများလည်း တည်ရှိသည်။ ကချင်ပြည်နယ်အနေဖြင့် ရှိပြီးဖြစ်သော သဘာဝအရင်းအမြစ်များကို စနစ်တကျ ထိန်းသိမ်းပြီး ကုန်ချောအဖြစ် ထုတ်လုပ်မှုကို တိုးမြှင့်နိုင်မည်ဆိုပါက ပြည်နယ်အတွင်း လိုအပ်ချက် များကိုဖူလုံစေမည့်အပြင် ပြည်တွင်းလိုအပ်ချက်ကိုပါ ဖြည့်ဆည်းပေးနိုင်ပေမည်။ ထို့ပြင် ပြည်တွင်းထုတ်ကုန်များကို  ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက ဒေသခံများ၏ လူမှုစီးပွားဘဝ အဆင်ပြေတိုးတက်မည့်အပြင် နိုင်ငံအတွက် ဝင်ငွေလည်းတိုးတက် လာနိုင်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ  တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။   နိုင်ငံတော်ကိုစတင် တာဝန်ယူခဲ့သည့်အချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို  ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ရည်မှန်းချက်ထား လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ် အားလုံး တစ်ပြေးညီဖွံ့ဖြိုး တိုးတက်ရေး အလေးထား လုပ်ဆောင်လျက်ရှိရာ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်ကိုရည်မှန်းလျက်  ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

နိုင်ငံတော်အစိုးရသည် တပ်မတော်အပါအဝင် တိုင်းရင်းသား ပြည်သူများနှင့်အတူ ပူးပေါင်းပြီး စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ကို အရင်းတည်ကာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့်  အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို အမျိုးသားနိုင်ငံရေး တာဝန်များ အဖြစ် ထာဝစဉ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ ပြည်သူများအားလုံး မျှော်လင့်နေ သည်မှာ အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို  တည်ဆောက်နိုင်ရန်ဖြစ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့်  တိုင်းရင်းသားပြည်သူ အားလုံးအတွက်   ရည်မှန်းချက်ကောင်းမွန်သည့် ပစ္စုပ္ပန်နှင့် ငြိမ်းချမ်းသာယာ ဝပြောသည့်အနာဂတ်ကို တည်ဆောက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်  တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေး ရည်မှန်းချက်အဖြစ်  ဦးတည်ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ စစ်မှန်၍ စည်းကမ်းပြည့်ဝသော   ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီစနစ်နှင့်  ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးကို  နိုင်ငံရေးရည်မှန်းချက်အဖြစ်   အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အမျိုးသားရေးရည်မှန်းချက်နှင့် နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဒေသတွင်းတိုင်းရင်းသားများ၏ အသိဉာဏ်ပညာပြည့်စုံမှုများဖြင့်  ဆောင်ရွက်ရမည်ဖြစ်၍ ပညာရေးမြှင့်တင်မှုများကို  အလေးထား ဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်  လွတ်လပ်ရေးနှင့်အတူ ယှဉ်တွဲပါလာသည့်  လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းကာ နိုင်ငံသူ၊ နိုင်ငံသားအားလုံး  လွတ်လပ်ခြင်း၏အရသာကို အေးအတူပူအမျှ မျှဝေခံစားနိုင်ကြဖို့အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှုသည် အသက်တမျှအရေးပါသည့် အချိန်ကာလဖြစ်ပါသည်။  ထို့ကြောင့် ကချင်ပြည်နယ်ရှိ ဒေသခံပြည်သူများကလည်း နိုင်ငံတော်တည်ငြိမ် အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားရေး စိတ်ဓာတ်ပြည့်ဝစွာနှင့် ကျရာကဏ္ဍအလိုက် အစိုးရ၊ တပ်မတော်တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ရင်း ကချင်ပြည်နယ်ကို ပိုမိုအလှဆင်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။  ။