ပညာစွမ်းအားထက်မြက်ရေး
အယ်ဒီတာ့အာဘော်
(၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်)
ပညာရေးဆိုင်ရာအသုံးချ သုတေသန နိုင်ငံတကာ ညီလာခံ(၂၀၂၅)ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဇန်နဝါရီလ ၉ ရက်မှ ၁၀ ရက်အထိကျင်းပခဲ့သည်။ ပညာရေးညီလာခံ၏ ဦးတည်ချက်မှာ “ပညာရေး၊ သိပ္ပံနှင့်နည်းပညာစွမ်းပကားဖြင့် ပိုမိုကြွယ်ဝပြည့်စုံသော လူ့ဘောင်အဖွဲ့အစည်း အတွက် အနာဂတ်သို့ညွှန်ပြခြင်း” ဟု သတ်မှတ်ထားကြောင်း သိရှိရသည်။ ပညာရေး၊ သိပ္ပံနှင့်နည်းပညာဟူသည့် ကဏ္ဍသုံးရပ်မှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျက်ရှိသည်။ သုတေသနနှင့်တီထွင် ဆန်းသစ်မှုများဖြင့် ပေါင်းစည်းလိုက်သည့်အခါ လူ့ဘောင်အဖွဲ့အစည်း ကြီးပွားတိုးတက်ရေးကို ဖန်တီးပေးနိုင်မည့် ထိရောက်အားကောင်းသည့် စွမ်းအားတစ်ရပ်ဖြစ်လာပေမည်။
အဆိုပါညီလာခံတွင် နိုင်ငံတကာမှ ဝါရင့်ပညာရှင်များနှင့် ပညာရှင်မျိုးဆက်သစ်များ ပါဝင်ခဲ့ကြပြီးနိုင်ငံပေါင်း ၁၆ နိုင်ငံနှင့်အဖွဲ့အစည်းပေါင်း ၄၅ ခုမှ ပညာရှင် ၆၂ ဦး၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာန ၁၁ ခုနှင့်ပညာရေး အဖွဲ့အစည်းများမှ ပြည်တွင်း၊ ပြည်ပ ပညာရှင် ၄၀ ဦးတို့ တက်ရောက်ခဲ့ကြပြီး စာတမ်းပေါင်း ၁၃၃ စောင်ဖတ်ကြားခဲ့ကြသည်။ မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေးနှင့် တိုင်းပြည်ကောင်းမွန်တိုးတက်စေရေး၊ နိုင်ငံတော်နှင့်ဒေသတွင်းနိုင်ငံများ၏ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး၊ လူမှုစီးပွားဘဝမြင့်မား လာစေရေးတို့အတွက် များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားစဉ် “ပညာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာရေးသည် အရေးကြီးကြောင်း၊ မိမိတို့အစိုးရအနေဖြင့် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင်အထည်ဖော် အားပေးဆောင်ရွက်လျက်ရှိရာတွင် ယခုကျင်းပသည့် ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံကလည်း များစွာအထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
သုတေသနလုပ်ငန်းသည် တစ်စုံတစ်ခုကို ခြေခြေမြစ်မြစ်သိရန် စူးစမ်းရှာဖွေခြင်း ဖြစ်ပေရာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူပြုသည့် လုပ်ငန်းရပ်ဖြစ်သည်။ သုတေသနက ဗဟုသုတ အသစ်များ၊ တွေ့ရှိချက်အသစ်များ၊ တီထွင်ဆန်းသစ်မှုအသစ်များကို ဖော်ထုတ်ပေးနိုင်ပြီး လက်ရှိအယူအဆများကို သက်သေစိုက်ထူ ခိုင်မာစေနိုင်မည်ဖြစ်သည်။ လက်တွေ့ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ ပြဿနာများကို ဖြေရှင်းပေးနိုင်ပြီး ပညာရပ်ဆိုင်ရာ အသိအမြင်များကို ပိုမိုတိုးတက်မြင့်မား လာစေနိုင်သည်။ ထို့ကြောင့် သုတေသနဆိုသည်မှာ ဆန်းသစ်တီထွင်မှုနှင့် တိုးတက်မှုတို့ကို တွန်းအားပေးနိုင်စွမ်းရှိသည့် မောင်းနှင်အား တစ်ရပ်ဖြစ်သည်ဟု ဆိုနိုင်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် စီးပွားရေးဦးတည်ချက် တစ်ရပ်အဖြစ် “တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဟူသောဦးတည်ချက်ကို ချမှတ်ထားသည်။ ခေတ်မီစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုနည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် ခရိုင်အသီးသီးတွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာများကို သင်ကြားပေးနေသည့် အခြေခံပညာ အထက်တန်းကျောင်း၈၅ ကျောင်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါကျောင်းများသို့ KG+9 ပြီးမြောက်အောင်မြင်သူများ တက်ရောက်နိုင်မည် ဖြစ်သည်။ ထိုမှတစ်ဆင့် ထူးချွန်စွာအောင်မြင်ပါက သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များသို့ ဆက်လက် တက်ရောက်နိုင်မည်ဖြစ်သည်။ နိုင်ငံအတွက် ပညာရှင်များစွာ လိုအပ်လျက်ရှိနေဆဲဖြစ်သောကြောင့် အသိပညာရှင်၊ အတတ်ပညာရှင်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး နိုင်ငံတော်က ဆောင်ရွက်ပေးထားခြင်းဖြစ်သည်။ သုတေသန တွေ့ရှိချက်များမှတစ်ဆင့် ထုတ်ကုန်အသစ် ထုတ်လုပ်နိုင်မည့် နည်းပညာအသစ်များကို စက်ရုံလုပ်ငန်းများသို့ အရောက် နည်းပညာလွှဲပြောင်းပေးခြင်းနှင့် သုတေသနတွေ့ရှိချက် အသစ်များကို လိုအပ်သည့် အဖွဲ့အစည်းများထံ အသိပညာဗဟုသုတ မျှဝေပေးခြင်းဖြင့် နိုင်ငံ့စီးပွားသည် အချိန်တိုအတွင်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ ပညာရေး၊ သိပ္ပံနှင့်နည်းပညာများ၏ စွမ်းပကားနှင့် နောင်လာနောက်သား မျိုးဆက်တို့အတွက် ရေရှည်တည်တံ့ခိုင်မြဲ တိုးတက်ကောင်းမွန်သည့် အနာဂတ်ကို လက်ဆင့်ကမ်းပြီး နိုင်ငံ့အကျိုး၊ ဒေသအကျိုး ထမ်းရွက်ကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။