၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်း အစည်းအဝေးကျင်းပ
နေပြည်တော် ဇန်နဝါရီ ၁၀
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I)၌ ကျင်းပမည်ဖြစ်ရာ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)အတွင်းရေးမှူး ဦးမြင့်အောင်၊ ဒေါ်ဆွေဇင်ထိုက်နှင့် ဆပ်ကော်မတီမှ တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။
ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လျာထားသတ်မှတ်ပေးထားသည့် လုပ်ငန်းတာဝန်များမှာ အတိုင်းအတာတစ်ခုအထိ ပြီးစီးနေပြီဖြစ်ပြီး ကျန်ရှိသည်များ
လစ်ဟာမှုမရှိစေရေး လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က ယခင်နှစ်က အတွေ့အကြုံရှိပြီးဖြစ်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ဆပ်ကော်မတီဥက္ကဋ္ဌများက ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
တင်ပြချက်များအပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။