မှန်ကန်သည့်ကြိုးစားအားထုတ်မှုဖြင့် တာဝန်ထမ်းဆောင်

 

မှန်ကန်သည့်ကြိုးစားအားထုတ်မှုဖြင့် တာဝန်ထမ်းဆောင်

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၅  ခုနှစ်၊ ဇန်နဝါရီ  ၁၂  ရက်)

     မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကို  ကျင့်သုံးသည်။  ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက် ဆက်ဆံရေးကိုရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည်  နိုင်ငံအားလုံးနှင့်ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ရှေးရှုကာ နိုင်ငံအားလုံးနီးပါးနှင့် သံတမန်ဆက်ဆံလျက်ရှိသည်။ 

ပြည်ပသံရုံးများတွင်တာဝန် ထမ်းဆောင်ကြသူများအနေဖြင့် သံတမန်ရေးရာဆိုင်ရာ ဆက်ဆံရေးသာမက အခြားကဏ္ဍများ၌လည်း အောင်မြင်အောင် ဆောင်ရွက်နိုင်ကြရမည်ဖြစ်သည်။  နှစ်နိုင်ငံအကြား အကျိုးတူစီးပွားရေး လုပ်ငန်းများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ကြရမည်ဖြစ်သည်။

ထိုသို့ဆောင်ရွက်နိုင်ပါက   ကူးလူးဆက်ဆံမှုများ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ အတွက် အကျိုးစီးပွားကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သကဲ့သို့  နိုင်ငံ့စီးပွားကိုလည်း   မြှင့်တင်နိုင်မည်ဖြစ်သည်။  

နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်မှု အခြေခံအုတ်မြစ်သည်    လူသားအရင်းအမြစ်များ ဖြစ်သည့်အတွက်  သံတမန်ဝန်ထမ်းများကလည်း  မိမိတို့၏ကျွမ်းကျင်မှု အရည်အချင်းများဖြင့်  နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်သည်။  သံတမန်ဝန်ထမ်းများသည်  တာဝန်များကို ထမ်းဆောင်ရာတွင် မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နေထိုင်ခြင်း၊ လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ခြင်း၊ ဆက်ဆံရေး ကောင်းမွန်ခြင်းတို့ဖြင့် မိမိတို့နိုင်ငံ၏ ဂုဏ်ကိုလည်း မြှင့်တင်ဆောင်ရွက် သွားကြရမည်ဖြစ်သည်။

သံတမန်များသည် နိုင်ငံတော်ယန္တရား တစ်ခုလုံးကို  ကောင်းမွန်စွာသက်ဝင် လှုပ်ရှားစေရန် ဆောင်ရွက်နေသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များ၊ အစိုးရအဖွဲ့များ မည်သို့ပင် ပြောင်းလဲစေကာမူ   နိုင်ငံ့ဝန်ထမ်းများသည်    နိုင်ငံတော်ယန္တရား စဉ်ဆက်မပြတ်သက်ဝင် လှုပ်ရှားစေရန် ဆောင်ရွက်နေကြရမည့် သူများဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့်  နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏  အကျိုးစီးပွားကို အလေးထား၍ ဆောင်ရွက်ခြင်းများ လိုက်နာကျင့်ဆောင်ကြရမည်ဖြစ်သည်။

ထို့ပြင် မိမိအားပေးအပ်ထားသော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ခြင်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေအရသတ်မှတ်ထားသော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ဝန်ထမ်းအဖွဲ့အစည်းအလိုက်   သီးခြားသတ်မှတ်ထားသော လုပ်ငန်းခွင်စည်းကမ်းများကို  လိုက်နာခြင်းများ ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ပြင် အဓိကအချက် တစ်ခုဖြစ်သည့် ပါတီနိုင်ငံရေး ကင်းရှင်းခြင်းကို တိကျစွာလိုက်နာကြရမည်ဖြစ်သည်။ ပါတီနိုင်ငံရေးနှင့် ပတ်သက်၍ စိတ်ခံစားမှုအလိုကို ဦးစားပေးပြီး လုပ်ငန်းခွင်ပျက်ကွက်ခြင်းမျိုးသည် မိမိတို့၏အနာဂတ်ကို ဖျက်ဆီးခြင်းဖြစ်သည့်အတွက် ပါတီနိုင်ငံရေး ကင်းရှင်းခြင်းသည် ဝန်ထမ်းတိုင်းအတွက် တိတိကျကျ လိုက်နာရမည့်အချက်ဖြစ်သည်။ ပို၍လေးနက်စေရန်  နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆ (က)တွင် “နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်” ဟူ၍  တိကျစွာပြဋ္ဌာန်းထားသည်။

မြန်မာသံရုံး၊    မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးနှင့်  မြန်မာကောင်စစ်ဝန်ချုပ် ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဇန်နဝါရီလ  ၇ ရက်တွင်  တွေ့ဆုံအမှာစကားပြောကြားစဉ် “သံတမန်ဝန်ထမ်းတစ်ဦးအတွက် အရေးကြီးဆုံးတာဝန်မှာ နိုင်ငံတော်နှင့်လူမျိုးအပေါ် သစ္စာစောင့်သိရိုသေရန် မှာကြားလိုကြောင်း၊ သံတမန်တစ်ဦးသည်   အရည်အသွေး၊ အရည်အချင်းများနှင့် ပြည့်စုံပြီး ဆင်ခြင်တုံတရားရှိရှိ ဆောင်ရွက်နိုင်မှသာ မိမိကိုယ်မိမိတန်ဖိုးမြှင့်တင် နိုင်မည်ဖြစ်ကြောင်း၊ သွားရောက်တာဝန် ထမ်းဆောင်မည့်နိုင်ငံ အကြောင်းကို   ကြိုတင်လေ့လာသွားရန် လိုအပ်ပြီး ထိုသို့သိရှိမှသာ တာဝန်ထမ်းဆောင်မှုတွင် အဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

သံတမန်ဝန်ထမ်းများ အနေဖြင့်   တာဝန်ထမ်းဆောင်ရာ၌    နိုင်ငံတကာတွင် ဖြစ်ပေါ်ပြောင်းလဲနေမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်နေရမည်ဖြစ်သည်။ ထို့ပြင်  မိမိနိုင်ငံ၏အကျိုးဖြစ်ထွန်းအောင်၊ နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းအောင်၊ ဆက်ဆံရေး တိုးတက်အောင် ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်နေကြရမည်ဖြစ်သည်။ သံတမန်တစ်ဦးအနေဖြင့် သံခင်းတမန်ခင်း ကျွမ်းကျင်မှုအပြင်  ညှိနှိုင်းဆွေးနွေးမှု၊  နည်းနာကျွမ်းကျင်မှုနှင့် ဘာသာစကားများ ကျွမ်းကျင်မှုတို့ရှိနေရမည်ဖြစ်သည်။ တာဝန်ထမ်းဆောင်ရာတွင် အကျင့်စာရိတ္တ ပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာပြုမူနေထိုင်ခြင်းတို့မှ ရှောင်ကြဉ်ကြရမည့်အပြင် လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းကိုလည်း ရှောင်ကြဉ်ကြရမည်ဖြစ်သည်။ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှု ရှိနေကြရမည်ဖြစ်သည်။ နိုင်ငံတော်နှင့်ပြည်သူများအတွက်  တာဝန်ထမ်းဆောင်ကြရာတွင် နိုင်ငံ့ဝန်ထမ်းကောင်း ပီသစွာ မှန်ကန်သည့်ကြိုးစား အားထုတ်မှုဖြင့် ကြိုးစားထမ်းဆောင် ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။