Naypyitaw State Polytechnic University ၌ အခြေခံဆန်းသစ် တီထွင်မှု ပြိုင်ပွဲကျင်းပ

 

 

Naypyitaw State Polytechnic University ၌ အခြေခံဆန်းသစ် တီထွင်မှု ပြိုင်ပွဲကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၁၁

    ပဉ္စမအကြိမ်မြောက် အာဆီယံ-အိန္ဒိယ အခြေခံဆန်းသစ် တီထွင်မှုဆိုင်ရာဖိုရမ်၏ Innovation Project Competition တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်၍ ကျောင်းသားလူငယ်များ၏  ပြည်တွင်းအဆင့် အခြေခံဆန်းသစ်တီထွင်မှုပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်ရှိ Naypyitaw State Polytechnic University ၌ကျင်းပသည်။

ဦးစွာ  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်  နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး  Naypyitaw  State  Poly-technic University ဒုတိယပါမောက္ခချုပ်က ပြိုင်ပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းသည်။

ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် တာဝန်ရှိသူများသည် တက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများနှင့်  အစိုးရနည်းပညာ အထက်တန်းကျောင်းတို့မှ  ကျောင်းသား၊  ကျောင်းသူများ၏ ဆန်းသစ်တီထွင်မှု ပရောဂျက်များ ယှဉ်ပြိုင်နေမှုကိုကြည့်ရှု အားပေးကြသည်။

ယနေ့ကျင်းပသည့်ပြိုင်ပွဲတွင်   ပါဝင်ယှဉ်ပြိုင်နိုင်ရန် တက္ကသိုလ်ကိုးခုမှ ပရောဂျက် ၄၈ ခု၊ အစိုးရစက်မှု၊ လက်မှုသိပ္ပံကျောင်းသုံးခုမှ ပရောဂျက်လေးခု၊ အစိုးရနည်းပညာ အထက်တန်းကျောင်းနှစ်ကျောင်းမှ ပရောဂျက်နှစ်ခု  ပရောဂျက်စုစုပေါင်း ၅၄ ခု တင်သွင်းခဲ့သော်လည်း အဖွဲ့ဖြင့်ပဏာမ စိစစ်ရွေးချယ်ခဲ့ရာ တက္ကသိုလ်ရှစ်ခုမှ ပရောဂျက် ၁၆ ခု၊ အစိုးရစက်မှုလက်မှု သိပ္ပံသုံးခုမှ  ပရောဂျက်လေးခုနှင့်  အစိုးရ နည်းပညာ   အထက်တန်းကျောင်းတစ်ကျောင်းမှ ပရောဂျက်တစ်ခု စုစုပေါင်းပရောဂျက် ၂၁ ခုပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။

အဆိုပါပရောဂျက် ၂၁ ခုမှ ပဉ္စမအကြိမ်မြောက် အာဆီယံ-အိန္ဒိယအခြေခံဆန်းသစ် တီထွင်မှုဆိုင်ရာဖိုရမ်တွင်     မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန်  အဖွဲ့ ငါးဖွဲ့ကို ယနေ့ရွေးချယ်ဆု ချီးမြှင့်ကြပြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။