ဒေသဖွံ့ဖြိုးတိုးတက်ရေး အားသွန်ခွန်စိုက်ကြိုးပမ်း
အယ်ဒီတာ့အာဘော်
(၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အစဉ်ရှေးရှုလျက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများမှာ တိုင်းရင်းသားပြည်သူတို့၏ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်လာသော လုပ်ငန်းများဖြစ်သည်။ ထိုလုပ်ငန်းများသည် မြန်မာတို့၏မိရိုးဖလာ လုပ်ငန်းများဟု ဆိုနိုင်သကဲ့သို့ လူသားတို့အသက်ရှင်သန် ရပ်တည်ရေးအတွက် မရှိမဖြစ်လုပ်ငန်းများဖြစ်သည်။ ထို့အတူ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အကြီးအကဲသည် ၂၀၂၄ ခုနှစ်အတွင်း မိတ္ထီလာဒေသသို့ ရောက်ရှိစဉ် မိတ္ထီလာခရိုင်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်သင့်သည်များနှင့် ဆောင်ရွက်နိုင်သည်များကို အကြံပြုတိုက်တွန်း ပြောကြားခဲ့ပြီးဖြစ်သည်။ ဒေသတစ်ခုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသတွင်နေထိုင်သူများ၏ ကြိုးပမ်းဆောင်ရွက်မှုအပေါ် အဓိကမူတည်သည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ဇန်နဝါရီလ ၁၀ ရက်တွင် မိတ္ထီလာခရိုင်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များကို တွေ့ဆုံ၍ အမှာစကားပြောကြားစဉ် “ မိတ္ထီလာခရိုင်အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ပြင် မိတ္ထီလာခရိုင်အတွင်းဒေသတွင်း စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ စိမ်းလန်းစိုပြည်ရေးအတွက် အဓိကကျသည့် ရေရရှိရေးတွင် မိုးရေ၊ မြေအောက်ရေ၊ ဆည်ရေ၊ မြစ်ရေ၊ ချောင်းရေဟူ၍ရှိပြီး မိတ္ထီလာဒေသနှင့် ကိုက်ညီသည့်ရေ ရရှိရေးနည်းလမ်းများကို ရှာဖွေဆောင်ရွက်ရန် လိုကြောင်း၊ ဒေသ၌သာယာလှပမှုနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှု၊ အေးချမ်းစိုပြည်မှုတို့ ရှိမည်ဆိုပါက ဒေသတွင်းသို့လာရောက် လည်ပတ်သူများလည်း များပြားလာမည် ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
စိုက်ပျိုးရေးလုပ်ငန်းတွင် ပန်းတိုင်ရည်မှန်းချက် ပေးထားခြင်းသည် အမှန်တကယ် ထွက်ရှိနိုင်မှုအပေါ် အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်သည်။ မျိုး၊ မြေ၊ ရေနှင့်စိုက်နည်းစနစ်များအပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားခြင်းဖြစ်သဖြင့် သီးနှံထွက်ရှိမှုပန်းတိုင် ရည်မှန်းချက်မပြည့်မီခြင်းအပေါ် သုံးသပ်ဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးနှင့် ပတ်သက်၍ နည်းလမ်းလေးသွယ်ရှိပြီး မျိုးများကောင်းမွန်ရန်၊ မြေပြုပြင်ခြင်းနှင့် သွင်းအားစုများ မှန်မှန်ကန်ကန်ထည့်သွင်းရန်၊ စိုက်ပျိုးရေ လုံလောက်စွာ ရရှိရန်နှင့် စိုက်နည်းစနစ်များမှန်ကန်မှုရှိရန်တို့ပင်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးလာမှုနှင့်အတူ မွေးမြူရေး လုပ်ငန်းများသည်လည်း တိုးတက်လာမည်ဖြစ်ကာ ဒေသ၏လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
မိတ္ထီလာခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသော စိုက်ပျိုးရေး ထွက်ကုန်များဖြင့် တိရစ္ဆာန်အစာစပ်စက်ရုံကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဒေသအတွင်း အသားထုတ်လုပ်မှုများကို ယခုထက် တိုးတက်အောင်မြင်အောင် ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံအတွင်း အသားထုတ်လုပ်မှု၏ ဗဟိုချက်ဖြစ်လာနိုင်သည်။ အသားစို၊ အသားခြောက်၊ အေးခဲအသားနှင့်သားရေတို့ကို နိုင်ငံအနှံ့အပြားသို့ လျင်မြန်စွာပို့ဆောင်ရောင်းချနိုင်မည့် နိုင်ငံ၏ဗဟိုချက် နေရာဖြစ်သည့်အတွက် မွေးမြူရေးလုပ်ငန်းများ အောင်မြင်ခြင်းဖြင့် သားရေထည်လုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ပြင် သားရေဖြင့်ပြုလုပ်သည့် အဝတ်အထည်များ၊ အိတ်များ၊ ဖိနပ်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများသည် ဈေးကွက်ဝင်ပစ္စည်းများ ဖြစ်သည့်အတွက် မွေးမြူရေးကို အောင်မြင်သည်နှင့်အတူ အခြားဆက်စပ်လုပ်ငန်းများကိုလည်း အောင်မြင်စေနိုင်မည်ဖြစ်သည်။
မိတ္ထီလာဒေသတွင် ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းနှင့်အတူ ဒေသအတွင်း စိမ်းလန်းစိုပြည်သာယာနေအောင် ဆောင်ရွက်ပါက ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များလာရောက်ပြီး ဒေသခံတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုမည်ဖြစ်သည်။
မိတ္ထီလာဒေသတွင် စိုက်ပျိုးဖြစ်ထွန်းသည့် ကြက်သွန်နှင့်ငရုတ်တို့မှာ ပြည်တွင်း၊ ပြည်ပဈေးကွက်လိုအပ်ချက်ရှိသည့် သီးနှံများဖြစ်သည့်အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ် ရောင်းချနိုင်ရေးကိုကြိုးစားခြင်းဖြင့် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။ ပြည်ပသို့တင်ပို့ ရောင်းချခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူများစွာပြုမည်ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ပိုမိုအောင်မြင်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။