မြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး(၁/၂၀၂၅)သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်

 

မြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး(၁/၂၀၂၅)သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်

 

ရန်ကုန်   ဇန်နဝါရီ    ၁၂

    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင်    ရန်ကုန်မြို့ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပသော မြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး(၁/၂၀၂၅)သို့ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆေးကောင်စီ၏   လက်ရှိ အလုပ်အမှုဆောင်အဖွဲ့အနေဖြင့်   ဒုတိယလေးနှစ်တာသက်တမ်း   ကုန်ဆုံးတော့မည်ဖြစ်သဖြင့်   မကြာမီကာလအတွင်း တတိယလေးနှစ်တာကာလ    အလုပ်အမှုဆောင်အဖွဲ့ဝင် အသစ်များ ရွေးချယ် သွားရမည်ဖြစ်ရာ မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေနှင့်အညီ မိမိတို့ဆေးပညာရပ်ပိုင်းဆိုင်ရာ အကျိုးအတွက် ကျေပွန်စွာတာဝန် ထမ်းဆောင်နိုင်မည့် ပုဂ္ဂိုလ်များကို သေချာစွာရွေးချယ် သွားကြရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့်     ဆရာဝန်ကျင့်ဝတ် သိက္ခာနှင့် စည်းကမ်းများလိုက်နာ စောင့်ထိန်းရေးကို ကြပ်မတ်ထိန်းသိမ်းပေးရန်အတွက် အရေးကြီးသော အဖွဲ့အစည်းကြီးဖြစ်ပြီး ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍကို မှန်ကန်စွာ    ဖွံ့ဖြိုးတိုးတက်စေရေးသည် အဓိကကဏ္ဍမှ ပါဝင်နေကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာခင်မောင်အေးကမြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့၏ ဒုတိယလေးနှစ်တာကာလအတွင်း   ဆောင်ရွက်ထားရှိမှုနှင့် တတိယလေးနှစ်ကာလအတွက် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ရန်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။         

ယင်းနောက် မြန်မာနိုင်ငံဆေးကောင်စီ နာယက ဒေါက်တာအက်စ်ကျော်လှနှင့် တက်ရောက်လာကြသည့် အလုပ်အမှုဆောင် အဖွဲ့ဝင်များက လုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် နာယက အဖွဲ့ဝင်များက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ပေးခဲ့ကြောင်း သတင်းရရှိသည်။