ရှေးဟောင်းဝတ္ထုပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်
အယ်ဒီတာ့အာဘော်
(၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်)
ရှေးဟောင်းဝတ္ထုပစ္စည်းများသည် သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်းပြသနိုင်သည့် အသုံးပြုမှု၊ အနုပညာလက်ရာမြောက်မှု၊ ရှားပါးမှု၊ သမိုင်းဆိုင်ရာ တန်ဖိုးရှိမှုများရှိပြီး နှစ်ပေါင်း ၁၀၀ နှင့်အထက်သက်တမ်းရှိပါက ရှေးဟောင်းဝတ္ထုပစ္စည်းဟု သတ်မှတ်ထားသည်။ နိုင်ငံတော်သီချင်းတွင် ဖော်ပြထားသကဲ့သို့ ဘိုးဘွားအမွေအနှစ်မို့ချစ်မြတ်နိုးရမည်၊ ထိန်းသိမ်းရမည်မှာ မျိုးဆက်သစ်တို့ တာဝန်ဖြစ်သည်။ ရှေးယခင်ဘိုးဘေးဘီဘင်များ လက်ထက်ပြုလုပ်သုံးစွဲခဲ့ကြသည့် ဝတ္ထုပစ္စည်းများသည် နောင်အနာဂတ် မျိုးဆက်သစ်များအတွက် ဆက်လက်လက်ဆင့်ကမ်း ထိန်းသိမ်းရမည့် ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုသမိုင်းကြောင်း ခိုင်ခိုင်မာမာပြည့်ပြည့်စုံစုံ ရှိသည့်နိုင်ငံဖြစ်သည်ဟု ဂုဏ်ယူနေရခြင်းမှာ ဘိုးဘွားတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကြောင့်ဖြစ်သည်။ ထိုပစ္စည်းများသည် နိုင်ငံ၏ယဉ်ကျေးမှုတန်ဖိုးနှင့် ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားမှုကို ဖော်ညွှန်းပြသနေသည့် ဝတ္ထုပစ္စည်းများဖြစ်သည်။
ထိုရှေးဟောင်း အမွေအနှစ်ပစ္စည်းများကို ရှေးဟောင်းဒေသနှင့် ဆက်စပ်လျက်ရှိသည့်နေရာများ၌ သုတေသနပြုလေ့လာခြင်းဖြင့် တွေ့ရှိနိုင်သကဲ့သို့ ထွန်ယက်စိုက်ပျိုးခြင်း၊ ကျင်းတူးခြင်း စသည့်လုပ်ငန်းများဆောင်ရွက်စဉ် မတော်တဆတွေ့ရသည်။ ထိုသို့မတော်တဆ တွေ့ရှိသည့်အခါ ရှေးဟောင်းဝတ္ထုပစ္စည်းဖြစ်သည်ကို မသိနားမလည်ကြသူများက တွေ့ရှိပစ္စည်းများသည် ရွှေထည်များ၊ ရွှေထည်ကဲ့သို့ တန်ဖိုးရှိသည့် ပစ္စည်းများဖြစ်လျှင် ချက်ချင်းထုခွဲရောင်းချလေ့ရှိသည်။ ထိုကဲ့သို့ မသိနားမလည်မှုဖြင့် လုပ်ဆောင်ချက်များသည်ရှေးဟောင်းဝတ္ထုပစ္စည်းနှင့်သက်ဆိုင်သည့် ဥပဒေကို ချိုးဖောက်ကျူးလွန်ခြင်းဖြစ်သည်။ ဥပဒေကိုချိုးဖောက်မိသည်နှင့် တစ်နေ့နေ့တွင် ဥပဒေအရအရေးယူခြင်း ခံကြရမည်ဖြစ်သည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများကို နိုင်ငံတော်သို့အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်ထားပြီးဖြစ်သည်။ ထို့ပြင် သတင်းမီဒီယာများတွင်လည်း ဤအကြောင်းအရာနှင့် ပတ်သက်၍ ပြည့်ပြည့်စုံစုံ သိရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။
သတင်းပေးပို့ အကြောင်းကြားခြင်းအားဖြင့် တွေ့ရှိသူအတွက် အကျိုးကျေးဇူး များစွာရှိသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများ အဓွန့်ရှည်တည်တံ့စေရန်၊ ပျက်စီးယိုယွင်း ပျောက်ဆုံးခြင်းများမှ ကာကွယ်နိုင်ရန်၊ ပြည်သူများက ရှေးဟောင်းဝတ္ထုပစ္စည်းများ၏ တန်ဖိုးမြင့်မားမှုကိုနားလည်၍ တာဝန်သိစိတ်ဖြင့် ကာကွယ်ထိန်းသိမ်း နိုင်စေရန်တို့အတွက် ၂၀၁၅ ခုနှစ်တွင် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာရှိ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှ တူးဖော်ရရှိသည့်ရှေးဟောင်း ရွှေထည်ပစ္စည်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်း မရှိဘဲ ထုခွဲရောင်းချခဲ့သူများကို ဖော်ထုတ်ဖမ်းဆီး အရေးယူသည့်သတင်းအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်ထုတ် သတင်းစာများတွင်ဖော်ပြထားသည်။ အထက်ပါပြစ်မှုဖြစ်စဉ်ကို လေ့လာကြည့်လျှင် ပြစ်မှုကျူးလွန်သူတို့သည် မိမိတို့ကိုယ်ကျိုးအတ္တကိုသာ ရှေးရှုပြီး ရှေးဟောင်းဝတ္ထုပစ္စည်းများကို ထုခွဲ၍ ပြင်ပသို့ ရောင်းချခဲ့သည်။ အမှန်တကယ်အားဖြင့် အဆိုပါရှေးဟောင်း ဝတ္ထုပစ္စည်းများကို နိုင်ငံတော်သို့ပြန်လည် အပ်နှံပါက လွှဲပြောင်းအပ်နှံသူအား အကျိုးခံစားခွင့်ရှိသူအဖြစ် သတ်မှတ်၍ အပ်နှံသည့်ဝတ္ထုပစ္စည်း၏ မူလတန်ဖိုး၊ ခေတ်ကာလတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုးအပြင် ရှားပါး၍ အနုလက်ရာပြောင်မြောက်သည့် ဝတ္ထုပစ္စည်းများဖြစ်ပါက ထပ်ဆောင်းတန်ဖိုးကိုပါ ထပ်တိုးတွက်ချက်ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ၊ အသိအမှတ်ဂုဏ်ပြုလွှာများကို ထိုက်တန်စွာ ပေးအပ်လျက်ရှိသည်။
အဆိုပါပေးအပ်ခဲ့သည့် သတင်းများကိုလည်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြပေးလျက်ရှိသည်။ ၂၀၀၅ ခုနှစ်က မိုင်းမောပျူမြို့ဟောင်းမှ ရွှေဖြင့်ပြုလုပ်ထားသည့် ပျူခေတ်ဘုရားဆင်းတုနှင့် စေတီငယ်များကို နွားကျောင်းသားတစ်ဦးက အမှတ်မထင်ရရှိခဲ့ပြီး နိုင်ငံတော်သို့ အပ်နှံခဲ့သည့်အတွက် ၎င်းအားနေ့စဉ်ပေါက်ဈေးဖြင့် တွက်ချက်သော မူလတန်ဖိုးအပြင် လက်ရာနှင့်ခေတ်ကာလကြေးပါ ထည့်သွင်းတွက်ချက်၍ သိန်း ၁၅၀ ကျော် ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။ အဆိုပါတာဝန်သိသိ အပ်နှံသူများအား ထိုက်တန်စွာချီးမြှင့်ပေးအပ်လျက်ရှိသည့် သတင်းများစွာရှိပေရာ ပြည်သူများအနေဖြင့် တာဝန်သိစွာအပ်နှံခြင်းဖြင့် နိုင်ငံတော်၏ ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်ခြင်းကို ရယူကြရန်ဖြစ်သည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများကို အကြောင်းတစ်စုံတစ်ရာကြောင့် မတော်တဆ တွေ့ရှိခဲ့ပါက နိုင်ငံတော်သို့ အပ်နှံခြင်းသည် အကျိုးကျေးဇူးများစွာရရှိစေသည်။ သို့မဟုတ်ဘဲ ပြည်ပသို့သယ်ယူခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ရှေးဟောင်းဝတ္ထုပစ္စည်းများကို တူးဖော်ရှာဖွေခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် တွေ့ရှိသည့်ရှေးဟောင်းဝတ္ထုပစ္စည်းများကို အပ်နှံခြင်းမပြုဘဲ အရည်ကျိုခြင်း၊ ထုနှက်ပုံဖျက်ခြင်း စသည့်မူလပုံစံပျက်ယွင်းစေခြင်းများပြုလုပ်ပါက ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၆၊ ပုဒ်မ ၁၇၊ပုဒ်မ ၁၈ အရ ထောင်ဒဏ်နှင့်ငွေဒဏ်များ ချမှတ်ခံရမည်ဖြစ်ပြီး ပစ္စည်းများကိုပါ နိုင်ငံတော်က သိမ်းဆည်းမည်ဖြစ်သည်။ နိုင်ငံတော်သို့အပ်နှံခြင်းဖြင့် မိမိတို့၏အမွေအနှစ်များ မပျောက်ပျက်အောင် ဆောင်ရွက်ရာလည်း ရောက်သကဲ့သို့ မိမိတို့၏ အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာရှိသူများ ဖြစ်လာကြပါမည်။ မိမိတို့တိုင်းပြည်၏ တန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှု အမွေအနှစ်များကို ပြည်သူများကလည်း ပူးပေါင်းထိန်းသိမ်း စောင့်ရှောက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။