ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်ရေး

 

ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်ရေး

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၅  ခုနှစ်၊ ဇန်နဝါရီ  ၁၆  ရက်)

     မြန်မာနိုင်ငံသည်   စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်နှင့်အညီ   နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရေးတို့အတွက်  ခေတ်မီစိုက်ပျိုး မွေးမြူရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားရေးကို  အဓိကဦးတည် ဆောင်ရွက်နေခြင်းမှာ နိုင်ငံ့စီးပွားရေးပိုမို တိုးတက်ကောင်းမွန်စေရေးကို ရည်ရွယ်ခြင်းဖြစ်သည်။

နိုင်ငံတော်၏စီးပွားရေး ရည်မှန်းချက်များ အောင်မြင်စေရန် နိုင်ငံအတွင်းရှိ ရေမြေသဘာဝနှင့်လူသား အရင်းအမြစ်များကို ထိရောက်စွာ အသုံးချနိုင်ရမည်ဖြစ်သည်။ စိုက်ပျိုးရေးတွင်  မျိုးကောင်းမျိုးသန့် ရွေးချယ်သုံးစွဲခြင်း၊ မြေကိုအကောင်းမွန်ဆုံး ဖြစ်အောင်ပြုပြင်ခြင်း၊ စိုက်ပျိုးရေရရှိရေးကို  နည်းလမ်းမျိုးစုံသုံး၍ရှာဖွေခြင်း၊ နည်းပညာအထောက်အကူ ရရှိအောင်ဆောင်ရွက်ခြင်းတို့ဖြင့်  စိုက်ပျိုးရေး လုပ်ငန်းများကို  ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် လုပ်ဆောင်နိုင်ကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီလ ၁၁ ရက်က ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာစကား ပြောကြားစဉ် “MSME လုပ်ငန်းများနှင့် ပတ်သက်၍ အဓိကအားဖြင့် မူဝါဒများချမှတ်ထားပြီး ကုန်ပစ္စည်းတစ်ခု ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းပစ္စည်းများလိုအပ်ချက်မှာ အဓိကအရေးကြီး လိုအပ်ချက်ဖြစ်သဖြင့် ဒေသတွင်းကုန်ကြမ်းများ လုံလောက်စွာ ထွက်ရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပြင်ဦးလွင်ဒေသအနေဖြင့် ဒေသမှထွက်ရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဂျုံထွက်ပစ္စည်းများ၊ အသီးအနှံများမှ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိကြောင်း၊ ဈေးကွက်လေ့လာဆန်းစစ်ချက်အရ လူအများကြိုက်နှစ်သက်သည့် ပစ္စည်းများကို အရေအတွက်များများဖြင့်  အရည်အသွေးပြည့်မီစွာထုတ်လုပ်နိုင်မည် ဆိုပါက ပြည်ပသို့ပါတင်ပို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

MSME ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရန် နည်းပညာ၊ ထုတ်လုပ်သည့် စက်ပစ္စည်းများနှင့်  ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ လိုအပ်သည်။  ပြင်ဦးလွင်မြို့မှ ထွက်ရှိသည့် နို့ထွက်ပစ္စည်းများသည် အဆင့်အတန်း တစ်ခုတွင်ရှိနေသည်ဖြစ်၍ လက်ရှိထုတ်လုပ်နေသည့် ထုတ်ကုန်များအပြင် အခြားနို့ထွက်ပစ္စည်းသုံး စားသောက်ကုန် အမယ်သစ်များကို ဆက်လက်ထုတ်လုပ်နိုင်မည်ဆိုပါက ယခုထက်ပိုမို အောင်မြင်တိုးတက်လာနိုင်မည်ဖြစ်သည်။ စားသောက်ကုန် လုပ်ငန်းတွင်ပါဝင်သည့် ဝိုင်ထုတ်လုပ်ခြင်း လုပ်ငန်းကိုဆောင်ရွက်ရာတွင်လည်း အဆင့်မြင့်ဝိုင် ထုတ်လုပ်ခြင်းများကို ဆောင်ရွက်နိုင်ပါက ဈေးကွက်ပိုမိုရရှိနိုင်မည်ဖြစ်သည်။

ပြင်ဦးလွင်မြို့မှထွက်ရှိသည့် ကော်ဖီသည်လည်း အရည်အသွေးကောင်းမွန်ပြီး  ဈေးကွက်ရရှိထားပြီး ဖြစ်သည်။ ကော်ဖီစိုက်ပျိုးခြင်းမှာ  အရိပ်ရအပင်များကိုပါ  ထည့်သွင်းစိုက်ပျိုးရသည်ဖြစ်၍ Green Economy ကိုဖော်ဆောင်နေခြင်းပင်ဖြစ်သည်။ ပြင်ဦးလွင်ခရိုင်တွင်  သစ်တောဖုံးလွှမ်းမှု အနေဖြင့် ၁၈ ဒသမ ၈၇ ရာခိုင်နှုန်းရှိပြီး စိမ်းလန်းစိုပြည်မှုရှိသည့် ဒေသဖြစ်သည်။ စိုက်ပျိုးမြေများပေါ်တွင် စိုက်ပျိုးရေးနှင့် မသက်ဆိုင်သည့်လုပ်ငန်းများ  ဆောင်ရွက်ခြင်းမရှိစေရန်  စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးရမည်ဖြစ်သည်။ အထူးသဖြင့်  အိမ်ရာများ ဆောက်လုပ်ခြင်းနှင့် အဆောက်အအုံဆောက်လုပ်ရန် ခြံကွက်များပြုလုပ်ထားခြင်း မရှိစေရေးကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

ပြင်ဦးလွင်မြို့သည် အအေးပိုင်းဒေသဖြစ်သဖြင့် ဂျုံသီးနှံများ စိုက်ပျိုးမည်ဆိုပါက ဖြစ်ထွန်းအောင်မြင်နိုင်မည်ဖြစ်သည်။ MSME ကုန်ထုတ်လုပ်ငန်းများတွင် ၆၅ ရာခိုင်နှုန်းခန့်သည် စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းများဖြစ်သည်။  အခြားလူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု၊  စက်ပစ္စည်းထုတ်လုပ်မှုနှင့်  အခြား ကုန်ထုတ်လုပ်မှု လုပ်ငန်းများမှာ ရာခိုင်နှုန်းအားဖြင့် နည်းပါးလျက်ရှိသည်။ စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အဓိကအားဖြင့် ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မှသာ ကုန်ကြမ်းပစ္စည်းများ လုံလောက်စွာရရှိနိုင်မည်ဖြစ်သည်။

ထို့အတူ  ပြင်ဦးလွင်မြို့တွင်  မွေးမြူရေးလုပ်ငန်းများ အောင်မြင်တိုးတက်အောင် ဆောင်ရွက်ပြီး အေးခဲအသား ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးကိုပိုမို ဖွံ့ဖြိုးအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများကို  တိုးချဲ့လုပ်ကိုင် ဆောင်ရွက်လာနိုင်သည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများလည်း  ပေါများလာမည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ အသေးစား၊  အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာအောင် ဆောင်ရွက်နိုင်သည်နှင့်အမျှ  ပြည်ပမှမှာယူတင်သွင်း နေရမှုများ လျော့နည်းလာမည်ဖြစ်သည်။ လုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ပါ ထိုးဖောက်နိုင်သည်အထိ ကြိုးစားကြရမည်ဖြစ်သည်။ သို့မှသာ နိုင်ငံတော်က ဦးတည်ချမှတ်ထားသော “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကိုအားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” မှာ ပိုမိုအောင်မြင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။