ဆေးဆိုင်များ၌ စံမညီဆေးဝါးများ သက်တမ်းကုန် ဆေးဝါးများ စပ်ဆေးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

 

ဆေးဆိုင်များ၌ စံမညီဆေးဝါးများ သက်တမ်းကုန် ဆေးဝါးများ စပ်ဆေးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

 

မိတ္ထီလာ   ဇန်နဝါရီ   ၁၅

    မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ ဆေးဝါးထားသိုမှုနှင့်   ဖြန့်ဖြူးရောင်းချစနစ်များ၊ စံမညီဆေးဝါးများ၊ သက်တမ်းကုန်ဆေးဝါးများ၊ စပ်ဆေးများ ရောင်းချခြင်းရှိ/မရှိနှင့် သတ်မှတ်ချက်များ ကိုက်ညီမှုရှိ/မရှိ   အခြေအနေများကို  ဇန်နဝါရီလ ၁၄  ရက်က တာဝန်ရှိသူများ  ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

 မိတ္ထီလာခရိုင်  စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး၏   ညွှန်ကြားမှုဖြင့် စစ်ဆေးရေးအရာရှိ    ဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေး အဖွဲ့သည်     အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊   မြို့နယ်ပြည်သူ့ ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍  မိတ္ထီလာမြို့နယ်ရှိ  ဆေးဆိုင်များကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဖြစ်ပြီး ထိုသို့စစ်ဆေးရာတွင် ဆေးဝါးထားသိုမှုနှင့်   ဖြန့်ဖြူးရောင်းချစနစ်များ၊   စံမညီဆေးဝါးများ၊   သက်တမ်းကုန်ဆေးဝါးများ၊ စပ်ဆေးများရောင်းချခြင်း ရှိ/မရှိနှင့် သတ်မှတ်ချက်များ   ကိုက်ညီမှုရှိ/မရှိ စစ်ဆေးကြသည်။

စားသုံးသူရေးရာဦးစီးဌာန အနေဖြင့်စားသုံးသူ ကာကွယ်ပေးရေးဥပဒေအရ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ စားသုံးသူ နစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊   စားသုံးသူများ ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍သော် လည်းကောင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ  ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။