နိုင်ငံတော်နှင့်တပ်မတော်အတွက် လေသူရဲများ
အယ်ဒီတာ့အာဘော်
(၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်)
မြန်မာနိုင်ငံတွင် တပ်မတော်တစ်ရပ်ခိုင်ခိုင်မာမာရပ်တည်နေသည့်အတွက် နိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်။ တပ်မတော်တစ်ရပ်ဆိုသည်မှာ (ကြည်း၊ ရေ၊ လေ)တပ်များအားလုံးကို စုပေါင်းခေါ်ဆိုခြင်းဖြစ်သည်။ မျက်မှောက်ခေတ် ကမ္ဘာတစ်လွှား ဖြစ်ပွားနေသည့်စစ်ပွဲများနှင့် လက်နက်ကိုင်ပဋိပက္ခများကိုကြည့်ပါက လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကအရေးပါသည်ကိုတွေ့ရသည်။ လေကြောင်းစွမ်းအားကောင်းမွန်မှုသည် ရန်သူအပေါ်လွှမ်းမိုးထိန်းချုပ်ချေမှုန်းနိုင်ပြီး မိမိတပ်ဖွဲ့များ၏စိတ်ဓာတ်နှင့် တိုက်စွမ်းရည်ပိုမိုအားကောင်းစေသည်ကိုသိသာထင်ရှားစွာတွေ့မြင်ရသည်။
ထို့ကြောင့် တပ်မတော်(လေ)အနေဖြင့် ဖြစ်ပေါ်တိုးတက်နေသည့်အခြေအနေများကို လေ့လာသုံးသပ်ဆန်းစစ်ပြီး လိုက်လျောညီထွေစွာ တိုးတက်အောင်ဆောင်ရွက်လျက်ရှိသည်။ တပ်မတော်(လေ)သည်တိုက်ပွဲတစ်ပွဲ၏အောင်နိုင်ရေးတွင် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့် လုပ်ငန်းစဉ်အတိုင်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိနေသည်။ တပ်မတော်ကဆောင်ရွက်အကောင်အထည်ဖော်နေသည့် နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တပ်မတော်(လေ)သည် ကျရာအခန်းကဏ္ဍစုံမှပါဝင်ကာ တာဝန်ကိုကျေပွန်စွာထမ်းဆောင်လျက်ရှိသည်။
တပ်မတော်(လေ)သည် အမိမြန်မာပြည်၏ ဝေဟင်ပိုင်နက်အတွင်းမှ ကာကွယ်စောင့်ရှောက်လျက်ရှိပြီးတိုင်းပြည်၏မြေပြင်ပိုင်နက်၊ ရေပြင်ပိုင်နက်နှင့်မြေပေါ်မြေအောက်အဖျက်ရန်စွယ်များကို ချေမှုန်းသုတ်သင်လျက်သလို ပြည်သူလူထုအား သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ တပ်မတော်၏ကောင်းမြတ်သည့်အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်နေခြင်းဖြစ်သည်။ ထိုတာဝန်များကို ကျေပွန်အောင်မြင်စွာထမ်းဆောင်နိုင်ရေးအတွက် ပျံသန်းမှုအတတ်ပညာကိုလည်း ကျွမ်းကျင်ပြည့်ဝနေရမည်ဖြစ်သည်။ ဒေသတွင်းနိုင်ငံများ၊ တိုးတက်နေသည့်နိုင်ငံများ၏ လေယာဉ်/ရဟတ်ယာဉ်များနှင့်ပတ်သက်သည့်ကဏ္ဍစုံကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လေ့လာနေရမည်ဖြစ်သည်။
ထိုသို့ထမ်းဆောင်နိုင်ရေးအတွက် တပ်မတော်(လေ)အနေဖြင့် လေသူရဲများကိုစဉ်ဆက်မပြတ်မွေးထုတ်ပေးလျက်ရှိသည်။ လေသူရဲလောင်းတစ်ဦးအဖြစ်ရွေးချယ်ခံရပြီးသောအခါ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်တွင် လေယာဉ်မောင်းသင်တန်းတက်ရောက်ရမည်ဖြစ်သည်။ လေယာဉ်မောင်း သင်တန်းကျောင်းတွင် ပျံသန်းမှုနှင့်ပတ်သက်သည့်သင်ခန်းစာများကို စာတွေ့လက်တွေ့သင်ယူရသည်။လေယာဉ်မောင်းသင်တန်းသားများအနေဖြင့် အခြေခံလေယာဉ်မောင်းသင်တန်း၊ အကြိုတန်းမြင့် လေယာဉ်မောင်းသင်တန်းနှင့် တန်းမြင့်လေယာဉ်မောင်းသင်တန်းတို့ကို တက်ရောက်ကြရမည်ဖြစ်သည်။ လေသူရဲလောင်းများအနေဖြင့် တစ်ဦးချင်းပျံသန်းနိုင်စေရန် ပျံသန်းချိန်နာရီ ၁၅ နာရီသတ်မှတ်ပြီး လက်တွေ့လေ့ကျင့်ပျံသန်းကြရသည်။
လေသူရဲလောင်းသင်တန်းသားများသည် အမှန်တကယ်ပျံသန်းမှုမပြုလုပ်မီ လေယာဉ်တု (Simulator)ဖြင့် လေ့ကျင့်ရသည်။ ပျံသန်းမှုသင်ကြားချိန် ၁၅ နာရီမှ ၁၈ နာရီအတွင်းတွင် တစ်ဦးတည်းမောင်းနှင်ပျံသန်းနိုင်အောင် ကြိုးစားကြရပေသည်။ လေသူရဲလောင်းများအနေဖြင့် တစ်ဦးချင်းမောင်းနှင်မှုကို အောင်မြင်စွာကျော်ဖြတ်နိုင်ရေး အစွမ်းကုန်ကြိုးစားကြရမည်ဖြစ်သည်။ သို့မှသာ လေယာဉ်ကျွမ်းထိုးပျံသန်းခြင်း၊ ခရီးဝေးလေ့ကျင့်ပျံသန်းခြင်း၊ ချိန်ခွက်လေ့ကျင့်ပျံသန်းခြင်း၊ အုပ်ဖွဲ့လေ့ကျင့်ပျံသန်းခြင်းနှင့် ညလေ့ကျင့်ပျံသန်းခြင်း အစရှိသည့်ပျံသန်းမှုသင်ခန်းစာများကို ဆက်လက်သင်ယူကြရမည်ဖြစ်သည်။
ဒုတိယအဆင့်မှာ အကြိုတန်းမြင့်လေယာဉ်မောင်းသင်တန်းဖြစ်သည်။ တိုက်လေယာဉ်မောင်းနှင်မည့်လေသူရဲလောင်းများသည် တိုက်လေယာဉ်ဖြင့်လေ့ကျင့်သင်ယူရမည်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးလေသူရဲလောင်းများနှင့် ရဟတ်ယာဉ်လေသူရဲလောင်းများသည် သက်ဆိုင်ရာလေယာဉ်/ ရဟတ်ယာဉ်ဖြင့် သတ်မှတ်နာရီချိန်ပြည့်မီအောင် ပျံသန်းကြရမည်ဖြစ်သည်။ တတိယအဆင့်မှာ တန်းမြင့်လေယာဉ်မောင်းသင်တန်းဖြစ်သည်။ ဒုတိယအဆင့်ကဲ့သို့ပင် တိုက်လေယာဉ်လေသူရဲလောင်းများ၊ သယ်ယူပို့ဆောင်ရေးလေသူရဲလောင်းများနှင့် ရဟတ်ယာဉ်လေသူရဲလောင်းများသည် သက်ဆိုင်ရာ လေယာဉ်/ ရဟတ်ယာဉ်များဖြင့်ဆက်လက်လေ့ကျင့်ပျံသန်းကြရပေသည်။ တန်းမြင့်လေယာဉ်မောင်းသင်တန်းပြီးမြောက်ချိန်တွင် လေသူရဲလောင်းအားလုံးအနေဖြင့် ပျံသန်းရေးသင်တန်း၏ သတ်မှတ်ပျံသန်းချိန်နာရီအတိုင်း သင်ရိုးအလိုက်အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ကြပြီဖြစ်သည်။
ထိုသို့တတ်မြောက်အောင်မြင်ပြီးမှသာ ရွှေတောင်ပံပိုင်ရှင် လေသူရဲတစ်ဦးအဖြစ်ရောက်ရှိပြီး နိုင်ငံတော်တာဝန်များကို ဆက်လက်ထမ်းဆောင်ကြရမည်ဖြစ်သည်။ ရွှေတောင်ပံပိုင်ရှင် လေသူရဲတစ်ဦးဖြစ်လာသောအခါ ကိုယ်ရည်ကိုယ်သွေးပြည့်ဝသည့် လေသူရဲတစ်ဦးဖြစ်စေရေး ဆက်လက်ကြိုးပမ်းကြရပေဦးမည်။လေသူရဲတစ်ဦးအဖြစ် နိုင်ငံတော်မှပေးအပ်သောတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်သည်။ ယခုအခါ လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၆) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲကို အောင်မြင်စွာကျင်းပခဲ့ပြီဖြစ်၍သင်တန်းဆင်းလေသူရဲများသည် နိုင်ငံတော်နှင့်တပ်မတော်အတွက် ပေးအပ်လာမည့်တာဝန်များကိုထမ်းဆောင်ကြရတော့မည်ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။ ။