တရားမဝင်အလုပ်သမားပို့ဆောင်မှုပပျောက်ရေး
မြန်မာနိုင်ငံကူးလက်မှတ်အတုများဖြင့် ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံတို့သို့ တရားမဝင်အလုပ်သမား ပို့ဆောင်သူများကို ဖမ်းဆီးရမိကြောင်း ဇန်နဝါရီလ ၇ ရက်ထုတ် သတင်းစာများတွင် ဖော်ပြပါရှိသည်။ မြန်မာနိုင်ငံသားများ အနေဖြင့် ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများက စည်းကမ်းနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။ အလုပ်အကိုင် အခွင့်အလမ်းအတွက် သင်တန်းများဖွင့်လှစ်ကာ သင်ကြားပေးလျက် ရှိသည်မှာလည်း ပြည်ပတွင် အလုပ်အကိုင်ကောင်းများ ရရှိရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်း ဖြစ်သည်။
ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင် လိုသူများအတွက် လိုအပ်သည်များကို ကူညီဖြည့်ဆည်း ပေးနေသော်လည်း တချို့က မိမိတို့နှင့်နီးစပ်ရာအဆက်အသွယ်များ၏ လိမ်ညာပြောဆိုမှုများကို အမှန်ထင်ကာ နိုင်ငံတော်အစိုးရ၏ တရားဝင်လမ်းကြောင်းမှ သွားရောက်ကြရမည့်အစား တရားမဝင်လမ်းကြောင်းများမှ သွားရောက်ကြသည်။ ထိုသို့သွားရောက်ခြင်းဖြင့် လိမ်လည်လှည့်ဖြားခြင်း ခံရသည့်အခါ ဖွတ်မရ ဓားမဆုံးဆိုသကဲ့သို့ လည်းကောင်း၊ မြွေပါလည်းဆုံး သားလည်းဆုံးဆိုသကဲ့သို့ လည်းကောင်း အရှုံးများစွာ နှင့်ရင်ဆိုင်ကြရသည်။
မိမိတို့မိသားစုဘဝ ပိုမိုတိုးတက်အဆင်ပြေစေရေး မျှော်မှန်းချက်ဖြင့် ပြည်ပသို့ထွက်ခွာသည့်အခါ ငွေကြေးအရင်းအနှီးများစွာ ပေးကြရသည်။ မိမိတို့ပိုင်ဆိုင်မှုကို ရောင်းချ၍လည်းကောင်း၊ အခြားမှငွေကြေးရယူ၍ လည်းကောင်း သွားကြရသူများမှာ အများစုဖြစ်သည်။ ထိုအခြေအနေမျိုးတွင် အထက်ပါ သတင်းကဲ့သို့ မြန်မာနိုင်ငံကူး လက်မှတ်အတုများ ကိုင်ဆောင်မိသောအခါ မိသားစုများအတွက် အပူသောကကို ဝယ်ယူလိုက်ကြသလို ဖြစ်သွားသည်။ တရားမဝင်လိမ်လည် လှည့်ဖြားသူများမှာ အဖွဲ့အစည်းတစ်ခုလို ချိတ်ဆက် ဖွဲ့စည်းထားပြီး လိမ်ညာနေခြင်းဖြစ်သည်။ ယုံကြည်အောင်ပြောဆိုခြင်း၊ ယုံကြည်နိုင်လောက်အောင် ရဲရဲတင်းတင်း အာမခံခြင်းများဖြင့် လှည့်စားကြသည်။ သို့သော် ယခုကဲ့သို့ ရာဇဝတ်သားများ အဖမ်းခံရသောအခါ လှည့်စားခံရသူများ ဆုံးရှုံးသွားသည့်ငွေကြေးများကို မည်သူကမျှ ပြန်ပေးမည် မဟုတ်သည်မှာ ရာခိုင်နှုန်း ပြည့်သေချာသည်။
ပြည်ပသို့ ထွက်ခွာမည့်သူများသည် ရည်ရွယ်ချက်၊ ရည်မှန်းချက် ကြီးကြီးမားမားထားကာ သွားလိုကြခြင်း ဖြစ်သော်လည်း အတုအယောင်များနှင့် တွေ့လိုက်ရသည့်အခါ အားလုံးပျောက်ဆုံးသွားရသည်။ လိမ်လည်သူများသည် မိမိတို့ကိုယ်ကျိုးစီးပွား တိုးတက်ရေးအတွက် လိမ်လည်မှုပြုနေသူများဖြစ်ပြီး ဘယ်သူသေသေငတေမာရင်ပြီး ရောဆိုသူများ ဖြစ်ကြသည်။ တရားမဝင် အလုပ်သမားပို့ဆောင်သူများ ဖမ်းဆီးရမိသတင်းတွင် “ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၁) မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားလုံခြုံရေး ပူးပေါင်းအဖွဲ့သည် မြဝတီမြို့မှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ဖြင့် ထွက်ခွာမည့် သက်နန္ဒာဝင်းက ခေါ်ဆောင်လာသည့် တောင်တွင်းကြီးမြို့နယ်နေ မနှင်းအိဖြူပါ အမျိုးသမီးငယ် သုံးဦးအပါအဝင် မြန်မာလူငယ် ၁၁ ဦးထံမှ မြန်မာနိုင်ငံကူးလက်မှတ်အတု ၁၁ အုပ်ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ရာမှ နောက်ဆက်တွဲတရားခံများကို ဖော်ထုတ်ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း” ဖော်ပြထားသည်။
တရားမဝင်အလုပ်သမား ပို့ဆောင်သူများ ဖမ်းဆီးရမိခြင်း၊ တရားမဝင်ကုန်သွယ်မှုများ ဖမ်းဆီးရမိခြင်း၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်း စသည့်သတင်းများမှာ နိုင်ငံတော်အတွက် သတင်းကောင်း များဖြစ်သည်။ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ ဆိုသည့်အတိုင်း မကောင်းမှုလုပ်သူသည် နောက်ဆုံးတွင် ဥပဒေဘောင်အတွင်း သက်ဆင်းဝင်ရောက်ကြရမည်သာဖြစ်သည်။ တာဝန်ရှိသူများက တာဝန်သိစိတ်ဓာတ်ဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်မှာ တိုင်းပြည်နှင့်လူမျိုးကောင်းကျိုးသယ်ပိုးခြင်း ဖြစ်သည်။ ထို့အတူ ဖမ်းဆီးရမိရေးအတွက် သတင်းပေးကြသူပြည်သူများမှာလည်း နိုင်ငံသားတစ်ဦး၏ တာဝန်ကိုကျေပွန်စွာ ဆောင်ရွက်ခြင်းဖြစ်သည်။
တရားမဝင်လုပ်ငန်းမှန်သမျှမှာ နိုင်ငံအတွက်၊ ပြည်သူများအတွက် ကောင်းကျိုးမပေးသည့် လုပ်ရပ်များ သာဖြစ်သည်။ အထူးသဖြင့် ယခုကဲ့သို့ တရားမဝင်အလုပ်သမားများပို့ဆောင်သူများ၊ မြန်မာနိုင်ငံကူးလက်မှတ် အတုပြုလုပ်သူများမှာ မိမိကိုယ်ကျိုးစီးပွားအတွက် အခြားသူများ၏ဘဝကို နင်းချေပစ်လိုက်ခြင်းဖြစ်သည်။ အမျိုးသမီးငယ်များကို တရားမဝင်အလုပ်သမားများအဖြစ် ပို့နေခြင်းမှာ လူကုန်ကူးမှုလုပ်နေခြင်းဖြစ်သည်။ မရေရာမသေချာဘဲ သူများနိုင်ငံ၌ အတိဒုက္ခရောက်ရှိနေရသူများကို နောက်ဆုံးတွင် ပြည်ပရှိမြန်မာသံရုံးများ၊ ကောင်စစ်ဝန်ရုံးများမှတစ်ဆင့် ပြန်လည်ခေါ်ယူပေးနေရသည်။ ပြန်လည်ခေါ်ယူပေးခဲ့သည့် နိုင်ငံတော်အစိုးရ၏ စေတနာမေတ္တာကို နားလည်သဘောပေါက်ကာ ကျေးဇူးတင်မဆုံးဖြစ်နေကြသည်။ နိုင်ငံတော်အစိုးရဆိုသည်မှာ နိုင်ငံသူနိုင်ငံသားများ၏ ကောင်းကျိုးကိုသာ အစဉ်ဆောင်ရွက်ပေးနေသည့်အတွက် ပြည်ပသို့အလုပ်အကိုင် သွားရောက်လုပ်ကိုင် လိုသူများအနေဖြင့် တရားဝင်လမ်းကြောင်းမှလွဲ၍ အခြားလမ်းကြောင်းများကို ရွေးချယ်ခြင်း မပြုကြရန် တိုက်တွန်း ရေးသားလိုက်ရပေသည်။ ။