အာဇော့ပင်လယ်အားပိုင်ဆိုင်စေရန် လုပ်ဆောင်မည့် မည်သည့် ကြိုးပမ်းမှုမျိုးကိုမဆို နှိမ်နင်းသွားမည်ဟု ရုရှားသတိပေး
အာဇော့ပင်လယ်သည် ရုရှားနိုင်ငံပိုင်ဖြစ်သောကြောင့် အဆိုပါပင်လယ်အား ၎င်းတို့ပိုင်အဖြစ်ကြေညာသည့် မည်သည့် ကြိုးပမ်းမှုမျိုးကိုမဆို နှိမ်နင်းသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဇန်နဝါရီလ ၁၈ ရက်တွင် သတိပေးပြောကြားသည်။
ဒိုးနက်စ်ပြည်နယ်နှင့် ခါဆွန်ပြည်နယ်တို့က ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ရုရှားနှင့်ပူးပေါင်းခဲ့ခြင်းကြောင့် အာဇော့ပင်လယ်သည် ရုရှားနိုင်ငံအတွင်းရှိ ပင်လယ်တစ်ခုဖြစ်လာကြောင်း၊ အဆိုပါပင်လယ်ရှိ ရေပိုင်နက်များအားပိုင်ဆိုင်သည်ဟူသော ပြောဆိုထုတ်ပြန်မှုမျိုးသည် ရုရှားနိုင်ငံ၏ပြည်တွင်းရေးကို ချိုးဖောက်ခြင်းဖြစ်သောကြောင့် ရုရုားနိုင်ငံက ထိုသို့သောလုပ်ဆောင်မှုများကို နှိမ်နင်းသွားမည်ဖြစ်ကြောင်း မာရီယာဇာခါရိုဗာက ပြောကြားခြင်းဖြစ်သည်။
ဗြိတိန်နှင့် ယူကရိန်းနိုင်ငံတို့က ၎င်းတို့နှစ်နိုင်ငံကြား နှစ် ၁၀၀ မိတ်ဖက်ဆက်ဆံရေးသဘောတူညီချက်တစ်ရပ်ကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက လက်မှတ်ထိုးခဲ့ပြီး ၎င်းတို့အနေဖြင့် ဘောတစ်ပင်လယ်၊ ပင်လယ်နက်နှင့် အာဇော့ပင်လယ်များအတွင်း ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန်ဆုံးဖြတ်ခဲ့ပြီးနောက် ရုရှားအစိုးရ၏ တုံ့ပြန်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ဗြိတိန်အစိုးရသည် အဆိုပါပင်လယ်များအတွင်း ရေရှည်အခြေချခွင့်ရရှိရန် ဆန္ဒရှိနေပြီး အထူးသဖြင့် အာဇော့နှင့် ပင်လယ်နက်မြေနိမ့်ချိုင့်ဝှမ်းများအတွင်း အခြေချခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း ရုရှားက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
Ref: Sputnik