ရုရှားနှင့်အမေရိကန်တို့ကြားသဘောတူညီချက် ချမှတ်လုနီးပါးဖြစ်ခဲ့သည့် Beriev Be-200 မီးသတ်လေယာဉ် သို့မဟုတ် လော့အိန်ဂျလိတောမီးကိုငြှိမ်းသတ်ရာတွင် အလွန်အထောက်အကူပြုစေမည့် ရုရှား၏အစွမ်းထက် လက်နက်

 

ရုရှားနှင့်အမေရိကန်တို့ကြားသဘောတူညီချက် ချမှတ်လုနီးပါးဖြစ်ခဲ့သည့် Beriev Be-200 မီးသတ်လေယာဉ် သို့မဟုတ် လော့အိန်ဂျလိတောမီးကိုငြှိမ်းသတ်ရာတွင် အလွန်အထောက်အကူပြုစေမည့် ရုရှား၏အစွမ်းထက် လက်နက်

 

အမေရိကန်ပြည်ထောင်စု   ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျလိတွင် ဇန်နဝါရီလ ၇ ရက်က စတင်ပြီး ၁၁ ရက်ကြာ ဆက်လက်လောင်ကျွမ်းနေသည့် တောမီးများသည် အဖျက်စွမ်းအားကြီးမားလှကြောင်း လက်ရှိအချိန်အထိ သက်သေပြလျက်ရှိသည်။ တောမီးလောင်ကျွမ်းမှုများ ကြောင့် လူ ၂၇ ဦးခန့်   သေဆုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများမှာ ဒေါ်လာဘီလီယံနှင့် ချီလာနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။

အမေရိကန် မီးသတ်တပ်ဖွဲ့ဝင်များသည် တောမီးများအား ငြှိမ်းသတ်နိုင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိသော်လည်း  မီးကိုအပြီးသတ်ငြှိမ်းသတ်နိုင်ရန် ရုန်းကန်နေရသည့်အခြေအနေတွင် ရှိနေသည်။    တောမီးလောင်ကျွမ်းမှုအတွင်း အဆောက်အအုံအနည်းဆုံး ၁၂၀၀၀ ခန့်ပျက်စီးခဲ့ရပြီး ထောင်ပေါင်းများစွာသော ဒေသခံများမှာ   အိုးမဲ့အိမ်မဲ့ဖြစ်ရသည်။ ထို့ပြင် အခြားထောင်ပေါင်းများစွာကိုလည်း အာဏာပိုင်များက      ဘေးလွတ်ရာသို့ရွှေ့ပြောင်းကြရန် တိုက်တွန်းခဲ့ရသည်။

စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ ယခုရက်သတ္တပတ်အတွင်းက  ရုရှားစီးပွားရေးမီဒီယာတစ်ခုက     ထုတ်ဖော်ပြောကြားလိုက်သည့်အချက်ဖြစ်သည်။ ရုရှားနှင့် အမေရိကန်တို့သည် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရုရှားနိုင်ငံလုပ် Beriev Be-200 မီးသတ်လေယာဉ် ၁၀ စင်းကို အမေရိကန်နိုင်ငံကဝယ်ယူရန်    စေ့စပ်ဆွေးနွေးခဲ့သည်ဟုဆိုသည်။

ရုရှားနိုင်ငံလုပ်     Beriev Be-200 မီးသတ်လေယာဉ်များသည် မီးသတ်ရာတွင် အသုံးပြုမည့်ရေနှင့် မီးငြှိမ်းသတ်နိုင်သည့် ဓာတုပစ္စည်း တန်ချိန်ပေါင်း ၁၂ တန်ကိုသယ်ဆောင်နိုင်စွမ်းရှိသည်။ ထို့ပြင် ရေလှောင်တမံများ၊ ရေကန်များ သို့မဟုတ် သမုဒ္ဒရာများမှ ရေကိုလည်း    အချိန်တိုအတွင်း ပြန်လည်ဖြည့်သွင်း ပေးနိုင်သည်။ တစ်နာရီလျှင် ၇၀၀ ကီလိုမီတာအရှိန်နှုန်းဖြင့် အကွာအဝေး ၂၁၀၀ ကီလိုမီတာအထိ မောင်းနှင်ပျံသန်းနိုင်သည်။ ထို့ကြောင့် လော့အိန်ဂျလိတောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရာတွင် Beriev Be-200 မီးသတ်လေယာဉ်များကို   အသုံးပြုမည်ဆိုပါက အခေါက်ပေါင်းများစွာ ပျံသန်းမောင်းနှင်နိုင်မည်ဖြစ်ပြီး ရေတန်ချိန် ၅၀ ကျော်ကို ပက်ဖျန်းပေးနိုင်မည်ဖြစ်သည်။ သို့ရာတွင် ရုရှားမီးသတ်လေယာဉ်များအား   အမေရိကန်သို့ ပေးပို့ခါနီးမှ    အမေရိကန်ပြည်ထောင်စု လေယာဉ်ပျံသန်းရေးစီမံခန့်ခွဲမှုအဖွဲ့၏   ကဖျက်ယဖျက် လုပ်ဆောင်မှုကြောင့် လေယာဉ်ရောင်းချရေး သဘောတူညီချက်မှာ ၂၀၂၀ ပြည့်နှစ်တွင် ပျက်ပြားခဲ့ရသည်။

အဆိုပါ သဘောတူညီချက်ပျက်ပြားရခြင်းကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေးသည် သာမန်အသိဖြင့် လုပ်ဆောင်သည့် ဆောင်ရွက်ချက်များအပေါ် ထိခိုက်စေခဲ့ခြင်းဖြစ်သည်ဟု Beriev ၏ မိခင်ကုမ္ပဏီဖြစ်သည့် Rostec က ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်တို့အနေဖြင့် မီးငြှိမ်းသတ်ရာတွင် အစွမ်းထက်သည့် Beriev Be-200 လေယာဉ်များကို    ထိုအချိန်ကတည်းက ဝယ်ယူနိုင်ခဲ့မည်ဆိုပါက လက်ရှိဆက်လက်ဖြစ်ပွားနေသည့် လော့အိန်ဂျလိတောမီးကြောင့် ဖြစ်ပေါ်လာခဲ့သည့် အပျက်အစီးများကို သိသိသာသာလျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ သို့သော် အမေရိကန်ပြည်သူ အများအပြားမှာ နိုင်ငံရေးကစားကွက်၏ သားကောင်များဖြစ်ခဲ့ရသည်ကို    စာနာကြောင်း Rostec ကုမ္ပဏီက ဆက်လက်ပြောကြားထားသည်။

Beriev Be-200 မီးသတ်လေယာဉ်များသည် အီတလီ၊ ပေါ်တူဂီ၊ အင်ဒိုနီးရှား၊ ဂရိ၊ အစ္စရေးနှင့် တူကီယဲနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သည့် တောမီးလောင်ကျွမ်းမှုများတွင် ထိရောက်စွာ မီးငြှိမ်းသတ်နိုင်ခဲ့သည့် ဂုဏ်သတင်းကြီး မီးသတ်လေယာဉ်တစ်စင်းဖြစ်သည်။                

        Ref: Sputnik