နိုင်ငံ့စီးပွားမြှင့်တင်ရေးတက်ညီလက်ညီဆောင်ရွက်ပေး
အယ်ဒီတာ့အာဘော်
(၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်)
နိုင်ငံတစ်နိုင်ငံ ခိုင်ခိုင်မာမာရပ်တည်နေနိုင်ရန်မှာ စီးပွားရေးကဏ္ဍသည်အရေးပါလှသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီးပွားရေးမောင်းနှင်အားကောင်းမွန်စေရန် လိုအပ်သည့် ပညာတတ်အရင်းအမြစ်များရရှိစေရေး၊ ပညာရေးကဏ္ဍကိုမြှင့်တင်ပေးနိုင်ရေးတို့အတွက် KG+9 မသင်မနေရပညာရေးစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များစွာကို မွေးထုတ်ပေးရမည်ဖြစ်သည်။ စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ပါက နိုင်ငံ့စီးပွားရေးပိုမိုခိုင်မာလာမည်ဖြစ်သလို ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့်လူမှုစီးပွားဘဝများလည်း တိုးတက်လာမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ဇန်နဝါရီလ ၁၇ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဉ် “မိမိတို့အနေဖြင့် တိုင်းပြည်စီးပွားရေးကောင်းမွန်စေရေး ကိုယ့်အားကိုယ်ကိုး၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများကို အားပေးဆောင်ရွက်၍ အရည်အသွေးကောင်းမွန်သည့် ပို့ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်တိုးတက်တင်ပို့နိုင်ရေးအတွက် မိမိတို့နိုင်ငံမှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများသည်အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်ရန်နှင့်ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသည့် ထုတ်ကုန်ဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် ဈေးကွက်သုတေသနကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် မိမိတို့၏ထုတ်ကုန်များ ဈေးကွက်ခိုင်မာမှုရှိစေရေးအတွက်လည်း ဆောင်ရွက်နေရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်၏အမျိုးသားရေးရည်မှန်းချက်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးပင်ဖြစ်သည်။ အမျိုးသားရေးရည်မှန်းချက်ကို မမှိတ်မသုန်အကောင်အထည်ဖော်နိုင်ရေး ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ့စီးပွားမြင့်မားစေရေးအတွက် ခေတ်မီစိုက်ပျိုးမွေးမြူရေးစနစ်သို့သွားနိုင်ရန် ပထမဦးစွာ သမားရိုးကျစိုက်ပျိုးမွေးမြူရေးစနစ်များအစား စနစ်ကျနသည့်စိုက်ပျိုးမွေးမြူရေးသို့သွားရန်လိုအပ်သည်။ ထို့ကြောင့်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးတွင်ကျွမ်းကျင်မှုရှိသည့် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် အသိပညာ၊ အတတ်ပညာများသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်များထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်များ ထပ်မံတိုးချဲ့ဖွင့်လှစ်ခြင်းများကို ဆောင်ရွက်ပေးမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စာသင်ကျောင်းများ၏ ဥပဓိရုပ်များကောင်းမွန်ရေးနှင့်သင်ထောက်ကူပစ္စည်းများပြည့်စုံမှုရှိစေရေး၊ ဆရာ၊ ဆရာမများ၏ အကျိုးခံစားခွင့်များရရှိစေရေးတို့အတွက်ရရှိထားသည့်ဘွဲ့များအလိုက် ထောက်ပံ့မှုများကိုဆောင်ရွက်ပေးထားပြီးဖြစ်သည်။ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ထမ်းဆောင်ရမည့်တာဝန်နှင့်အတူ တပည့်များအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရေးသင်ကြားပေးကြရန်ဖြစ်သည်။ ထို့အတူ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ဆရာ၊ဆရာမများအား အသိအမှတ်ပြုချီးမြှင့်ပေးကြရန်ဖြစ်သည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေးကရာခိုင်နှုန်းပြည့်အထောက်အကူပြုလျက်ရှိပေရာနိုင်ငံအတွက် ပညာပြည့်ဝသောပညာရှင်များပေါ်ထွက်ရေးကိုဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကဏ္ဍမြင့်မားရေးကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။ အထူးသဖြင့်လူငယ်များကဏ္ဍသည် နိုင်ငံတော်၏အနာဂတ်အတွက်အဓိကဖြစ်ပေရာ လူငယ်များနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်အတွင်း ကျောင်းပေါင်းစုံအားကစားပွဲများ၊ အမျိုးသားအားကစားပွဲတော်နှင့် တပ်မတော်အားကစားပွဲများ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သလိုစဉ်ဆက်မပြတ်လည်းဆောင်ရွက်ပေးနေမည်ဖြစ်သည်။ အားကစားကိုမြှင့်တင်ခြင်းသည် ကျန်းမာသန်စွမ်းသည့် လူငယ်လူရွယ်များဖြစ်စေရန် နိုင်ငံတော်ကိုချစ်သည့်စိတ်၊ နိုင်ငံတော်ကိုကာကွယ်လိုသည့်စိတ်များဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။
လူငယ်များအတတ်ပညာမြင့်မားမှု၊ တီထွင်ဆန်းသစ်မှုတို့ဖြင့် ကုန်ထုတ်လုပ်ငန်းများကိုတိုးတက်စေရန်ဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးမှာ နိုင်ငံအတွက်မရှိမဖြစ်သော လုပ်ငန်းများဖြစ်ပြီးလူသားများအသက်ရှင်သန်နေထိုင်ရေးအတွက်လည်း အဓိကကျသည့်လုပ်ငန်းများဖြစ်သည်။ မြန်မာနိုင်ငံမှထုတ်လုပ်သည့် ဆန်နှင့်ပဲများသည် ပြည်ပတွင်ဈေးကွက်ရှိထားပြီးဖြစ်၍ ယခုထက်ပိုမိုအရည်အသွေးကောင်းမွန်စွာဆောင်ရွက်ခြင်းဖြင့် ဈေးကွက်ပိုမိုကျယ်ပြန့်လာမည်ဖြစ်သည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှအရင်းအနှီးများထုတ်ပေးခဲ့ပြီးဖြစ်သည်။ ထပ်မံ၍လည်း ထုတ်ကုန်ပစ္စည်းများတိုးမြှင့်ထုတ်လုပ်နိုင်ရန် အလားအလာကောင်းသည့်နယ်ပယ်များနှင့် ဒေသများတွင်အရင်းအနှီးများလိုအပ်ပါက ထုတ်ချေးပေးခြင်းဖြင့် လုပ်ငန်းအရှိန်အဟုန်မြှင့်တင်ပေးသွားမည်ဖြစ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ပိုမိုဖော်ဆောင်ပေးကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။