တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ကျိုက်လတ်မြို့နယ်၊ သပြုဆိပ်​ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ကျိုက်လတ်မြို့နယ်၊ သပြုဆိပ်​ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီ - ၂၀

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ သပြုဆိပ်ကျေးရွာ၊ ညောင်ချောင်းဘုန်းတော်ကြီးကျောင်းရှိ ရတနာသုခဓမ္မဗိမာန်တော်တွင် အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၂၄ ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်  နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၈၉ ဦး၊ ခွဲစိတ်ရောဂါ ၁၁ ဦး၊ သားဖွား/မီးယပ်ရောဂါ  ၁၇ ဦး၊ ကလေးရောဂါ ၅၅ ဦး၊ အရိုးရောဂါ ၇၀ ဦး၊ နား၊နှာခေါင်း၊လည်ချောင်းရောဂါ ၃၉ ဦး၊ မျက်စိရောဂါ ၉၈ ဦး၊ သွားရောဂါ ၄၅ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၅ ဦး၊ မျက်စိခွဲစိတ်လူနာ ၆ ဦးတို့ကို ခွဲစိတ်ကုသ ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၂၅ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ  ၂၈ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၄၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၅ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

၎င်းအပြင် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)ပေါ်၌ ဇန်နဝါရီလ ၁၉ ရက်၊ ည ၈ နာရီ ၃၃ မိနစ်ခန့်တွင် ကျိုက်လတ်မြို့နယ်၊ ဒရယ်ချိုကျေးရွာ​နေ ဦးလင်းနိုင်ဦး ၏ဇနီးဖြစ်သူ ဒေါ်ဝေဝေမျိုး ကို ၅ ပေါင်  ၈  အောင်စရှိ သားဦးယောင်္ကျား လေးတစ်ဦးအား အောင်မြင်စွာခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့်ကလေးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိသည်။ အဆိုပါ ကလေးငယ်အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ ပေးအပ်သည့် ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူတစ်ဦးက ကိုယ်စား ပေးအပ်ခဲ့ သည်။

အဆိုပါ ကလေးငယ်သည် ယခုခရီးစဉ်အတွင်း တတိယအကြိမ်မွေးဖွားပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)၏ သမိုင်းမှတ်တမ်း တွင် ၃၁ ဦးမြောက်အဖြစ် အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးကာ နယ်လှည့်အထူးကုဆေးအဖွဲ့အတွက် ဆေးဝါးများနှင့် ဒေသထွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

ဒေါ်သောင်းကြည်

         အကြောတက်တယ်။ နံတစ်ဖက်က နာနေတယ်။ မောတယ်။ မူးတယ်။ ၃ / ၄ လ လောက်ကသက်သာတယ် ပြပြီးရင်အဖွားက။ အဖွားအလုပ်အကိုင်က တော့ လယ်သမားပါ။ ယောက်ကျားကလဲ အသက် ၇၄ နှစ်၊ မိန်းမကလဲ ၇၈ နှစ် ရှိနေတဲ့အတွက်ကြောင့် မလုပ်နိုင်လို့ သားသမီးတွေကို ချစားပြီးတဲ့အတွက် ကြောင့် အဖွားတို့မှာ လှူရေးတန်းရေး အခုလိုဆေးကုခံရေးတွေရပါတယ်။ နှစ်စစ်နှစ်တိုင်းတောင်မကပါဘူး ၃ လ တစ်ကြိမ် ၊ ၂ လတစ်ကြိမ်လောက် ဖိတ် ခေါ်ချင်ပါတယ်။ အခုအဖွားတို့လာပြီးတော့ ရောဂါပေါင်းစုံလဲ မိသားစုတွေ ကုလို့ ရပါတယ်။ ကုပေးတဲ့ ဆရာဝန်တွေကိုလဲ နှစ်စစ်နှစ်တိုင်း ကျန်းမာချမ်းသာပါစေ လို့ အမြဲတမ်းမေတ္တာပို့ပါတယ်။ အားလုံးကျန်းမာ ချမ်းသာကြပါစေ။

မသက်ထားဝေခင်

         သမီးက ညောင်ချောင်းကျေးရွာကနေလာပြီးတော့ ဆေးလာပြတာပါ။ အခြေခံပညာအထက်တန်းကျောင်း( အထက သပြုဆိပ် ညောင်ချောင်း) G-10 မှာ ပညာသင်ကြားနေတာပါ။ နှလုံးအောင့်တဲ့ ရောဂါဝေတနာနဲ့ လေအောင့်တဲ့ ရောဂါဝေတနာကို လာပြတာပါ။ နှစ်ခုစလုံးကတော့ ၂ နှစ်လောက်တော့ရှိပါပြီ၊ ခံစားရရင်လဲ ဆက်တိုက် တစ်လကျော် နှစ်လလောက် ကျောင်းပြတ်ခဲ့ရပါတယ်။ ခုလိုလာရောက်ကုသဖို့အတွက် စေလွှတ်ပေးခဲ့တဲ့ နိုင်ငံတော်အကြီးအကဲတွေနဲ့ ဆရာဝန်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်လဲ လာရောက်ကုဖို့အ တွက် သမီးအနေနဲ့ ဖိတ်ခေါ်ချင်ပါတယ်။ အခုလိုကုသပေးတဲ့အတွက် အားလုံး ကို ကျေးဇူးတင်ပါတယ်ရှင့်။

 

မဝေမျိုး

ညီမတို့ရွာကို နယ်လှည့်ဆေးကုသရေးအဖွဲ့တွေ ရောက်လာတာနဲ့ ကျေးလက် ဆေးခန်းကနေ ဆရာမတွေကလဲ မွေးနေ့စေ့ပြီးလို့ ပြောတာကြောင့် သင်္ဘော ပေါ်မှာ လာရောက်မွေးဖွားတာဖြစ်ပါတယ်။ ဒီသင်္ဘောပေါ်မှာ လာမွေးတော့ ဆရာဝန်ကြီးတွေက စိတ်ရှည်လက်ရှည်နဲ့ ကူညီခွဲမွေးပေးပါတယ်။ အဟာရပြည့် ဝတဲ့အစားအစာတွေ၊ ထောက်ပံ့မှုပစ္စည်းတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ပေးအပ်ခဲ့ပါတယ်။ အပြင်မှာမွေးဖွားမယ်ဆိုရင် ငွေကြေးကုန်ကျမယ်။ ဒီသင်္ဘော ပေါ်မှာ အခမဲ့ ခွဲပေးတဲ့အတွက် ဆရာဝန်ကြီးတွေရော ခွဲစိတ်ဆရာဝန်တွေရော ကျေးဇူးတင်ပါတယ်။ အခုလိုဆေးကုသနိုင်အောင်ကူညီပေးတဲ့ နိုင်ငံတော်အကြီး အကဲတွေနဲ့ တာဝန်ရှိသူအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။