ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်ကြသူများ

ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်ကြသူများ

အယ်ဒီတာ့အာဘော်

(၂ဝ၂၅  ခုနှစ်၊ ဇန်နဝါရီ  ၂၁  ရက်)

မိမိတို့အသက်ရှင်သန်နေသမျှကာလပတ်လုံး မိမိတို့နေထိုင်သည့်နိုင်ငံတော်သည် အေးချမ်းသာယာရှိနေရမည်ဖြစ်သည်။ ထိုသို့အေးချမ်းသာယာရှိနေရန် နိုင်ငံသားအားလုံးတွင်တာဝန်ရှိပေသည်။ အဆိုပါတာဝန်သည် စဉ်ဆက်မပြတ်ထမ်းဆောင်ကြရမည့်တာဝန်ဖြစ်သည်။  စဉ်ဆက်မပြတ်တာဝန်ကိုကျေပွန်စွာထမ်းဆောင်နေကြမှသာ မိမိတို့နိုင်ငံသည် ကမ္ဘာတည်သရွေ့ခိုင်မာစွာတည်ရှိနေမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် သမိုင်းအစဉ်အလာကြီးမားသည့်နိုင်ငံဖြစ်သည်။နိုင်ငံတော်၏သမိုင်းကိုဆစ်ပိုင်း လေ့လာကြည့်လျှင် စည်းလုံးညီညွတ်၍ကာကွယ်ရေးဂုဏ်ရှိန်မြင့်မားခဲ့သောနိုင်ငံတော်ကြီးသုံးရပ်ပေါ်ထွန်းခဲ့သည်ကိုတွေ့ရှိရသည်။  ပုဂံခေတ်တွင် ပထမမြန်မာနိုင်ငံတော်ကို အနော်ရထာဘုရင်မင်းမြတ်ကဦးဆောင်၍လည်းကောင်း၊ တောင်ငူခေတ်တွင် ဒုတိယမြန်မာနိုင်ငံတော်ကို ဘုရင့်နောင်မင်းတရားကြီးကဦးဆောင်၍လည်းကောင်း၊ ကုန်းဘောင်ခေတ်တွင် တတိယမြန်မာနိုင်ငံတော်ကို အလောင်းမင်းတရားကြီးကဦးဆောင်၍လည်းကောင်း တည်ထောင်ခဲ့ကြသည်။

အဆိုပါမင်းမြတ်တို့လက်ထက်တွင် ပြည်ထောင်စုမပြိုကွဲခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုခိုင်မာခြင်းတို့ကြောင့် အချုပ်အခြာအာဏာသည်လည်းတည်တံ့ခိုင်မြဲခဲ့သည်။ ထိုသို့သောအခြေအနေမျိုးကြောင့် ပတ်ဝန်းကျင်နိုင်ငံများကပင်လေးစားခဲ့ကြောင်း သမိုင်းတွင်အထင်အရှားရှိထားသည်။ ယနေ့ကာလမြန်မာနိုင်ငံကိုလည်း   အဆိုပါမင်းမြတ်များကဲ့သို့သော  သမိုင်းကောင်းများမော်ကွန်းတင်ကျန်ရစ်စေရေးအတွက် လက်ရှိနိုင်ငံသားတို့က ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏သမိုင်းကောင်းကို မြန်မာတို့ကပင်ရေးထိုးနိုင်ရမည်ဖြစ်ပေရာ နိုင်ငံ၏ကာကွယ်ရေး အင်အားတောင့်တင်းခိုင်မာရေးကို တက်ညီလက်ညီပါဝင်ဆောင်ရွက်ကြရပေမည်။  ကမ္ဘာတွင် နည်းပညာ များတိုးတက်မြင့်မားလာခြင်းကြောင့် နိုင်ငံတိုင်းတွင် နိုင်ငံတော်ကာကွယ်ရေးအင်အားကို ပိုမိုကြီးမားအောင် နိုင်ငံတိုင်းကဆောင်ရွက်နေကြပြီဖြစ်သည်။ အင်အားကြီးနိုင်ငံအချို့က အင်အားငယ်သောနိုင်ငံများအပေါ် နည်းမျိုးစုံဖြင့်အနှောင့်အယှက်ပြုနေသည်ကိုလည်းမြင်တွေ့နေရသည်။

ကမ္ဘာပေါ်တွင် ဗိုလ်ကျစိုးမိုးရေးဝါဒမပျောက်ကွယ်သေးသမျှကာလပတ်လုံး နိုင်ငံတော်ကာကွယ်ရေး ကိုအလေးထားဆောင်ရွက်နေကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးနေထိုင်သော ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက်  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်  အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော   ဒို့တာဝန်အရေးသုံးပါးကိုအလေးထားကြရမည်ဖြစ်သည်။  ဒို့တာဝန်အရေးသုံးပါးခိုင်မြဲနေမှသာ နိုင်ငံတော်သည်   တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်မှုရှိပေလိမ့်မည်။  ယခုအခါ ဒို့တာဝန်အရေးသုံးပါးကို  စောင့်ထိန်းရန်တာဝန်ရှိသည့်အတွက် အဆိုပါတာဝန်ကိုထမ်းဆောင်နိုင်ရန်အလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်၍အာဏာတည်စေခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၃ တွင် “နိုင်ငံသားတိုင်းသည် အောက်ပါတို့ကိုစောင့်ထိန်းရန်တာဝန်ရှိသည်-(က)ပြည်ထောင်စုမပြိုကွဲရေး၊ (ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ (ဂ) အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး” ဟုလည်းကောင်း၊ ပုဒ်မ ၃၈၅ တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်” ဟုလည်းကောင်း၊ ပုဒ်မ ၃၈၆ တွင် “နိုင်ငံသားတိုင်းသည်   ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ  စစ်ပညာသင်ကြားရန်နှင့်နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်”ဟုလည်းကောင်း ပြဋ္ဌာန်းထားရှိသည်။

အဆိုပါအချက်အလက်များကိုကြည့်ခြင်းအားဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံအတွက် မည်မျှအရေးကြီးလှကြောင်းကိုသိနိုင်သည်။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ တိုင်းရင်းသားလူမျိုးအချင်းချင်းစည်းလုံးညီညွတ်ရေးနှင့်    ပြည်သူတစ်ရပ်လုံးအေးချမ်းသာယာရေးတို့အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် သတ်မှတ်ထားသည့်အသက်အရွယ်ရှိသူ   လူငယ်များအားလုံး   ပြည်သူ့စစ်မှုထမ်းသင်တန်းများတက်ရောက်ပြီး သတ်မှတ်ထားသည့်ကာလအပိုင်းအခြားအတိုင်းစစ်မှုထမ်းကြရမည်ဖြစ်သည်။

မြန်မာလူငယ်များသည်  နိုင်ငံတော်အတွက်   ရဲဝံ့စွန့်စားစွာတာဝန်ထမ်းဆောင်လိုသည့်လူငယ်များဖြစ်ကြသည်။ ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်မှစတင်ဖွင့်လှစ်ခဲ့ရာတာဝန်ကျေပွန်စွာ စစ်မှုထမ်းသင်တန်းတက်ရောက်နေသည့်လူငယ်များကို တွေ့မြင်ကြရသည်။ သူတို့၏ယုံကြည်ချက်၊ ခံယူချက်များနှင့်ပတ်သက်၍ ရင်တွင်းစကားသံများကို အများပြည်သူတို့  ကြားသိကြရပြီးဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)မှသည် ယခုအခါပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၉)သို့ပင်ရောက်ရှိလာပြီဖြစ်သည်။

ပြည့်အင်အားသည်    ပြည်တွင်းမှာသာရှိသည့်အတွက်   အင်အားတောင့်တင်းသည့်  နိုင်ငံတော်တည်ဆောက်ရေးအင်အား၊  ကာကွယ်ရေးအင်အားများမှာ စဉ်ဆက်မပြတ်ရှိနေရမည့်အင်အားများဖြစ်ပေရာ နိုင်ငံတော်တာဝန်ထမ်းဆောင်နေကြသူများအားလုံးကို ဂုဏ်ယူပါကြောင်း ရေးသားလိုက်ရပေသည်။   ။