ပထမဆုံးသော Type 054B ဖရီးဂိတ်စစ်သင်္ဘောအား တရုတ်တပ်တော်ဝင်

ပထမဆုံးသော Type 054B ဖရီးဂိတ်စစ်သင်္ဘောအား တရုတ်တပ်တော်ဝင်

ချင်းတောင်၊ စစ်လက်နက်နည်းပညာ

တရုတ်နိုင်ငံသည် ၎င်းတို့၏ ပထမဆုံးသော Type 054B အမျိုးအစား ဖရီးဂိတ်စစ်သင်္ဘောအား ဇန်နဝါရီလ ၂၂ ရက် နံနက်ပိုင်းက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေတပ်)တွင် တပ်တော်ဝင်ခဲ့ကြောင်းသိရသည်။

Luohe ဟုအမည်ပေးထားသည့် အဆိုပါစစ်သင်္ဘောအား နိုင်ငံအရှေ့ပိုင်း ရှန်တုန်းပြည်နယ် ချင်းတောင်မြို့ရှိ စစ်ဘက်သုံး ဆိပ်ကမ်းတစ်ခု၌ တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။

Luohe စစ်သင်္ဘောသည် အလေးချိန်အားဖြင့် တန်ချိန်ပေါင်း ၅၀၀၀ ခန့်ရှိပြီး ၎င်းမျိုးဆက်သစ် ဖရီးဂိတ်စစ်သင်္ဘောအားတရုတ်နိုင်ငံက ပြည်တွင်းဖြစ်စစ်ရေယာဉ်အဖြစ် ဒီဇိုင်းထုတ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ရေယာဉ်တွင် ရေဒါရှောင်ကွင်းနိုင်သောနည်းပညာ၊ တိုက်ခိုက်ရေးကွပ်ကဲမှုစနစ်များ၊ ပစ်အားပေါင်းစပ်မှုစသည့်  အဆင့်မြှင့်တင်မှုများတပ်ဆင်ထားပြီး အဘက်ဘက်မှစွမ်းဆောင်ရည် သိသိသာသာတိုးမြှင့်ထားသည့် စစ်ရေယာဉ်တစ်စင်းဖြစ်ကြောင်းသိရသည်။

Luohe စစ်သင်္ဘောသည် ကျယ်ပြန့်သော တိုက်ခိုက်ချေမှုန်းရေးဆိုင်ရာ စစ်ဆင်ရေးများနှင့် အမျိုးမျိုးသောစစ်ဆင်ရေးများအတွက် ထက်မြက်သော စွမ်းဆောင်ရည်များပိုင်ဆိုင်ထားခြင်းကြောင့်  ရေတပ်အထူးတပ်ဖွဲ့များ၏ ဘက်စုံတိုက်ခိုက်ရေးစွမ်းရည်ကိုမြှင့်တင်ရာ၌ အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်သည်။