ထရမ့်လက်ထက်တွင် ပိုမိုပြင်းထန်လာနိုင်သည့် အမေရိကန်-တရုတ်ကုန်သွယ်ရေးတင်းမာမှု

ထရမ့်လက်ထက်တွင် ပိုမိုပြင်းထန်လာနိုင်သည့် အမေရိကန်-တရုတ်ကုန်သွယ်ရေးတင်းမာမှု

အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်လက်ထက်တွင် အမေရိကန်နှင့် တရုတ်တို့ကြား ကုန်သွယ်ရေးတင်းမာမှုများသည် ပိုမိုပြင်းထန်လာဖွယ်ရှိသည်။

အကြောင်းမှာ အမေရိကန်ပြည်ထောင်စုအတွင်းသို့ တင်သွင်းလာမည့် တရုတ်ကုန်ပစ္စည်းများအပေါ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံရန်ရည်ရွယ်ထားသည်ဟု ထရမ့်က ဇန်နဝါရီလ ၂၁ ရက်တွင်   အိမ်ဖြူတော်အတွင်း၌ ပြောကြားခဲ့ခြင်းကြောင့်ဖြစ်သည်။

တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်၁၀ ရာခိုင်နှုန်းကောက်ခံရခြင်းမှာ တရုတ်နိုင်ငံသည် ၎င်းတို့၏ အကိုက်အခဲပျောက်ဆေးအဖြစ်အသုံးပြုနိုင်သည့် fentanyl ဆေးဝါးများကို ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့သို့ တင်ပို့ပြီးနောက် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ပြန်လည်တင်သွင်းလာခြင်းကို လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ထရမ့်ကဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံမှ fentanyl ဆေးဝါးများကို တင်သွင်းခွင့်ပြုခဲ့သည့် ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့အပေါ် လက်တုံ့ပြန်ရန်ထရမ့်ကစီစဉ်ထားပြီး  ယင်းနှစ်နိုင်ငံမှတင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း  ကောက်ခံမည်ဟု ပြောကြားထားသည်။

ထရမ့်သည်   ၎င်း၏ ပထမသမ္မတသက်တမ်းအတွင်းမှာပင် တရုတ်နိုင်ငံမှတင်သွင်းလာသည့် ဒေါ်လာ ၃၀၀ ဘီလီယံတန်ဖိုးရှိကုန်ပစ္စည်းများအပေါ်  အခွန်တိုးမြှင့်ကောက်ခံခဲ့ပြီးဖြစ်သည်။

ယင်းနောက် သမ္မတအဖြစ်တက်ရောက်လာသည့်  ဂျိုးဘိုင်ဒင်လက်ထက်တွင်အဆိုပါအခွန်ကောက်ခံမှုများကို အပြီးသတ်ဖြေရှင်းနိုင်ခြင်းမရှိသည့်အပြင် ဘိုင်ဒင်အစိုးရက တရုတ်နိုင်ငံမှထုတ်လုပ်သည့် လျှပ်စစ်ကားများ၊ ဆိုလာဆဲလ်များ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် အဆင့်မြင့်ဘက်ထရီများအပေါ် ထပ်မံ၍ အခွန်တိုးမြှင့်ကောက်ခံခဲ့သည်။

ထို့ကြောင့် ယခုထရမ့် သမ္မတအဖြစ် ပြန်လည်  တက်ရောက်လာပြီးနောက်တရုတ်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့အပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်းသည်အဆိုပါနိုင်ငံများမှ လက်တုံ့ပြန်မှုများကို ဖြစ်ပေါ်လာစေနိုင်သည်ဟု   စီးပွားရေးပညာရှင်များကသတိပေးထားသည်။

ထို့ပြင်   ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲသို့မဟုတ် ကုန်သွယ်ရေးသဘောထားကွဲလွဲမှုသည် ငွေကြေးဖောင်းပွမှုကိုပြန်လည်ဖြစ်ပေါ်စေပြီး နှေးကွေးနေသည့် အမေရိကန်စီးပွားရေးတိုးတက်မှုကိုပါ ထိခိုက်စေနိုင်သည်ဟု ဆက်လက်သတိပေးထားသည်။

သို့သော် ထရမ့်သည် ၎င်းသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး တစ်နေ့တည်းမှာပင် အမေရိကန်နှင့်ချမှတ်ထားသည့် ကုန်သွယ်ရေးသဘောတူညီချက်များ၊ ကုန်သွယ်ရေးနှင့်သက်ဆိုင်သည့်  ကိစ္စရပ်များကိုလေ့လာရန် အဖွဲ့အစည်းအများအပြားကို ညွှန်ကြားခဲ့သည်။ ရည်ရွယ်ချက်မှာ လာမည့်အနာဂတ်ကာလတွင် အခွန်များဆက်လက်တိုးမြှင့်ကောက်ခံရန်ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ   တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံကြား သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းနိုင်ရန်နှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်အတွက် အမေရိကန်အစိုးရနှင့် ဆက်သွယ်မှုများကို  ဆက်လက်ထိန်းသိမ်းမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

ကုန်သွယ်ရေးစစ်ပွဲ သို့မဟုတ် အခွန်စစ်ပွဲတွင် အနိုင်ရရှိသူမရှိဟု တရုတ်နိုင်ငံက အစဉ်အမြဲ ယုံကြည်လျက်ရှိပြီး တရုတ်အနေဖြင့်  နိုင်ငံ၏အကျိုးစီးပွားများကိုအခိုင်အမာကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ   ပြောရေးဆိုခွင့်ရှိသူမောင်နင်းက တုံ့ပြန်ပြောကြားထားသည်။

ထရမ့်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကပြုလုပ်ခဲ့သည့် ဆွေးနွေးမှုအတွင်း fentanyl ဆေးဝါးများတင်သွင်းမှုနှင့် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နိုင်သည့် ကဏ္ဍရပ်များနှင့်စပ်လျဉ်း၍ ပြောဆိုဆွေးနွေးခဲ့ကြသည်။

ထရမ့်သည် ၎င်း၏ပထမသက်တမ်းအတွင်း၌ အမေရိကန်-တရုတ်ကုန်သွယ်ရေးနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံအား ပြစ်တင်ဝေဖန်ခဲ့သည်။ တရုတ်အစိုးရအနေဖြင့် အမေရိကန်၏စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များဝယ်ယူရေးအပါအဝင် နှစ်နိုင်ငံကြားချမှတ်ထားသည့် သဘောတူညီချက်ပါ အချက်အလက်များအား  လိုက်နာရန်ပျက်ကွက်ခဲ့သည်ဟု ထရမ့်ကပြောကြားခဲ့သည်။

ထို့ကြောင့် အမေရိကန်အစိုးရအနေဖြင့်တရုတ်နှင့် လက်မှတ်ရေးထိုးသည့် သဘောတူညီချက်အတိုင်း အမေရိကန်မှထုတ်လုပ်သည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအား စတင်ဝယ်ယူရန် တရုတ်ကုမ္ပဏီများကို တိုက်တွန်းမည်ဟု ထရမ့်၏ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က  ပြောကြားထားသည်ကိုတွေ့ရသည်။

ထို့ပြင် ပြီးခဲ့သည့် လေးနှစ်အတွင်းတစ်နည်းအားဖြင့် ဂျိုးဘိုင်ဒင်သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့်ကာလအတွင်းတရုတ်ကုမ္ပဏီက အမေရိကန်မှဝယ်ယူရန်သဘောတူထားသည့်  ကုန်ပစ္စည်းများအတွက် ကာမိစေရန် ထရမ့်၏ယခုသက်တမ်းအတွင်း အမေရိကန်မှထုတ်လုပ်သည့် ကုန်ပစ္စည်းများကို ပိုမိုဝယ်ယူရန် အမေရိကန်အစိုးရက ဖိအားပေးတောင်းဆိုရန်စီစဉ်ထားခြင်းကြောင့် အမေရိကန်နှင့် တရုတ်တို့ကြား အဆုံးမသတ်နိုင်သည့် ကုန်သွယ်ရေးတင်းမာမှုသည် ထရမ့်လက်ထက်တွင်ပိုမိုပြင်းထန်လာမည့်  အလားအလာရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။    ။