စီးပွားဥစ္စာ တိုးတက်သာယာ မိတ္ထီလာ

စီးပွားဥစ္စာ တိုးတက်သာယာ မိတ္ထီလာ

ဆောင်းပါးရှင် - ဘုန်းမောင်ဝင်း(ဖျာပုံ)

မြန်မာနိုင်ငံအလယ်ပိုင်းတွင် မိတ္ထီလာခရိုင်သည်မြေပြန့်လွင်ပြင်ဖြစ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာအခွင့်အလမ်းများလုပ်နိုင်လျှင်လုပ်နိုင်သလောက် အကျိုးရှိပြီး ပထဝီအနေအထားအရ အချက်အချာကျသော နေရာဒေသဖြစ်သည်။ ရှေးယခင်က သျှိသျှားမြို့ဟုခေါ်တွင်ခဲ့ကြောင်းသိရ သည်။ ကောဇာသက္ကရာဇ် (၄၁၄)ခုနှစ်တွင် သျှိသျှားကန်ကို ပြုပြင်ဆည်ဖို့ခဲ့ရာ (၄၁၆)ခုနှစ်တွင် ပြီးစီးခဲ့သည်။ ကန်တော်ဆည်ဖို့နေစဉ် ကာလအတွင်း အနော်ရထာမင်းစောသည် အမတ်ကြီး နရသီဟပတေ့မင်းအား ယာယီနန်းမြို့တည်စေခဲ့သည်။  ထိုစဉ် သျှိသျှားကန်သည် ပုပ္ပားတောင်နှင့်ဆက်စပ် ခြင်း ရှိ၊ မရှိ မြင်းသည်တော်တစ်ဦးအား သွားရောက်ကြည့်ရှုစစ်ဆေးစေခဲ့ရာ မထိလာပါဟု လျှောက်ထားဖြေကြားခဲ့ခြင်းကို အစွဲပြု၍ ကန်တော်ကို မထိလာကန်ဟု လည်းကောင်း၊ မြို့အမည်ကို မထိလာမြို့ဟုလည်းကောင်း ခေါ်တွင်စေခဲ့ရာမှ  ကာလရွေ့လျားလာသည့်အခါ မိတ္ထီလာကန်၊ မိတ္ထီလာမြို့ဟု  အမည်တွင်လာခဲ့ခြင်းဖြစ်သည်။

မိတ္ထီလာမြို့သည် မြန်မာနိုင်ငံ၏ အရှေ့၊အနောက်၊ တောင်၊ မြောက် အလယ်ဗဟိုကျကျနေရာ၊ လမ်းဆုံလမ်းခွ အချက်အချာကျသောနေရာတွင် တည်ရှိနေသောမြန်မာနိုင်ငံအလယ်ပိုင်း မြေပြန့်လွင်ပြင်ဒေသဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက်ပျမ်းမျှအမြင့်ပေ ၇၅၀ အမြင့်တွင် တည်ရှိသည်။  ယေဘုယျအားဖြင့် ညီညာပြန့်
ပြူးသည့်ဒေသဖြစ်ပြီး တောင်ကုန်းတောင်တန်းငယ်များလည်းရှိသော ဒေသတစ်ခုဖြစ်သည်။  မိတ္ထီလာဒေသတွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဘုရား၊ ပုထိုး၊ စေတီ၊ ကျောင်း၊ ကန်တို့လည်းပေါများလှသည်။

ကောဇာသက္ကရာဇ် ၄၁၄ ခုနှစ်တွင်ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးအုပ်ချုပ်မင်းလုပ်စဉ် နိုင်ငံ့စီးပွားရေးလုပ်ငန်း၏ အဓိကသော့ချက်မှာ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ပြီး  စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေရန်အတွက် ရေသည် အဓိကကျကြောင်း သိရှိခဲ့သည်။  သို့အတွက်မြေပြန့်လွင်ပြင်စိုက်ပျိုးမြေနှင့် စားကျက်မြေများပေါများသည့် မိတ္ထီလာဒေသတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် မိတ္ထီလာကန်တော်ကြီးကို  ပြုပြင်ဆည်ဖို့ခဲ့သည်။ ထိုနည်းတူ မြန်မာဘုရင်အဆက်ဆက်တို့သည်လည်း လယ်ယာစိုက်ပျိုးရေးကိုအားပေးခဲ့သည်။ လယ်ထွန်မင်္ဂလာပွဲများကျင်းပခြင်း၊ ဗုံကြီးသံသီချင်းများသီဆိုခြင်းတို့ဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ဆောင်သူများကို အားပေးခဲ့သည်။ ဆည်မြောင်းတာတမံများဖောက်လုပ်ကာ စိုက်ပျိုးရေရရှိရေးကိုလည်း စီမံဆောင်ရွက်ခဲ့သည်။ ယမထာ ရွှေကြိမ်လုံးရယ်နဲ့ ထွန်တုံးကိုတဲ့ခြေတော်တင် … ဟူသော ဗုံကြီးသံသီချင်းကို ယနေ့တိုင်မမေ့နိုင်ဖြစ်ရသည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဆိုသည်မှာ ကျေးလက်နေပြည်သူအများစု၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သကဲ့သို့ တိုင်းပြည်၏စားရေ ရိက္ခာဖူလုံရေးအတွက်လည်း အသက်သွေးကြောဖြစ်သည်။

ဒေသခံပြည်သူများအနေဖြင့် နိုင်ငံရေး၊စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့ကြိုးစားလျှင် ကြိုးစားသလောက်   အောင်မြင်မှုပန်းတိုင်သို့ရောက်ရှိမည်ဖြစ်သည်။ ဒေသတွင်း တရားဥပဒေစိုးမိုးမှုရှိပြီး   နယ်မြေတည်ငြိမ်အေးချမ်းသည့်အတွက် အများပြည်သူတို့ စိတ်နှလုံးအေးချမ်းကာ စားဝတ်နေရေးအတွက် အေးချမ်းစွာရှာဖွေစားသောက်နိုင်ကြသည်။ မိတ္ထီလာမြို့တွင် အထူးခြားဆုံးမှာ မိတ္ထီလာကန်တော်ကြီးဖြစ်သည်။ မိတ္ထီလာသို့မရောက်ဖူးကြသော်လည်းမိတ္ထီလာကန်တော်ကြီးကို   မိခင်တိုင်း၊ ကလေးငယ်တိုင်းသိကြမည်ဖြစ်သည်။ လေဘာတီမမြရင်    သီဆိုထားသည့်အားယားမသီချင်းကြောင့်လည်း မိတ္ထီလာကန်တော်၏နာမည်မှာ   ပိုမိုလူသိများခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကိုဦးဆောင်ထမ်းရွက်နေစဉ်အတွင်း နိုင်ငံနှင့်ပြည်သူများအတွက်  အကောင်းမွန်ဆုံးဖြစ်အောင်  ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍစုံဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံ့စီးပွားမြင့်မားရေးကိုအထူးအလေးထားလုပ်ဆောင်လျက်ရှိသည်။နိုင်ငံအတွက်   စီးပွားရေးမောင်းနှင်အားရှင်သန်နေမှသာ အခြားသောနိုင်ငံရေးနှင့် ကာကွယ်ရေးမောင်းနှင်အားတို့လည်း ရှင်သန်မည်ဖြစ်သည်။ ရှေးကလူကြီးမိဘများပြောကြားထားသကဲ့သို့ မြန်မာနိုင်ငံတွင် ပဒေသာပင်မြေကပေါက်သည်ဆိုခြင်းမှာ မြေကြီးကိုအခြေတည်ကာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်အောင်မြင်ခြင်းကို ညွှန်းဆိုခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို   အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။ အမျိုးသားရေး  လုပ်ငန်းစဉ်ဆိုသည်မှာ မည်သည့်အစိုးရလက်ထက်တွင်ဖြစ်စေ မဖြစ်မနေဆောင်ရွက်နေရမည့် လုပ်ငန်းစဉ်ဖြစ်သည်။ လူတိုင်းသည် အစားအစာစားနေကြ၍ အသက်ရှင်သန်နေထိုင်နိုင်ခြင်းဖြစ်သည်။  အစားအစာ စားသောက်ရရှိစေဖို့   စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုလုပ်ဆောင်နေကြရသည်။ ထိုနှစ်မျိုးစလုံးကို အားပြည့်အင်ပြည့်လုပ်ကိုင်ဆောင်ရွက်ရန်   မိတ္ထီလာခရိုင်သည်  သင့်တော်သော မြေအနေအထားများလည်းရှိသည်။ ထိုမြေပေါ်တွင် စားရေးအတွက်သာမက ဝတ်ရေးအတွက် စိုက်ပျိုးဖြစ်ထွန်းသည်။ ဝါနှင့်ပတ်သက်၍     နိုင်ငံတော်အကြီးအကဲသည်  မိတ္ထီလာမြို့သို့ရောက်ရှိပြီး ၂၀၂၄ ခုနှစ်  ဇွန်လ ၁၇ ရက်က တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ)သို့ ကြည့်ရှုစစ်ဆေးစဉ် “ ပြည်ပသို့ ဝါများကို ရောင်းချမည့်အစား  ပြည်တွင်း၌လိုအပ်လျက်ရှိသည့် အဆင့်မီချည်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်  ခြင်ထောင်၊ စောင်၊ အိပ်ရာခင်းအပါအဝင် အခြေခံချည်ထည်အမျိုးမျိုးကို    ပြည်တွင်း၌ ထုတ်လုပ်နိုင်ပြီဖြစ်သောကြောင့် ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသွင်းကုန်လျော့ကျစေရေး  ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ဝါများဖြင့် အရည်အသွေးမြင့် ချည်ထည်နှင့်ပိတ်များ ထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” လမ်းညွှန်ခဲ့သည်။  ထို့ပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၆  ရက်က မိတ္ထီလာမြို့တွင်  တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ) ၂/၈၀ ချည် ချောစက်ရုံခွဲကို  တပ်မတော်သားများနှင့် ပြည်သူများအတွက်  လိုအပ်သည့်အခြားသောအထည်အလိပ်ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်ရေး  ဖွင့်လှစ်ပေးခဲ့သည်။  မိတ္ထီလာခရိုင်တွင် ဝါသီးနှံများ စိုက်ပျိုးပြီးစီးမှုအခြေအနေနှင့်ပတ်သက်၍ ဝါမျိုးစုံစုစုပေါင်း လျာထားဧက ၅၇၃၁၇ ရှိပြီးစိုက်ဧက ၃၉၃၁၂ ဧက၊ ရိတ်သိမ်းပြီးဧက ၃၅၅၀၅   ရှိခဲ့သည်။  ဝါပိဿာပေါင်း၁၂၂၅၂၇၂၈ ပိဿာထွက်ရှိခဲ့သည်။ မိတ္ထီလာခရိုင်တွင် ချည်မျှင်ရှည်ဝါများကို မိုးကြိုကာလ၊ မိုးကာလနှင့်မိုးနှောင်းကာလတို့တွင် စိုက်ပျိုးကြသည်။

ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်တွင်  နိုင်ငံတော်အကြီးအကဲက မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊   အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားစဉ်  “မိတ္ထီလာခရိုင်အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့်   ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ မိတ္ထီလာခရိုင်အတွင်း ဒေသတွင်းစိမ်းလန်းစိုပြည်သည့်   ပတ်ဝန်းကျင်ကိုဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ စိမ်းလန်းစိုပြည်ရေးအတွက်  အဓိကကျသည့်ရေရရှိရေးတွင် မိုးရေ၊ မြေအောက်ရေ၊ ဆည်ရေ၊ မြစ်ရေ၊ ချောင်းရေဟူ၍ရှိပြီး မိတ္ထီလာဒေသနှင့်ကိုက်ညီသည့် ရေရရှိရေးနည်းလမ်းများကို ရှာဖွေဆောင်ရွက်ရန်လိုကြောင်း၊ ဒေသ၌ သာယာလှပမှု၊ အေးချမ်းစိုပြည်မှုတို့ရှိမည်ဆိုပါက ဒေသတွင်းသို့ လာရောက်လည်ပတ်သူများလည်း များပြားလာမည်ဖြစ်ကြောင်း၊ ဒေသတွင်းသို့ ခရီးသွားအများအပြားလာရောက်ခြင်းသည် ဒေသခံတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူဖြစ်စေနိုင်သည်ဖြစ်သဖြင့် မိတ္ထီလာခရိုင်အတွင်း GreenZone Area များကို မဖြစ်မနေအကောင်အထည် ဖော်သွားရမည်ဖြစ်ပြီး  နှစ်ရှည်အရိပ်ရအပင်များကို အပင်သက်တမ်း အလိုက်စဉ်ဆက်မပြတ်သည့်  စိုက်ပျိုးရေးနည်းဖြင့် စနစ်တကျ စိုက်ပျိုးထိန်းသိမ်းသွားကြရန် လိုကြောင်း” တိုက်တွန်း ပြောကြားခဲ့သည်။

ဒေသတစ်ခုဖွံ့ဖြိုးတက်မှုမှာ ဒေသတွင်းတာဝန်ထမ်းဆောင်လျက်ရှိသည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသတွင်းနေထိုင်သူများ၏ ကြိုးပမ်းဆောင်ရွက်မှုအပေါ်တွင် အဓိကမူတည်သည်။ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသည့်အတိုင်း  သက်ဆိုင်သူအားလုံးက  ဒေသဖွံ့ဖြိုးရေးကို အားကြိုးမာန်တက်    လုပ်ဆောင်ကြရပေမည်။ မိတ္ထီလာခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များ ဖြည့်ဆည်းပေးလျက်ရှိသည့်အတွက် အမျိုးမျိုးသော လုပ်ငန်းရှင်များဘက်ကလည်း  ဟန်ချက်ညီညီလုပ်ဆောင်ကြရမည်ဖြစ်သည်။

မိတ္ထီလာခရိုင်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများလည်းရှိပြီး စက်မှုဇုန်လုပ်ငန်းများလည်း လည်ပတ်လျက်ရှိသည်။MSME လုပ်ငန်းနှင့်ပတ်သက်၍  မိမိဒေသထွက်ကုန်ကြမ်းများကို   အဓိကအသုံးပြုပြီးဆောင်ရွက်ကြလျှင် ကုန်ကြမ်းသယ်ယူပို့ဆောင်မှုစရိတ်စက   သက်သာခြင်း၊ ကုန်ကြမ်းပြတ်လပ်မှုမှ ကင်းဝေးခြင်းစသည့်အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်သည်။ One Region One Product ဖြစ်စေရေးအတွက် နိုင်ငံတော်အကြီးအကဲက ညွှန်ကြားထားပြီးဖြစ်ရာ  မိတ္ထီလာခရိုင်အတွင်းရှိ MSME ဆောင်ရွက်သူများအနေဖြင့်လည်း  ဒေသထွက်ကုန်ကြမ်းဖြစ်သည့်  ဝါးနှင့်ပတ်သက်သော ထုတ်ကုန်များကို  ထုတ်လုပ်နိုင်ရေးအလေးထားဆောင်ရွက်ကြ ရမည်ဖြစ်သည်။  ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် ဈေးကွက်ရှိပြီး အရည်အသွေးပြည့်မီသည့်    ကုန်ပစ္စည်းများဖြစ်ရေး၊ ကုန်ပစ္စည်းချင်းတူပါက ဈေးသက်သာရေး၊ ဈေးချင်းတူပါက အရည်အသွေး ကောင်းမွန်ရေး ကြိုးစားကြရမည်ဖြစ်သည်။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ နည်းလမ်းလေးသွယ်ရှိပြီး မျိုးများကောင်းမွန်ရန်၊ မြေပြုပြင်ခြင်းနှင့် သွင်းအားစုများမှန်မှန်ကန်ကန်ထည့်သွင်းရန်၊  စိုက်ပျိုးရေလုံလောက်စွာရရှိရန်နှင့် စိုက်နည်းစနစ်များ မှန်ကန်မှုရှိရန်တို့ဖြစ်သည်။ စိုက်ပျိုးရေးတွင် ပင်မရင်းမြစ်မှာ စိုက်ပျိုးမြေကောင်းမွန် မှုဖြစ်သည်။       စိုက်ပျိုးမြေ     ကောင်းမွန်နေမှလည်း
သွင်းအားစုထည့်သမျှ  အကျိုးဖြစ်ထွန်းပေမည်။ စိုက်ပျိုးမှုကောင်းမွန်မှုမရှိသည့်အခါ  အထွက်နှုန်းလည်းကျဆင်းမည်ဖြစ်သည်။ ပိုက်ဆန်လျှော်စိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများ  ထည့်သွင်းခြင်းတို့အပါအဝင်   နည်းလမ်းများရှာဖွေ၍   မိတ္ထီလာဒေသ၏ မြေဆီမြေလွှာကောင်းမွန်လာအောင်ဆောင်ရွက်ခြင်းတို့ဖြင့် မြေပြုပြင်ခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်သည်။

မိတ္ထီလာဒေသတွင်  စိုက်ပျိုးထားသောသီးနှံများ၏  အခြေအနေကိုလည်း   တင်ပြလိုပါသည်။ မိတ္ထီလာခရိုင်၏ မြေယာအသုံးချမှုအခြေအနေကို  ကြည့်ပါကစိုက်ပျိုးမြေဧရိယာဧက ၇၁၇၂၇၂ ၊  အသားတင်စိုက်မြေ ဧက ၆၆၀၂၇၃ နှင့်လှပ်မြေ ဧက၅၆၉၉၉  ရှိသည်။လယ်မြေ၊  ယာမြေနှင့်ဥယျာဉ်မြေများကို ကဏ္ဍအလိုက်  ခွဲခြားထားခြင်းဖြစ်သည်။ ခရိုင်အတွင်းမိုးရွာသွန်းမှုအနေဖြင့်၂၀၂၄ ခုနှစ်တွင် မိုးရွာရက် ၄၇ ရက်ရှိပြီးမိုးရေချိန်လက်မ ၃၆ ဒသမ၂၀ ရှိခဲ့သည်။ စိုက်ပျိုးသီးနှံများအနေဖြင့်  မိုးစပါး စိုက်ဧကမှာ ၁၁၆၄၃၆  ဧက ရှိခဲ့ပြီးနွေစပါးအား   ဆက်လက်စိုက်ပျိုးလျက်ရှိသည်။

မြေပဲနှင့်ပတ်သက်၍ မိုးနှင့်ဆောင်းတွင် စိုက်ပျိုးကြပြီး မိုးမြေပဲစိုက်ဧကမှာ ၄၇၂၆၉ ဧကနှင့် ဆောင်းမြေပဲစိုက်ဧကမှာ ၅၇၅၄ ဧက ဖြစ်သည်။  နှမ်းစိုက်ပျိုးမှုနှင့်  မိုး၊ ဆောင်း၊ နွေ သုံးရာသီလုံး စိုက်ပျိုးလျက်ရှိရာ မိုးနှင့်   ဆောင်းမြေပဲစိုက်ဧကမှာ၃၂၄၇၂၁ ဧကရှိသည်။

နေကြာစိုက်ပျိုးထားရှိမှုနှင့်ပတ်သက်၍မိုးနှင့်ဆောင်းတွင်စိုက်ပျိုးကြပြီး မိုးနှင့်ဆောင်း နေကြာစိုက်ဧကမှာ ၁၄၄၆၂  ဧက ဖြစ်သည်။ ပဲတီစိမ်းနှင့်ပတ်သက်၍ မိုးနှင့်ဆောင်းတွင်   စိုက်ပျိုးကြပြီး  မိုးနှင့်ဆောင်းရာသီ ပဲတီစိမ်းစိုက်ဧကမှာ ၃၂၂၂၃ ဧက ဖြစ်သည်။ ပဲစင်းငုံစိုက်ပျိုးမှုကို မိုးရာသီတွင်စိုက်ပျိုးကြပြီး စိုက်ဧကမှာ ၁၀၈၆၆၃ ဧကဖြစ်သည်။

မိတ္ထီလာခရိုင်မှာ ရေခံမြေခံကောင်းမွန်သည့်အတွက်  စားဖိုဆောင်သီးနှံများဖြစ်သည့် ငရုတ်၊ အာလူး၊ ကြက်သွန်၊ ဟင်းသီးဟင်းရွက်၊  ဖူးစားပြောင်း၊ နှံစားပြောင်းများကိုလည်းစိုက်ပျိုးကြသည်။ မိုးရာသီတွင်   တိရစ္ဆာန်အစားအစာများကိုလည်းစိုက်ပျိုးကြောင်းသိရှိရသည်။ ထို့ပြင် ပဲအမျိုးမျိုးဖြစ်သည့်   မတ်ပဲ၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲနောက်၊ ပဲကြီး၊ ပဲကျား၊ ဘိုကိတ်နှင့်အခြားသောပဲများကို လည်းစိုက်ပျိုးကြသည်။ မိတ္ထီလာခရိုင်တွင် မိတ္ထီလာ၊ မလှိုင်၊ သာစည်နှင့် ဝမ်းတွင်းမြို့နယ်များပါဝင်ရာ အဆိုပါမြို့နယ်များအားလုံးနွေမိုးဆောင်း စဉ်ဆက်မပြတ်သီးနှံများစိုက်ပျိုးလျက်ရှိသည်။ စိုက်ပျိုး သီးနှံမှန်သမျှ  ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းဟူသောနည်းလမ်းလေးသွယ်ဖြင့်   ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

အိမ်တိုင်း၊ မိသားစုတိုင်းနေ့စဉ်ဟင်းချက်ရာတွင် မပါမဖြစ်သော မီးဖိုချောင်သီးနှံဖြစ်သည့် ကြက်သွန်နီကိုလည်း  မိတ္ထီလာခရိုင်အတွင်း  စိုက်ပျိုးကြသည့်အတွက် အထွက်နှုန်းကောင်းအောင်   ခေတ်မီနည်းစနစ်များဖြင့် စိုက်ပျိုးကြရမည်ဖြစ်သည်။ ကြက်သွန်နီစိုက်ပျိုးမှုမှာဆိုလျှင်လည်း တစ်နိုင်ငံလုံး၏ ၆ ဒသမ ၉၇ ရာခိုင်နှုန်း စိုက်ပျိုးထားကြောင်း သိရှိရသည်။ ငရုတ်စိုက်ပျိုးမှုသည်လည်း ထိုနည်းအတူပင်ဖြစ်သည်။  မြန်မာ့ဟင်းတိုင်းအတွက် ပါဝင်ပစ္စည်းဖြစ်သော ကြက်သွန်နီနှင့် ငရုတ်တို့ကို တစ်နှစ်ပတ်လုံး  စိုက်ပျိုးရောင်းချနိုင်မည်။ အထွက်နှုန်းကောင်းအောင် စိုက်ပျိုးမည်ဆိုပါကလည်း ဝယ်လိုအားကောင်းမှုကြောင့် ဒေသခံတို့၏    လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အထောက်အကူပြုမည်ဖြစ်သည်။

 စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ခေတ်မီနည်းစနစ်များနှင့်အညီ စိုက်ပျိုးရမည် ဖြစ်သည်။ ယခုအခါ စိုက်ပျိုးရေးလုပ်ငန်းမှထွက်ရှိသော    စိုက်ပျိုးရေး ထွက်ကုန်များကို   လူသားတို့အတွက် ဦးတည်ထုတ်လုပ်ရုံတင်မက တိရစ္ဆာန်များအတွက်ပါ ဦးတည်ထုတ်လုပ်လျက်ရှိသည်။ ဆိုရပါမူ   တိရစ္ဆာန်အစာစပ်စက်ရုံများပင် ဖြစ်ပါသည်။  တိရစ္ဆာန်အစာများကိုပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ခြင်းဖြင့်ပြည်ပက မှာယူတင်သွင်းရမှုလည်း လျော့နည်းကာ ကုန်ကျစရိတ်များလည်းသက်သာမည်ဖြစ်သည်။

မိတ္ထီလာဒေသတွင် ယခင်ကတည်းကတွင်ကျယ်စွာ  ဆောင်ရွက်နိုင်ခဲ့သည့်စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းကြီးများ၊မိရိုးဖလာမွေးမြူရေးမှတစ်ဆင့် လှောင်မွေးစနစ်ဖြင့် မွေးမြူရေးများကို  မွေးမြူရေးဆိုင်ရာခေတ်မီနည်းစနစ်များအကူအညီဖြင့် မွေးမြူကြမည်ဆိုလျှင် ဒေသတွင်းအသားထုတ်လုပ်မှုများ ယခုထက် ပိုမိုတိုးတက်အောင်မြင်ကာ  နိုင်ငံအတွက်  အသားထုတ်လုပ်မှု၏ ဗဟိုချက် ဖြစ်လာနိုင်ပေမည်။

မိတ္ထီလာခရိုင်အတွင်း  မွေးမြူထားရှိသည့်တိရစ္ဆာန်များမှာ ဥစားကြက်၊ အသားစားကြက်၊ ဒေသကြက် စုစုပေါင်း ၁၀၀၀၀၀၀ကျော်၊  ဒေသနွားနှင့် နို့စားနွား ၄၀၀၀၀၀ကျော်၊ ဝက်ကောင်ရေ ၄၀၀၀၀ ကျော်၊ ဆိတ်ကောင်ရေ ၁၈၀၀၀၀ ကျော်နှင့် သိုးကောင်ရေ ၂၄၀၀၀ ကျော် မွေးမြူကြပြီး ၂၀၂၄ ခုနှစ်တွင် အေးခဲအသားနှင့်အသားခြောက်လုပ်ငန်းမှ အသားခြောက်ထုတ်လုပ်မှု ၉၆ တန်တို့  ဆောင်ရွက်ထုတ်လုပ်နိုင်ခဲ့သည်။  ထို့ပြင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏   နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်သိန်း ၉၆၅၀ ဖြင့် မိတ္ထီလာခရိုင်တွင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရသည်။ ထို့ပြင် မြစိမ်းရောင်(အသားကဏ္ဍ)မွေးမြူရေးကျေးရွာစီမံကိန်းအဖြစ် မိတ္ထီလာခရိုင်တွင် ရွာပေါင်း ခုနစ်ရွာသတ်မှတ်ထားပြီး   ထုတ်ချေးငွေပေါင်းငွေကျပ် ၂၄၃ ဒသမ၂၉ သန်း ထုတ်ပေးထားကြောင်း သိရှိရသည်။

လုပ်ငန်းများမှာ တစ်ခုနှင့်တစ်ခုဆက်နွှယ်လျက်ရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်လျှင် မွေးမြူရေးလုပ်ငန်းကိုများစွာအထောက်အကူပြုသကဲ့သို့ မွေးမြူရေးလုပ်ငန်းများ အောင်မြင်လျှင်လည်း စားရေးအတွက်သာမက သားရေထည်လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင် မည်ဖြစ်သည်။ သားရေဖြင့်ပြုလုပ်သည့် အဝတ်အထည်များ၊ အိတ်များ၊ ဖိနပ်များနှင့် အခြားအသုံး အဆောင်ပစ္စည်းများသည် ဈေးကွက်ဝင်ပစ္စည်းများဖြစ်သဖြင့် မွေးမြူရေးကိုအောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် အခြားဆက်စပ်လုပ်ငန်းများကို အောင်မြင်စေမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူ ရေးထုတ်ကုန်များကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ(Agro Base Industry) ကို ဖော်ဆောင်သွားရမည်ဖြစ်ပြီး တန်ဖိုးမြင့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ထုတ်လုပ်နိုင်ရေး ဆင့်ပွားကြိုးစားကြရမည်ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများအတွက်  ဈေးကွက်ရှိထားပြီးဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့   လုပ်ကိုင်ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြရန်သာဖြစ်သည်။ လုပ်ငန်းများ တိုးတက်လာသည်နှင့်ဒေသဖွံ့ဖြိုးတိုးတက်မှုမှာလည်း  အရှိန်မြင့်လာမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်လျက်ရှိသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ  ထုတ်ယူသုံးစွဲမှုကိုလည်း အားပေးဆောင်ရွက်လျက်ရှိသည်။ မိတ္ထီလာဒေသသည်  မိုးရွာရက်နည်းသည့် ဒေသဖြစ်၍ နေရောင်ခြည်စွမ်းအင်ဖြင့်  လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲမှုကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတစ်ခုလုံး    တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရန်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်ဆောင်ရွက်လျက်ရှိသည်။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီသဘောတရားများအရ အစိုးရနှင့်အတူ ဒေသဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူများ ၊ သက်ဆိုင်ရာဌာနများကလည်း ဒေသအလိုက်ဒေသခံတို့၏လူမှုစီးပွားရေးဘဝ   ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော လုပ်ငန်းများ၊ MSME လုပ်ငန်းများ၊ ထိုလုပ်ငန်းများကို အခြေခံသော အဆင့်မြင့်စက်မှုကုန်ထုတ်လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေး   လိုအပ်သည့်သွင်းအားစုများဖြည့်ဆည်းပေးခြင်း၊ နည်းပညာအကူအညီများပေးခြင်း၊ ဈေးကွက်များ ရှာဖွေချဲ့ထွင်ပေးခြင်းတို့ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။  မိတ္ထီလာဒေသ၏စီးပွားရေးလုပ်ငန်းများ အောင်မြင်မှုသည်   နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်  အထောက်အကူတစ်ခုဖြစ်ပေရာ အမျိုးမျိုးသောလုပ်ငန်းရှင်များဘက်ကလည်း စုပေါင်းညီညာအောင်ကြောင်းဖြာဆိုသည့်အတိုင်းတာဝန်ရှိသူအားလုံးနှင့်ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီလ ၁၇ ရက်က  ကျင်းပခဲ့သည့်ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့  တက်ရောက်အမှာစကားပြောကြားစဉ်“မိမိအနေဖြင့်   မကြာသေးမီရက်ပိုင်းအတွင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာနှင့် ပြင်ဦးလွင်ဒေသတို့ရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်ထားရှိမှုများအနေဖြင့် အားရကျေနပ်ဖွယ်ကောင်းသည်ကိုတွေ့ခဲ့ရကြောင်း၊  ထွက်ကုန် ပစ္စည်းများယခင်ကထက် ပိုမိုထုတ်လုပ်လာနိုင်သည်ကိုတွေ့ရှိရပြီး ထုပ်ပိုးမှုနှင့် အရည်အသွေးပိုင်းများသည်လည်း  ကောင်းမွန်သည်ကိုတွေ့ရှိရကြောင်း၊   MSME လုပ်ငန်းများဆောင်ရွက်ရာတွင်  ဒေသ တွင်းမှရရှိသည့်ကုန်ကြမ်းများကို အခြေခံသည့်   ကုန်ချောပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများကို အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲ၏ဂုဏ်ပြုပြောကြားမှုများမှာအဆိုပါဒေသများရှိတာဝန်ရှိသူများ၊ လုပ်ငန်းဆောင်ရွက်နေသူများနှင့်ပြည်သူများအတွက် “အား” တစ်ရပ်ဖြစ်စေခဲ့သည်။မိတ္ထီလာခရိုင်အနေဖြင့် ဒီထက်ပိုမိုအောင်မြင်အောင်နိုင်ငံတော်အစိုးရ၏ပံ့ပိုးမှုနှင့်အတူဒေသခံပြည်သူများက ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်သည်။ သို့မှသာ စီးပွားဥစ္စာ တိုးတက်သာယာ မိတ္ထီလာအဖြစ် မော်ကွန်းတွင်နေမည်ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ပါသည်။  ။