
ဝက်ခြံနှင့် အရေပြားကျန်းမာရေး
ဆောင်းပါးရှင် - ဒေါက်တာလွင်သန့်
ဝက်ခြံထွက်ခြင်းကို လူတိုင်း ဆယ်ကျော်သက်အရွယ်မှာ စတင်ကြုံဖူးကြပါတယ်။ အဓိကအားဖြင့် ဟော်မုန်းပြောင်းလဲမှုကြောင့်ဖြစ်တာများပါတယ်။ ကလေးဘဝမှာ အရေပြားနူးနူးညံ့ညံ့ရှိရာကနေ လူကြီး ဖြစ်လာတဲ့အခါ အဆီတွေထွက်လာပြီး တချို့ဆိုရင် အသက် ၁၀ နှစ် အောက်မှာ ကလေးအသားအရေရှိပေမယ့် အသက် ၁၁ နှစ်၊ ၁၂ လောက် မှာ အဆီစပြီးထွက်လာတာမျိုးလည်းရှိပါတယ်။ မိန်းကလေးဆိုရင် သွေးသားသိသိသာသာပြောင်းလဲလာတဲ့အတွက် ဟော်မုန်းတွေပါ လိုက်ပါပြောင်းလဲလာပါတယ်။
အဆီဂလင်းတွေကဟော်မုန်းကိုတုံ့ပြန်လာပြီးတော့ အဲဒီဟော်မုန်း တွေကြောင့်ပဲ အဆီစထွက်လာပါတယ်။ အဆီတွေများလာတဲ့အခါချွေးပေါက်တွေပိတ်သွားပြီး ဂလင်းတွေရောင်လာပါတယ်။ အဲဒီနေရာကိုကုတ်တာ၊ ဖဲ့တာတွေလုပ်မိရင် ပိုးဝင်ပြီး အနီလုံးတွေဖြစ်လာပါ တယ်။ ဒါကို ဝက်ခြံထွက်လာတာလို့ခေါ်ပါတယ်။ ဆယ်ကျော်သက်အရွယ်တွေမှာဖြစ်တာက သဘာဝကြောင့်ဖြစ်လို့ ထိန်းပေးဖို့လိုအပ်ပါတယ်။
ဝက်ခြံထွက်လာတဲ့အခါ ဖုံးကွယ်ဖို့ မိတ်ကပ်နဲ့ အစိုဓာတ်ထိန်းခရင်မ် တွေသုံးလို့ရပါတယ်။ ဒါပေမဲ့ မိတ်ကပ်က ချွေးပေါက်ပိတ်နိုင်ပါတယ်။အရေပြားအစိုဓာတ်ထိန်းခရင်မ်က အာဟာရ(Nutrition) လည်း ဖြည့်စွက် ထားလို့ ပိုပြီးသင့်တော်ပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါမှာလည်း ထူထူ မလိမ်းဘဲ အသားထဲစိမ့်ဝင်သွားမယ့်လိုးရှင်းလိမ်းသလို လိမ်းပေးသင့်ပါ တယ်။ ဝက်ခြံထွက်စဉ်မှာ တစ်နေကုန်ခံတဲ့မိတ်ကပ်မသုံးသင့်ပါဘူး။ Skincare ပါတဲ့မိတ်ကပ်မျိုးဆိုရင် ချွေးပေါက်သိပ်မပိတ်ပါဘူး။ အဆီ သိပ်မထွက်လို့ လိမ်းလို့ရပါတယ်။
တချို့ဝက်ခြံထွက်တာလည်းမဟုတ်၊ ဆားဝက်ခြံထွက်တာလည်းမဟုတ်ဘဲငယ်တဲ့အရွယ်မှာဟော်မုန်းကြောင့်မျက်နှာပေါ်မှာ အနီဖုလေးတွေထွက်တာမျိုးလည်းရှိပါတယ်။ ဟော်မုန်းအပြောင်းအလဲဖြစ် တာ၊ ခြင်ကိုက်တာ၊ ဓာတ်မတည့်တာစတာတွေကြောင့် ဝက်ခြံဖြစ်လာ တယ်ဆိုရင် မစိုးရိမ်စေချင်ပါဘူး။ စိုးရိမ်စိတ်ကြောင့်လည်း ဝက်ခြံတွေ ထွက်လာတတ်ပါတယ်။
ဝမ်းချုပ်ရင်လည်း ဝက်ခြံထွက်တတ်သလို အိပ်ရေးပျက်ရင်လည်း ဝက်ခြံထွက်တတ်ပါတယ်။ အခုခေတ်လူငယ်တွေက အငန်နဲ့အပူအစပ် အစားများကြတယ်။ဆားကအရေပြားဖောင်းစေတဲ့အတွက်ဝက်ခြံတွေကလည်းဖောင်းလာတတ်တယ်။အပူအစပ်တွေစားတဲ့အခါချွေးတွေ၊အဆီတွေထွက်လာစေတယ်။ဟော့ပေါ့စားတဲ့အလေ့အထက များလာ တော့ အဆီငွေ့တွေက ဦးရေပြားနဲ့ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ်။ အရသာပြင်းတဲ့အစားအသောက်တွေကိုရှောင်ဖို့လိုပါတယ်။
ဝက်ခြံကိုမညှစ်သင့်ပါဘူး။ ညှစ်လိုက်ရင် အပြင်ကိုပေါက်ထွက် တာအပြင် ဘေးဘက်ကိုလည်းပေါက်ထွက်ပြီး အရေပြားထဲကိုဝင်သွားပါတယ်။ အရေပြားထိခိုက်သွားတဲ့အတွက် ရောင်ရမ်းတာကို ဖြစ်စေပါတယ်။ ဒဏ်ရာဖြစ်သွားတဲ့အတွက် ပြီးရင် အမည်းစက်တွေပါ ကျန်နေတတ်ပါတယ်။ ဒါကြောင့် ဝက်ခြံကို ညှစ်တာတို့၊ ကုတ်ဖဲ့တာတို့ မလုပ်သင့်ပါဘူး။ ညှစ်လိုက်တဲ့ဝက်ခြံနေရာမှာ အချိုင့်ဖြစ်သွားတတ် တယ်။ ဝက်ခြံဆိုတာက အသက် ၁၈ နှစ်၊ ၁၉ နှစ်လောက်ဆိုရင် ဟော်မုန်း တွေတည်ငြိမ်သွားပြီး သူ့ဘာသာကောင်းသွားပါလိမ့်မယ်။
နေပူဆာလှုံတာက အရေပြားကို ခရမ်းလွန်ရောင်ခြည်တိုက်ရိုက်ထိတွေ့မိရင် အရေပြားညိုမည်းစွဲတာ၊ အရောင်ပြောင်းတာ၊ အရေပြား ဓာတ်မတည့်တာ၊ ဝက်ခြံ စတာတွေထွက်လာတာဖြစ်တတ်ပါတယ်။နေပူဆာလှုံပြီးရင်တော့ နေရောင်ကာခရင်မ်လိမ်းပေးရပါမယ်။
Systemic Lupus Erythematosus(SLE) ရောဂါရှိသူတွေ နေရောင် ကာခရင်မ်လိမ်းဖို့လိုအပ်ပါတယ်။ သူတို့ရဲ့အရေပြားကတစ်ကြိမ်လိမ်းထားပြီးလို့ ပုံမှန်ရှိရမယ့် ရောင်ခြည်ဆဲလ်တွေထုတ်လုပ်တဲ့နေရာမှာ တည်နေရာပျက်သွားလို့ မှားယွင်းပြီး ဆက်တိုက်ထုတ်တာကြောင့် အရောင်မညီတော့ဘဲ အမည်းကွက်တွေ မညီမညာဖြစ်သွားပါတယ်။ဒါကိုပြန်ငြိမ်သွားဖို့ နေရောင်ကာခရင်မ်(Sunscreen) တွေ သုံးရမှာဖြစ်ပါတယ်။ လေဆာနဲ့လုပ်မယ်ဆိုရင်လည်း ပိုမည်းသွားပြီး ဝက်ခြံပိုထွက်တာလည်းရှိပါတယ်။ ဒါကြောင့် SLE ရောဂါရှိသူတွေအနေနဲ့ နေရောင် ခြည်ကိုကာကွယ်ထားနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ၂- ၃ နာရီကြာရင် တစ်ကြိမ်လိမ်းသင့်ပါတယ်။
နေရောင်ကာခရင်မ်(Sunscreen) လိမ်းထားတယ်ဆိုပြီး ပေါ့ဆလို့ မရပါဘူး။ နေရောင်ထဲထွက်ရင် ထီးတို့၊ ဦးထုပ်တို့ ဆောင်းရပါမယ်။ ၉၅ ရာခိုင်နှုန်း ခရမ်းလွန်ရောင်ခြည်ကာကွယ်နိုင်တဲ့မျက်မှန်ကို တပ်ဆင် ရပါမယ်။ နေရောင်မှာပါတဲ့ခရမ်းလွန်ရောင်ခြည်က မျက်လုံးကိုထိခိုက်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိတိမ်စွဲတာဖြစ်နိုင်ပါတယ်။ ဒါကြောင့်ခရမ်းလွန်ရောင်ခြည်တားဆီးပေးနိုင်တဲ့ နေကာမျက်မှန်မျိုးသုံးသင့်ပါတယ်။
ဝက်ခြံကုသခြင်းရဲ့ အဓိကရည်ရွယ်ချက်က အနာကျက်ဖို့၊ ဝက်ခြံ ဖုအသစ်ထပ်မထွက်ဖို့၊ အမာရွတ်မထင်ဖို့နဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေလျော့နည်းစေဖို့ဖြစ်ပါတယ်။
ဆားဝက်ခြံနဲ့ အမဲစက်ပြဿနာဖြစ်ရင် အရေပြားကိုရေနွေးနွေး၊ အပျော့စားသန့်စင်ဆေးတွေနဲ့ ဆေးကြောသန့်စင်ပေးရမှာဖြစ်ပါတယ်။ ကိုယ့်မှာဖြစ်နေတဲ့အခြေအနေအလိုက် ဆေးဆိုင်မှာအလွယ်တကူဝယ် ယူနိုင်တဲ့ဆေးတွေ ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားထားတဲ့ဆေးတွေအသုံးပြုဖို့လိုပါတယ်။ အဲဒီဆေးဝါးတွေကို ဝက်ခြံထွက်တဲ့နေရာတစ်ဝိုက်မှာ လိမ်းပေးရမှာဖြစ်ပါတယ်။ ဝက်ခြံကုသရာမှာသုံးတဲ့ဆေးဝါးအမျိုးမျိုးရှိပါတယ်။
Benzoyl Peroxide ဒြပ်ပေါင်းက P.acne လို့ခေါ်တဲ့ ဝက်ခြံဖြစ်စေတတ် တဲ့ ဗက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်သလို၊ အရေပြားမှအဆီ ထွက်မှုကိုလည်း လျော့ကျစေပါတယ်။ Resorcinol၊ Salicylic acid၊ Sulphur ဒြပ်ပေါင်းတွေကတော့ ဆားဝက်ခြံနဲ့အမည်းစက်ထွက်တာကို သက်သာစေနိုင်ပါတယ်။
ဝက်ခြံကုသရာမှာ ခရင်မ်၊ လိုးရှင်းတွေကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ အသုံးပြုပြီး အရေပြားခြောက်သွေ့တာ၊ ထိခိုက်တာ၊ ယားယံ တာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ စပ်ဖျဉ်းဖျဉ်းခံစားရတာတို့ ဖြစ်လာခဲ့ရင် အရေပြားအထူးကုဆရာဝန်နဲ့ပြသသင့်ပါတယ်။
အလတ်စား၊ အပြင်းစား ဝက်ခြံပြဿနာတွေဖြစ်လာခဲ့ရင် ပိုမိုရှုပ် ထွေးတဲ့ ကုသမှုတွေခံယူရနိုင်ပါတယ်။ ဆရာဝန်က တစ်မျိုးတည်း ဒါမှ မဟုတ် တစ်မျိုးထက်ပိုပြီး ပေါင်းစပ်အသုံးပြုရမယ့်လိမ်းဆေး၊ သောက် ဆေးတွေ ညွှန်ပေးမှာဖြစ်ပါတယ်။ ဗက်တီးရီးယားတွေသေစေပြီး အရောင်ကျစေမယ့် ပဋိဇီဝဆေး၊ ဆားဝက်ခြံနဲ့ အမည်းစက်တွေကို ဖယ်ရှားပေးမယ့် Retinoid လိမ်းဆေး၊ ဝက်ခြံဖြစ်စေတဲ့ (P.acne)ဗက်တီးရီးယားပိုးမွှားတွေသေစေပြီး အရေပြားအဆီထွက်ခြင်းကို လျော့ကျစေတဲ့ လိမ်းဆေးတွေ အသုံးပြုဖို့လိုအပ်မှာဖြစ်ပါတယ်။ကိုယ်က ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်ဖြစ်ခဲ့ရင် ခရင်မ်၊ လိုးရှင်း တွေအသုံးပြုတာက အစိုဓာတ်ရရှိစေပေမယ့် ကိုယ့်အတွက် ဆိုးကျိုးရှိ နိုင်ပါတယ်။ အဆီပြန်တဲ့အသားအရေဆိုရင်တော့ အယ်လ်ကိုဟော အခြေခံတဲ့ ဂျယ်(Alcohol Gel) အသုံးပြုဖို့လိုပါတယ်။ ။