(၇၉)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ စကားသံများ
(၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို နေပြည်တော်ရှိ စစ်ရေးပြကွင်းကြီး၌ ယနေ့ညပိုင်းတွင်ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-
ဒုတိယဗိုလ်မှူးကြီးဒေါ်ခင်မြဝင်း(ငြိမ်း)
ကျွန်မက အငြိမ်းစားမယူခင် အမှတ်(၁) တပ်မတော်ဆေးရုံ(ခုတင်-၁၀၀၀)မင်္ဂလာဒုံမှာ သူနာပြုအုပ်တာဝန်ကိုထမ်းဆောင်ခဲ့ပါတယ်။ အရင်နှစ်တုန်းက ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ တုန်းကလည်း တက်ရောက်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက မနက်ပိုင်းစစ်ရေးပြအခမ်းအနား၊ ညစာစားပွဲအခမ်းအနားတွေ တက်ရောက်ခဲ့ပါတယ်။
ဗိုလ်လောင်းဘဝတုန်းက စစ်သူနာပြုသင်တန်းအမှတ်စဉ်(၇)မှာတက်စဉ်အခါက တပ်မတော်နေ့စစ်ရေးပြအတွက် လေ့ကျင့် ရေးလုပ်ခဲ့ဖူးပါတယ်။ စစ်ရေးပြအခမ်း အနားတွေမှာ အမျိုးသမီးစစ်ရေးပြတပ်ခွဲတွေပါလာတယ်။ အမျိုးသားတွေနဲ့မခြား တက်တက်ကြွကြွ၊ စမတ်ကျကျအားမာန်အပြည့်နဲ့ ချီတက်ကြတာကိုတွေ့ရတဲ့အခါမှာ ရင်ထဲမှာ တပ်မတော်ချစ်တဲ့စိတ်တွေက ကိန်းအောင်းနေပါလားဆိုပြီး အင်မတန်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
မျိုးဆက်သစ်အမျိုးသမီးထု သက်ငယ်ပိုင်းတွေအနေနဲ့ တပ်မတော်မှာတာဝန်ထမ်းဆောင်နေကြတဲ့ (ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့တွေမှာရော၊ လက်ရုံးတပ်ဖွဲ့တွေမှာရော၊ ပညာသည်အုပ်စုတွေမှာရော အမျိုးသမီးစစ်မှုထမ်းတွေကိုတွေ့ရတဲ့အတွက် ရင်ထဲမှာ အတိုင်းမသိ အမျိုးသမီးထုကိုယ်စားဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အမျိုးသမီးတွေရဲ့ စွမ်းအားဟာလည်း တိုင်းပြည်ကိုတစ်ဖက်တစ်လမ်းက အကျိုးပြုနိုင်တယ်ဆိုတာကိုသိရတဲ့အတွက် ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာကြည်နူး ဖြစ်ရပါတယ်။
ဆက်လက်ပြီးတော့လည်း တိုင်းပြည်ရဲ့လုံခြုံရေး၊ ကာကွယ်ရေးကဏ္ဍအသီးသီးမှာ အမျိုးသမီးထုရဲ့အင်အားကို အပြည့်အဝအသုံးချကြပါ။ စွမ်းရည်ထက်မြက်တဲ့ အမျိုးသမီးထုကြီး ဖြစ်ပါစေလို့ မျှော်လင့်ဆုတောင်းပါကြောင်း ပြောကြားလိုပါတယ်။
ဦးခေါတိန့် ဒီမိုကရေစီပါတီသစ်
(ကချင်)
ကျွန်တော်ကတော့ ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီမှ အတွင်းရေးမှူးဖြစ်ပါတယ်။ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ပါတီကိုယ်စားတက်ရောက်ခြင်း ဖြစ်ပါတယ်။ အရင်နှစ်တုန်းကလည်း တက်ဖြစ်ပါတယ်။ မနှစ်က တပ်မတော်နေ့ကို မနက်ပိုင်းမှာလုပ်ဖြစ်တယ်။ ဒီနှစ်က ညပိုင်းဆိုတော့နံပါတ်တစ်က ရာသီဥတုအခြေအနေနဲ့ တက်ရောက်သူတွေလည်း သက်သောင့်သက်သာရှိတယ်။ အစီအစဉ်ကောင်း တစ်ခုလည်းဖြစ်ပါတယ်။ နိုင်ငံရေးပါတီအားလုံးကတော့ သူတို့ရဲ့ရည်ရွယ်ချက်နဲ့ သဘောထားကတော့အားလုံးအတူတူပါပဲ။ တပ်မတော်သည် တပ်မတော်ရဲ့တာဝန်ကို အခြေခံဥပဒေအရဆောင်ရွက်နေတယ်။ ကျွန်တော်တို့နိုင်ငံရေးပါတီလည်း နိုင်ငံတော်ကို အုပ်ချုပ်တဲ့အစိုးရအပေါ်မှာ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံရေးပါတီဖြစ်ပါတယ်။ ဒီနေ့အခမ်းအနားကို တက်ရောက်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။
မဖြူဖြူမြင့် အမှတ်(၁)တက္ကသိုလ်
လေ့ကျင့်ရေးတပ်
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို တက်ရောက်ခွင့်ရတဲ့အတွက် အလွန်ပဲဝမ်းသာမိပါတယ်။ ဒီလိုမျိုးအခမ်းအနားကို တက်ရောက်ဖို့ဆိုတာလည်း မလွယ်ကူ လှပါဘူး။ UTC အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့အတွက် ဖိတ်ကြားခြင်းခံရတာဖြစ်ပါတယ်။ (၇၉)နှစ်မြောက် တပ်မတော်နေ့ကြီးမှာ စစ်ရေးပြကွင်းကြီးကိုမြင်ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ်။ အရင်တုန်းက TV တွေမှာပဲ မြင်ဖူးတာပါ။ အခုတော့ ကိုယ်တိုင်တက်ရောက်မြင်တွေ့ရပါပြီ။ နောက်နှစ်တွေ မှာလည်း ကြည့်ခွင့်ရချင်ပါသေးတယ်။
UTC ကိုတက်ရောက်ရတဲ့အခါ တပ်မတော်သားတစ်ယောက်ရဲ့စိတ်ဓာတ်တွေ၊ အဖွဲ့အစည်းတွေနဲ့လုပ်ဆောင်ချက်တွေ အများကြီးသင်ယူခဲ့ရပါတယ်။ နိုင်ငံရဲ့သမိုင်းကြောင်းတွေ၊ နိုင်ငံကိုဘယ်လိုကာကွယ်ရမလဲဆိုတဲ့စိတ်ဓာတ်တွေ ပေါ်ပေါက်လာ ပါတယ်။ နောင်နှစ် နောက်နှစ်တွေမှာလည်း ဒီလိုမျိုးခမ်းနားထည်ဝါတဲ့တပ်မတော်နေ့ကြီးကိုလည်း ထပ်ပြီးတော့ တပ်မတော်သားတွေ ကျန်းကျန်းမာမာနဲ့ တိုင်းပြည်ကိုကာကွယ်စောင့်ရှောက်ရင်း တာဝန်တွေကိုယ်စီနဲ့ ဆက်လက်ဆောင်ရွက်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်
ပါတယ်။
ဓါတ်ပုံ- ပြည့်စုံအောင်
တွေ့ဆုံမေးမြန်း- လဲ့ရည်လှိုင်