
စွမ်းရည်ထက်မြက်ကာကွယ်လျက်ပေ တပ်မတော်(ရေ)
တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်းတစ်ခုဖြစ်သကဲ့သို့ တပ်မတော်(ရေ)သည်လည်း တပ်မတော်၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ တပ်မတော်ဟုဆိုရာ၌ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ပါဝင်သော နိုင်ငံတော်၏ကာကွယ်ရေးတပ်ပေါင်းစုကိုခေါ်ဆိုခြင်းဖြစ်သည်။ ကြည်း၊ ရေ၊ လေတပ်များသည် နိုင်ငံတော်အတွက် သုံးနားညီတြိဂံပမာ ညီညွတ်စုစည်းစွာရပ်တည်လျက်ရှိသည်။ တပ်မတော်တစ်ရပ်၏ စွမ်းအားဆိုသည်မှာ လူ၊ လက်နက်၊ နည်းပညာတို့စုံလင်စွာရှိပြီး အသုံးပြုနိုင်ခြင်းဖြစ်သည်။ ခေတ်မီတန်ဖိုးကြီးသောစစ်လက်နက်ပစ္စည်းများကိုအသုံးပြုစေကာမူ ကျွမ်းကျင်ပိုင်နိုင်စွာအသုံးမပြုတတ်ပါက အကျိုးရှိမည်မဟုတ်ပေ။
ထို့ကြောင့် တပ်မတော်တွင် အဓိကတာဝန်ကြီးသုံးရပ်အဖြစ် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်ဟူသော တာဝန်ကြီးသုံးရပ်သတ်မှတ်ထားခြင်းဖြစ်သည်။ အဓိကအကျဆုံးသောတာဝန်သည် လေ့ကျင့်ရေးဖြစ်သည်ဟုဆိုနိုင်သည်။ လေ့ကျင့်မှုမရှိဘဲ မည်သည့်အရာမျှတတ်မြောက်လိမ့်မည်မဟုတ်ပေ။ လေ့ကျင့်ရေးသည် စစ်ဆင်ရေးဟူသောဆောင်ပုဒ်ဖြစ်ပေါ်လာခဲ့သည်မှာသာဓကဖြစ်သည်။ တပ်မတော်သားတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်ဆန္ဒဖြင့် တပ်မတော်သို့ဝင်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြခြင်းဖြစ်သည်။ တပ်မတော်သို့ဝင်ရောက်လာသူတိုင်းသည် သက်ဆိုင်ရာသင်တန်းကျောင်းများတွင် လေ့ကျင့်သင်ကြားပြီးမှသာ တပ်မတော်သားအဖြစ်သို့ရောက်ရှိခြင်းဖြစ်သည်။
တပ်မတော်သို့ လေ့ကျင့်ရေးနှင့်စတင်ဝင်ရောက်ခဲ့ရသလို တပ်မတော်အတွင်း တာဝန်ထမ်းဆောင်နေစဉ်မှာလည်းလေ့ကျင့်ရေးကို ဆက်လက်လုပ်ဆောင်နေကြရသည်။ မိမိနိုင်ငံ၏မြေပြင်၊ ရေပြင်နှင့်ဝေဟင်ကို အစွမ်းထက်စွာကာကွယ်နိုင်ရေးအတွက် စဉ်ဆက်မပြတ်လေ့ကျင့်နေရသည်မှာ တာဝန်ကိုမြတ်နိုးတွယ်တာစိတ်ဖြစ်သည်။ ထိုသို့လေ့ကျင့်လျက်ရှိရာတွင် မတူကွဲပြားသော သဘောသဘာဝများရှိကြသည်။ ကြည်း၊ ရေ၊ လေ တပ်မတော်သားအားလုံးတို့သည် မိမိတို့နှင့်သက်ဆိုင်ရာလေ့ကျင့်ရေးသင်တန်းများကို ဆက်လက်တက်ရောက်ထားနိုင်မှသာ မိမိတို့အား အထက်ကပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ကြမည်ဖြစ်သည်။ လူသားအရင်းအမြစ်လည်း ဖွံ့ဖြိုးတိုးတက်နေမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် (၇၇)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုချီးမြှင့်အမှာစကားပြောကြားရာ၌ “စစ်သည်တစ်ဦးချင်းအနေဖြင့် ကိုယ်စီကျွမ်းကျင်မှုရှိစေရေး အမြဲမပြတ်လေ့လာလေ့ကျင့်နေရမည်ဖြစ်ပြီးလက်နက်နှင့်လက်နက်စနစ်များကိုလည်းကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ လက်ဆင့်ကမ်းပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် တပ်မတော်(ရေ)မှ မျိုးဆက်သစ်အရာရှိ၊ စစ်သည်များကိုလည်း ကောင်းမွန်သည့် အစဉ်အလာကောင်းများ လက်ဆင့်ကမ်းပေးသွားရန်နှင့် မြန်မာ့ပင်လယ်ပြင်နှင့် ပင်လယ်ပြင်အကျိုးစီးပွားများကို ကာကွယ်ရေးအတွက် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်သွားကြရန်လိုကြောင်း၊(၇၇)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့မှသည် နောင်ရာစုနှစ်၊ ထောင်စုနှစ်ပေါင်းများစွာအထိ နိုင်ငံတော်နှင့်တပ်မတော်၏ဂုဏ်ကို ဆက်လက်မြှင့်တင်သွားနိုင်ရန် ဆုမွန်ကောင်းတောင်းပါကြောင်း” ပြောကြားခဲ့သည်။
တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် တာဝန်ရှိသူများက အလေးအနက်ထားဆောင်ရွက်လျက်ရှိသည်။ ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ ဗဟုသုတတိုးပွားရေးဟောပြောပွဲများ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများဖြင့် ဘက်စုံထောင့်စုံမှအရှိန်အဟုန်ဖြင့်မြှင့်တင်လျက်ရှိသည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏“လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့်လမ်းညွှန်ချက်အတိုင်း အရာရှိ၊ စစ်သည်များအနေဖြင့် လေ့လာမှတ်သားမှုများ၊ ကျွမ်းကျင်ရန်လေ့ကျင့်မှုများ၊ လုပ်ငန်းခွင်တွင် လက်တွေ့လိုက်နာကျင့်သုံးမှုများဖြင့်အောင်မြင်မှုအသီးအပွင့်များ ဖွံ့ဖြိုးဝေစည်စေခဲ့ပြီး အမျိုးသား၊ အမျိုးသမီးအရာရှိ၊ စစ်သည်များအားလုံး လူ့စွမ်းအားအရင်းအမြစ်ဟန်ချက်ညီတိုးတက်စေရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၈၄)၊ တပ်မတော်(ရေ) အရာရှိငယ်(အင်ဂျင်နီယာ)သင်တန်းအမှတ်စဉ်(၅၈) သင်တန်းများ သင်တန်းပြီးမြောက်ပြီဖြစ်သည်။ သင်တန်းသားများကို သင်တန်းကာလအတွင်း နိုင်ငံတကာရေတပ်စံနှုန်းများနှင့်အညီရေကြောင်းဆိုင်ရာပညာရပ်များ၊ ရေတပ်လက်နက်နှင့်လက်နက်စနစ်ပညာရပ်များ၊ရေတပ်ဆက်သွယ်ရေးနှင့် အီလက်ထရွန်နစ်ပညာရပ်များ၊ ရေတပ်စစ်ဆင်မှုပညာရပ်များ၊ ရေတပ်အုပ်ချုပ်ထောက်ပံ့မှုပညာ ရပ်များ၊ ရေကြောင်းစက်မှုလက်မှုပညာရပ်များ၊ ရေကြောင်းလျှပ်စစ်ပညာရပ်များ၊ ရေကြောင်းအင်ဂျင်နီယာပညာရပ်များနှင့် ရေယာဉ်တည်ဆောက်မှုပညာရပ်များကို စာတွေ့လက်တွေ့သင်ကြားခဲ့ကြပြီးဖြစ်သည်။ စစ်ရေယာဉ်ကြီးများတွင် တွဲဖက်ပဲ့စင်တာဝန်ကျအရာရှိနှင့် တွဲဖက်စက်မှုလက်မှု တာဝန်ကျအရာရှိများအဖြစ် လက်တွေ့လုပ်ငန်းခွင်တွင် ဆက်လက်လေ့လာဆည်းပူးကြရမည်ဖြစ်သည်။ လုပ်ငန်းခွင်တွင် လက်တွေ့လေ့ကျင့်မှုများပြီးမြောက်သွားသည့်အခါ အရည်အချင်းပြည့်မီသူများကိုသာ စစ်ရေယာဉ်များတွင် တာဝန်ပေးအပ်သွားမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ထိုက်သင့်သည့်ပင်လယ်ပြင်လုပ်သက်နှင့် လုပ်ငန်းအတွေ့အကြုံရရှိပြီးချိန်တွင် အထူးပြုဘာသာရပ်ဆိုင်ရာသင်တန်းများကို ထပ်မံတက်ရောက်သင်ကြားကြရမည်ဖြစ်သည်။
နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံးသောအာမခံချက်မှာ စွမ်းရည်ထက်မြက်သည့် ကာကွယ်ရေးအင်အားစုကို တည်ဆောက်ပိုင်ဆိုင်ခြင်းပင်ဖြစ်သည်။ထို့ကြောင့် တပ်မတော်(ရေ)သည် စစ်ရေယာဉ်များတည်ဆောက်ခြင်း၊ လူသားအရင်းအမြစ်များပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ခြင်းများကို အကောင်အထည်ဖော်လျက်ရှိသည်။ စစ်ရေယာဉ်များ တည်ဆောက်ခြင်းနှင့်ပတ်သက်၍တပ်မတော်(ရေ)မှ တည်ဆောက်ပြီးစီးခဲ့သည့် ဖရီးဂိတ်စစ်ရေယာဉ်ကြီးအမည်ပေးခြင်းနှင့် ရေချခြင်းမင်္ဂလာကို ဒီဇင်ဘာလ ၂၄ ရက်တွင် ကျင်းပခဲ့သည်မှာလည်းတပ်မတော်(ရေ)၏ အောင်မြင်မှုစွမ်းရည်ဖြစ်သည်။
တပ်မတော်(ရေ)အနေဖြင့် မြစ်တွင်းသွားရေယာဉ်များမှသည် ယခုဖရီးဂိတ်စစ်ရေယာဉ်ကြီးများအထိ အဆင့်ဆင့်တိုးမြှင့်တည်ဆောက်နိုင်ခဲ့ပြီဖြစ်သည်။ “ရေတပ်၏တိုက်စွမ်းအားသည် စစ်ရေယာဉ်ဖြစ်သည်” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ခေတ်မီစစ်ရေယာဉ်အသစ်များကို တပ်မတော်(ရေ)က ကိုယ်တိုင်တည်ဆောက်ခြင်းဖြစ်သည်။ အဆိုပါစစ်ရေယာဉ်များတွင် ကျွမ်းကျင်ပိုင်နိုင်စွာ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် အထက်တွင်ဖော်ပြခဲ့သည့်သင်တန်းများကို ဖွင့်လှစ်နေခြင်းဖြစ်သည်။
တပ်မတော်(ရေ)နှင့်ပတ်သက်လျှင် မြန်မာနိုင်ငံ၏ ပိုင်နက်ရေပြင်မှာကျယ်ဝန်းပြီး ထိုပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရသည့်တာဝန်မှာကြီးမားလှသည်။ ရေမိုင်ပေါင်း ၁၂၆ဝ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းနှင့် ကျွန်းပေါင်း ၁၄၀၀ ကျော်ရှိသည့် မြန်မာ့ပင်လယ်ပြင်၌ ရေပေါ်ရေအောက် အဖိုးတန်သယံဇာတများ၊ ပင်လယ်ကမ်းရိုးတန်းသဘာဝအလှများဖြင့် ပြည့်နှက်လျက်ရှိသည်။ ထို့ပြင် မျက်မှောက်ခေတ် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတွင် အဓိကကျသော အိန္ဒိယသမုဒ္ဒရာ၏ အစိတ်အပိုင်းဖြစ်သည့်ဘင်္ဂလားပင်လယ်အော်နှင့်ကပ္ပလီပင်လယ်တို့၏ ထိန်းချုပ်မှတ်နေရာတွင်လည်းတည်ရှိနေသည်။ မည်သည့်ရှုထောင့်ကကြည့်ကြည့် မြန်မာ့ပင်လယ်ပြင်သည်မြန်မာတို့ပိုင်ဆိုင်သော “ရွှေနိုင်ငံ၏ ရွှေပင်လယ်” အစစ်ပင်ဖြစ်သည်။
ပြီးပြည့်စုံပြီးအဖိုးတန်လှသည့် မြန်မာနိုင်ငံ၏ပိုင်နက်ပင်လယ်ပြင်ကို ကာကွယ်နိုင်ရေးအတွက် တပ်မတော်(ရေ)ကို ခေတ်မီအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်လာစေရေး စဉ်ဆက်မပြတ်တိုးချဲ့တည်ဆောက်ပေးနေခြင်းဖြစ်သည်။
တပ်မတော်(ရေ)ကိုတည်ဆောက်ရာတွင် ပထမအဆင့်ဖြစ်သည့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်နိုင်သည့် သုံးဖက်မြင် စစ်ဆင်နိုင်စွမ်းရှိသော တိုက်ပွဲဝင်အသင့်ရေတပ်(Three Dimensional Combat Ready Navy) အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ ဒုတိယအဆင့်အနေဖြင့် မြန်မာ့ ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ ဖြန့်ကြက်နိုင်စွမ်းရှိသည့်ရေတပ် (Adjacent Force Projection Navy/Regional Navy) အဖြစ်သို့ တက်လှမ်းနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာ့ရွှေပင်လယ်၏ တန်ဖိုးကြီးမားပုံကို သိမြင်သည့်အတွက် တပ်မတော်(ရေ)၏ တိုက်စွမ်းအားများဖြစ်သော စစ်ရေယာဉ်များကိုကိုယ်တိုင်တည်ဆောက်နိုင်ရန် လမ်းညွှန်မှုပြုပံ့ပိုးဖြည့်ဆည်းပေးခဲ့သောကြောင့်“ဝယ်ယူအသုံးပြုသူမှ တည်ဆောက်သူ(Buyer to Builder)” အဖြစ် တစ်မုဟုတ်ချင်းပြောင်းလဲနိုင်ခဲ့ပြီး နိုင်ငံတော်၏ဘဏ္ဍာငွေကို များစွာခြိုးခြံချွေတာနိုင်ခဲ့သည်။ အမြော်အမြင်မှ နည်းလမ်း၊ နည်းလမ်းမှ လက်တွေ့၊ လက်တွေ့မှအောင်မြင်မှုသို့လှမ်းတက်နိုင်ခဲ့သည်မှာ တပ်မတော်(ရေ)၏ စွမ်းအားများပင်ဖြစ်သည်။
တပ်မတော်(ရေ)၏ ရည်မှန်းချက်များအကောင်အထည်ဖော်နိုင်ရန် တိုက်စွမ်းအားမြင့်မားသော စစ်ရေယာဉ်များနှင့်လူ့စွမ်းအားအရင်းအမြစ်ပေါ်တွင်မူတည်သည်။ တပ်မတော်(ရေ)အနေဖြင့် ရေပြင်ရန်စစ်ဆင်ရေး၊ ဝေဟင်ရန်စစ်ဆင်ရေး၊ ရေအောက်ရန်စစ်ဆင်ရေးနှင့် အီလက်ထရွန်နစ်စစ်ဆင်ရေးဟူ၍ နယ်ပယ်(၄)ရပ်လုံးတွင် ကွက်ပြည့်နင်းစစ်ဆင်နိုင်ရမည်ဖြစ်သည်။ ထို့ပြင် ပင်လယ်ပြင်မှ ကုန်းမြေအပေါ် အကျိုးသက်ရောက်မှုပေးနိုင်ရေးနှင့် နိုင်ငံတစ်နိုင်ငံ၏ပင်လယ်ပြင်သယံဇာတများကို ကာကွယ်မှုပေးနိုင်ရေးဟူသည့် စွမ်းအားနှစ်ရပ်ပြည့်စုံကာ ရေတပ်အင်အားကို တိုက်ခိုက်ရေးအင်အားအဖြစ်အသုံးချနိုင်ရန် စစ်ရေယာဉ်အသင့်၊ လက်နက်နှင့် လက်နက်စနစ်အသင့်၊ အရာ ရှိ၊ စစ်သည်အသင့်ဟူသော အသင့်(၃)ရပ်ဖြင့်ပြည့်စုံရန်လည်း ကြိုးပမ်းဖြည့်ဆည်း
တည်ဆောက်လျက်ရှိသည်။ ဤသည်မှာ နိုင်ငံနှင့်လူမျိုး ကောင်းကျိုးအတွက်ဖြစ်သည်။
တပ်မတော်(ရေ)က တာဝန်ယူဆောင်ရွက်လျက်ရှိသော ကဏ္ဍကြီး(၄)ရပ်ဖြစ်သည့် စစ်ရေးကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ စာနာကူညီပေးရေးကဏ္ဍ၊ သံတမန်ရေးကဏ္ဍတို့အနက် စစ်ရေးကဏ္ဍကို ထိရောက်စွာဆောင်ရွက်နိုင်ရန် “အမြဲတမ်းလေ့ကျင့်နေရမည်၊ အမြဲတမ်းစစ်ရေးသတိရှိရမည်၊ အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်ရမည်” ဟူသည့် “မြဲသုံးမြဲ” ကိုလက်ကိုင်ထားကာ “လေ့ကျင့်ကျွမ်းကျင်၊ အောင်ပွဲဆင်” ဆိုသည့် ဆောင်ပုဒ်အတိုင်း ပင်လယ်ပြင်သို့ကျူးကျော်လာသူများကိုချေမှုန်းနိုင်ရန် အမြဲလေ့ကျင့်လျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်(ရေ)ကမွေးထုတ်ပေးခဲ့သော တပ်မတော်(ရေ)အရာရှိငယ် (စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၈၄)နှင့် တပ်မတော်(ရေ)အရာရှိငယ်(အင်ဂျင်နီယာ)သင်တန်းအမှတ်စဉ်(၅၈)သင်တန်းများ အောင်မြင်စွာပြီးမြောက်ခြင်းကိုဂုဏ်ပြုပါကြောင်းနှင့် တပ်မတော်(ရေ)အနေဖြင့် “မြန်မာ့ပင်လယ် ဒို့ကာကွယ်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီမြန်မာ့ပင်လယ်ပြင်ကို ထာဝစဉ်စောင့်ရှောက်ကာကွယ်နိုင်ပါစေကြောင်း “စွမ်းရည်ထက်မြက်ကာကွယ်လျက်ပေ တပ်မတော်(ရေ)” အဖြစ် ဂုဏ်ပြုရေးသားတင်ပြအပ်ပါသည်။ ။