နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ MSME ကို အားပေးမြှင့်တင်

 

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ MSME ကို အားပေးမြှင့်တင်

ယနေ့ခေတ်   ကမ္ဘာကြီးသည်   အရာရာတွင် တိုးတက်မှုအပေါင်းနှင့်  ပြောင်းလဲဖြစ်ပေါ်လျက်ရှိသည်။  လူသားတို့၏  တီထွင်ကြံဆမှုကြောင့် အသစ်အသစ်တို့သည် အဆက်မပြတ်ဖြစ်ပေါ်နေလျက်ရှိရာ    စီးပွားရေးလုပ်ငန်းများသည်လည်း နည်းပညာသစ်များဖြင့်   တိုးတက်လျက်ရှိသည်။

သို့ဖြစ်ရာ   နိုင်ငံတစ်နိုင်ငံ၏    အသေးစား၊ အငယ်စားနှင့်အလတ်စား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါလှသည့် အခန်းကဏ္ဍ၌ပါဝင်နေသည်။ မြန်မာနိုင်ငံ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်များချမှတ်ပြီး တွန်းအားပေးထောက်ပံ့ကူညီမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသကဲ့သို့ MSME လုပ်ငန်းများသည် မတူညီသည့် အတွေးအခေါ်များ၊ ဆန်းသစ်တီထွင်မှုများနှင့်အတူ ဈေးကွက်ထိုးဖောက်နိုင်ရေးအတွက် အရည်အသွေးမြင့်မားအောင်  ကြိုးစားဆောင်ရွက်ကာပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများကိုပါ ဖန်တီးပေးလျက်ရှိသည်။

ပြည်တွင်း၌ရှိသည့်   စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည်  အသေးစား၊  အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အငယ်စားနှင့်အလတ်စား ကုန်ထုတ်လုပ်ငန်းများ အများဆုံးပါဝင်နေသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လျက်ရှိသော နိုင်ငံများ၏အခြေအနေကို လေ့လာကြည့်မည်ဆိုပါက အကြီးစားစီးပွားရေးလုပ်ငန်းများထက် အသေးစား၊ အငယ်စားနှင့်  အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများက များစွာအထောက်အကူပြုနေသည်ကို တွေ့ရမည်ဖြစ်သည်။  MSME လုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ အဓိကကျောရိုးမဏ္ဍိုင်တစ်ခုဖြစ်ပြီး   အခြေခံအကျဆုံးစီးပွားရေးလုပ်ငန်းလည်းဖြစ်သည်။

ထို့ကြောင့် နိုင်ငံ၏ စီးပွားရေးအားကောင်းလာစေရန် MSME လုပ်ငန်းများကို  အားပေးမြှင့်တင်   ကူညီဆောင်ရွက်သွားကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်ကို စတင်ထမ်းဆောင်ချိန်မှစ၍တိုင်းပြည်စီးပွားရေးတိုးတက်ကောင်းမွန်စေရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးကောင်းမွန်စေရန်  ပြည်တွင်းအားကို အဓိကထားတည်ဆောက်သည်။ မြန်မာနိုင်ငံ၏ကောင်းကျိုးစီးပွားကို မလိုလားသည့် နိုင်ငံအချို့၏ အမျိုးမျိုးသောအနှောင့်အယှက်များကြောင့်   ကိုယ့်အားကိုယ်ကိုးဆောင်ရွက်နေခြင်းဖြစ်သည်။ တိုင်းပြည်သာယာဝပြောရေးနှင့်  စားနပ်ရိက္ခာဖူလုံရေးသည် ပြည်သူတစ်ရပ်လုံး၏   လူမှုစီးပွားဘဝမြင့်မားရေးဖြစ်သည်။  ထို့ကြောင့်   စိုက်ပျိုးမွေးမြူရေးကို အလေးထားပြီး  ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အရည်အသွေးကောင်းသည့် ကုန်ထုတ်လုပ်မှုများ ဖြစ်ပေါ်လာစေရေးကို ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီလ ၁၇ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဉ်    “မိမိတို့အနေဖြင့် တိုင်းပြည်စီးပွားရေးကောင်းမွန်စေရေး ကိုယ့်အားကိုယ်ကိုး၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသေးစား၊   အငယ်စားနှင့်   အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကိုအားပေးဆောင်ရွက်၍ အရည်အသွေးကောင်းမွန်သည့် ပို့ကုန်ပစ္စည်းများပိုမိုထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  ပြည်ပပို့ကုန်တိုးတက်တင်ပို့နိုင်ရေးအတွက် မိမိတို့နိုင်ငံမှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများသည်   အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်ရန်နှင့်   ဈေးကွက်လိုအပ်ချက်နှင့်  ကိုက်ညီသည့်ထုတ်ကုန်ဖြစ်ရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

MSME လုပ်ငန်းများသည် ပုဂ္ဂလိကစီးပွားရေးကဏ္ဍ၏    ကျောထောက်နောက်ခံဖြစ်သကဲ့သို့ တီထွင်ဆန်းသစ်မှုများ၏ အဓိကအရင်းအမြစ်များအဖြစ်လည်းကောင်း၊  အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သည့်နေရာအဖြစ်လည်းကောင်း၊     ဆင်းရဲမှုလျှော့ချရေးနှင့် စွန့်ဦးတီထွင်လုပ်ငန်းစုများ၏   အစပြုရာနေရာအဖြစ်လည်းကောင်း ရပ်တည်လျက်ရှိသည်။ ထို့ပြင် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့်   စီးပွားရေးတည်ငြိမ်ရေးတို့အတွက် အရေးပါသည့်အပြင်   ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လုပ်ငန်းအသစ်များ ဖြစ်ပေါ်လာစေပြီး အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ထပ်မံဖန်တီးပေးနိုင်စွမ်းရှိသည်။  MSME   များမှတစ်ဆင့်  နိုင်ငံအတွင်း ငွေကြေးလည်ပတ်စီးဆင်းမှုကို  စဉ်ဆက်မပြတ်ဖြစ်ပေါ်စေပြီး  နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းတစ်ရပ်ဖြစ်သည့် ပြည်တွင်းအသားတင်ထုတ်လုပ်မှု     ဂျီဒီပီတိုးတက်စေရန်လည်း အထောက်အကူပြုနိုင်ပါသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု    ဦးတည်ချက်များအောက်က MSME

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအခြေအနေများဖြစ်သည့်   ပြည်ပပို့ကုန်၊   သွင်းကုန်မျှတမှုများသည် နိုင်ငံ၏စီးပွားရေးအပေါ် များစွာမူတည်ပါသည်။ သွင်းကုန်သည်ပို့ကုန်ထက် များပြားနေပါက တိုင်းပြည်စီးပွားရေးတွင် ကုန်သွယ်ရေးလိုငွေပြသည့်အနုတ်လက္ခဏာကိုသာ    မြင်ရမည်ဖြစ်သည်။ တိုင်းပြည်၏ကျေးလက်ဒေသမှ ထုတ်လုပ်မှုအင်အားစုသည်  ၇၀  ရာခိုင်နှုန်းခန့်ရှိနေပြီး မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတပေါများကြွယ်ဝသော မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပြည်ပပို့ကုန်ထက် ပြည်ပမှသွင်းကုန် ပမာဏများပြားလျက်ရှိသည်။  သို့သော် အရေးကြီးကိစ္စရပ်များစွာနှင့်အတူ ပြုပြင်ပြောင်းလဲမှုများဖြင့် တည်ဆောက်နေသော  ယခုအချိန်အခါတွင်  နိုင်ငံ့စီးပွားဦးမော့စေရန် အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၊ စီးပွားရေးဦးတည်ချက်များ၊  ဆက်စပ်စီးပွားရေးမူဝါဒများချမှတ်ပြီး အရှိန်အဟုန်ဖြင့်  ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။  မြန်မာ့လူ့အဖွဲ့အစည်းရှိ လူမှုဘဝအများစု သည် အသေးစား၊  အလတ်စားနှင့်  အငယ်စားစီးပွားရေး လုပ်ငန်းအများစုအပေါ်တွင် ရပ်တည်နေရပြီး  ၎င်းသည်  နိုင်ငံ့စီးပွားရေးယန္တရားတွင်   အဓိကမောင်းနှင်အားတစ်ခုဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏     ရှေ့လုပ်ငန်းစဉ်များတွင်   ပြည်သူများ၏   လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်  ရည်ရွယ်ထားပြီး  ပြည်သူဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများဖြင့်   စားရေရိက္ခာဖူလုံရန်နှင့်     တိုင်းပြည်သာယာဝပြောရေးကို ကြိုးပမ်းဆောင်ရွက်မည့်   လုပ်ငန်းစဉ်များပါရှိသည်။

ထိုအချက်သည် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်တွင် တစ်ခုအပါအဝင်ဖြစ်ကာ နိုင်ငံအတွင်းဖူလုံမှုမှသည်   ပို့ကုန်ကဏ္ဍကို   မြှင့်တင်သွားမည်ဖြစ်သည်။     ကိုယ့်ဒေသ၊    ကိုယ့်ထွက်ကုန် ကုန်ကြမ်းများကို ပို့ကုန်အခြေပြု ကုန်ထုတ်လုပ်မှု အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများအဖြစ် ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်လျက်ရှိသည်။

MSME  လုပ်ငန်းများ  ဖွံ့ဖြိုးရေးရည်ရွယ်ချက်များသည် ရေရှည်အာမခံချက်ရှိရန်နှင့်  ကျွဲကူးရေပါဆိုသကဲ့သို့  အလုပ်အကိုင်အခွင့်အလမ်းများစွာနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ပေးနိုင်မည့် လုပ်ငန်းစဉ်များဖြစ်သည်။ ထို့ကြောင့်  တိုင်းရင်းသားများပိုင်  စိုက်ပျိုးမွေးမြူရေးကို  အခြေခံသည့် ထုတ်ကုန်အမြောက်အမြားကို ခေတ်မီနည်းစနစ်များဖြင့် ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို လေ့လာကြည့်ပါက ပြည်သူတစ်ရပ်လုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး မြို့ပြကျေးလက်ကွာဟမှုလျော့ကျကာ    ဆင်းရဲမှုပပျောက်ရေးအတွက် MSME လုပ်ငန်းများအပေါ် များစွာအခြေပြုထားကြောင်း တွေ့ရှိရသည်။

ဈေးကွက်ခိုင်မာမှုစနစ်ကို ကိုယ်စားပြုခြင်း

အသေးစား၊   အငယ်စားနှင့်   အလတ်စား စီးပွားရေးလုပ်ငန်းများသည် သုံးစွဲသူပြည်သူများကို ဗဟိုပြုသောလုပ်ငန်းများဖြစ်သည်။ လုပ်ငန်းများကောင်းမွန်စွာလည်ပတ်နိုင်ရေး သုံးစွဲသူနှင့် ထိတွေ့ ဆက်ဆံခြင်းသည် ဈေးကွက်အတွင်းရှိ ကုန်စည်အရည်အသွေးကို    စုံစမ်းခြင်းလည်းဖြစ်သည်။ ပြိုင်ဘက်ကောင်းများနှင့် တွေ့ဆုံခြင်းလည်းဖြစ်သည်။ အလားတူ မိမိ၏လုပ်ငန်း၊ ကုန်အမှတ် တံဆိပ်ကို တောက်ပလာအောင်လုပ်ဆောင်ခြင်းနှင့်လည်း တူညီသည်။ အရောင်းမြှင့်တင်ခြင်း၊ ကြော်ငြာခြင်းဆိုင်ရာ ဈေးကွက်ရှာဖွေသည့် လုပ်ငန်းများသည် မိမိကုန်ပစ္စည်းကို အာမခံခြင်းဖြစ်သည်။ ဝန်ဆောင်မှုလုပ်ငန်းသည်  တိုးတက်ပြောင်းလဲလျက်ရှိသည့် ခေတ်ကိုဆွဲဆောင်ခြင်းဖြစ်သည်။    ဥပမာအားဖြင့် ဆန်၊   ဆီ၊  ဆားမှအစပြု၍  လူသုံးကုန်ပစ္စည်းများကို  ဖုန်းဖြင့်ဆက်သွယ်မှာယူနိုင်ပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဝယ်ယူသည့် ပစ္စည်းအပေါ်   တာဝန်ခံမှု၊  တာဝန်ယူမှုဖြင့်   အာမခံဆောင်ရွက်ပေးခြင်းသည် ဈေးကွက်ခိုင်မာမှုစနစ်ကို ကိုယ်စားပြုလာခြင်းဖြစ်သည်။

အနှစ်ချုပ်ပါလျှင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအစီအစဉ်များတွင် စတင်လုပ်ကိုင်မည့်သူများကို လမ်းဖွင့်ကြိုဆိုကြရမည်ဖြစ်သည်။  ချေးငွေနှင့်  အကူအညီရရှိရေး လမ်းပြကူညီကြရပါမည်။ အတွေ့အကြုံရင့်ကျက်သောလုပ်ငန်းတိုင်းတွင် မဟာဗျူဟာ၊ နည်းဗျူဟာ လုပ်ငန်းအစီအစဉ်ရှိသည်။ မတူညီသော လုပ်ငန်းအစီအစဉ်၊ မတူညီသော လုပ်ငန်းနယ်ပယ်များတွင် လုပ်ငန်းတစ်ခု ရေရှည်တည်တံ့ရေး ရှုထောင့်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ရလေ့ရှိသည်။ လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံခြင်းသည် အကျိုးအမြတ်ကို ဖန်တီးပေးစွမ်းနိုင်သည်။ လုပ်ငန်းတစ်ခုသည် ဈေးကွက်နှင့် ဝန်းကျင်ကောင်းပေါ်တွင်   တည်မှီနေခြင်းကြောင့် ခိုင်မာသောဈေးကွက်ကို   ဖော်ဆောင်ကြရမည် ဖြစ်သည်။

အသေးစား၊  အငယ်စားနှင့်   အလတ်စား စီးပွားရေးလုပ်ငန်းများ  ပိုမိုအားကောင်းလာပါက အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်းများမှ တစ်ဆင့် စီးပွားရေးသမားတစ်ယောက်  ဖြစ်လာမည်ဖြစ်သည်။  တစ်နိုင်တစ်ပိုင်အိမ်တွင်းထုတ် လုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှတစ်ဆင့်    ပြည်တွင်း၌သာမက  ပြည်ပသို့ပါတင်ပို့ရောင်းချနိုင်သည့်   အရည်အသွေးမြင့်ထုတ်ကုန်များကို   ထုတ်လုပ်လျက် နိုင်ငံတော်၏   အကျိုးစီးပွား၊ ပြည်သူများ၏  လူမှုစီးပွားဘဝတိုးတက်ရေးကို ဖြည့်စွမ်းနိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်၏    စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး  အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို အားပေးကူညီဆောင်ရွက်သွားရမည်ဖြစ်ပါသည်။    ။

ဆုလတ်မေ