ပရီးမီးယားလိဂ်ပွဲစဉ်(၂၃) စပိန်လာလီဂါပွဲစဉ်(၂၁)နှင့် အီတလီစီးရီးအေပွဲစဉ်(၂၂)ပွဲကြိုသုံးသပ်ချက်
မန်စီးတီး Vs ချယ်လ်ဆီး
ကစားမည့်ရက်/အချိန်
(၂၅-၁-၂၀၂၅ ည ၁၂:၀၀ နာရီ)
နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်
ချယ်လ်ဆီး ၀ - ၂ မန်စီးတီး
မန်စီးတီး ၄ - ၂ ချယ်လ်ဆီး
မန်စီးတီး ၁ - ၀ ချယ်လ်ဆီး
နောက်ဆုံးကစားခဲ့တဲ့သုံးပွဲအနိုင်၊ အရှုံးရလဒ်
မန်စီးတီး ဝေး(သရေ) ဝေး(နိုင်) ဝေး(ရှုံး)
ချယ်လ်ဆီး အိမ်(နိုင်) အိမ်(သရေ) အိမ်(နိုင်)
မန်စီးတီးအသင်းက နောက်ပိုင်းပွဲစဉ်တွေမှာ ရုန်းကန်နေရတယ်ဆိုပေမယ့် ချယ်လ်ဆီးအသင်း ကို အိမ်ကွင်းမှာ လက်ခံကစားရတိုင်း ရလဒ်ကောင်းလေ့ရှိပါတယ်။ မန်စီးတီးအသင်းက လိုအပ်နေတဲ့နေရာတွေအတွက် ကစားသမားသစ်တွေ ခေါ်ယူအင်အားဖြည့်တင်းထားလို့ ကစားသမားသစ်တွေရဲ့ စွမ်းဆောင်ရည်ပိုင်းကို စောင့်ကြည့်သွားရမှာပါ။ မန်စီးတီးအသင်းရဲ့ ဒီဘောလုံးရာသီ ပရီးမီးယားလိဂ်အိမ်ကွင်းစွမ်းဆောင်ရည်ပိုင်းကိုကြည့်ရမယ်ဆိုရင် ၁၀ ပွဲကစားပြီးချိန်မှာ ခြောက်ပွဲအနိုင် ရရှိထားပြီး နှစ်ပွဲသရေရလဒ်နဲ့ နှစ်ပွဲရှုံးနိမ့်ထားလို့ အိမ်ကွင်းစွမ်းဆောင်ရည်ပိုင်းကတော့ ကျေနပ်စရာရှိပါတယ်။ မန်စီးတီးအသင်း အဆင့်(၄)နေရာအတွင်း ဝင်ရောက်ဖို့အတွက်ဆိုရင် လက်ကျန်အိမ်ကွင်းပွဲစဉ်တွေမှာ ရမှတ်ပြည့်ရရှိဖို့ လိုအပ်နေပါတယ်။ မန်စီးတီးအသင်းက နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ပိုင်း မတည်မငြိမ်ဖြစ်နေတယ် ဆိုပေမယ့် အိမ်ကွင်းမှာ ချယ်လ်ဆီးအသင်းကို အကောင်းဆုံးဖိအားပေးကစား နိုင်မှာပါ။
ချယ်လ်ဆီးအသင်းကလည်း နောက်ပိုင်းပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အနည်းငယ်ပြန်လည်ရုန်းကန်နေရပြီး ခံစစ်ပိုင်းက အမှားအယွင်းများနေပါတယ်။ ချယ်လ်ဆီးအသင်းက နောက်ဆုံးကစားခဲ့တဲ့ ဝုဗ် အသင်းနဲ့ပွဲစဉ်မတိုင်ခင် ပရီးမီးယားလိဂ် ငါးပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့အထိကို ခြေစွမ်းပိုင်းမတည်မငြိမ်ဖြစ်နေပါတယ်။ ဒါ့ပြင် ချယ်လ်ဆီးအသင်းက နောက်ပိုင်းနှစ်တွေမှာ မန်စီးတီးအသင်း လာရောက်ကစားရတိုင်းရုန်းကန်ရလေ့ရှိနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၀၂၁ ခုနှစ် မေလက အနိုင်ရရှိပြီ နောက်ပိုင်းမှာ သုံးနှစ်ကျော်တဲ့အထိ မန်စီးတီးအသင်းကိုအနိုင်ရရှိခြင်းမရှိတော့တဲ့အထိ ရုန်းကန်နေရတာ ကို သတိပြုရမှာပါ။ ချယ်လ်ဆီးအသင်းက ဒီဘောလုံးရာသီ ပရီးမီးယားလိဂ် အဝေးကွင်း ၁၁ ပွဲမှာ ခြောက်ပွဲအနိုင်ရရှိပြီး သုံးပွဲသရေရလဒ်နဲ့ နှစ်ပွဲရှုံးနိမ့်ထားလို့ စွမ်းဆောင်ရည်ပိုင်းက အားရစရာအနေအထားမှာ မရှိသလို နောက်ဆုံးကစားခဲ့တဲ့အဝေးကွင်းသုံးပွဲ ဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့တဲ့အထိ ပုံစံကောင်းပျောက်ဆုံးနေပါတယ်။
ဒီနှစ်သင်းကြား ထိပ်တိုက်တွေ့ဆုံမှုအပိုင်းမှာ မန်စီးတီးအသင်းက ၂၅ ကြိမ်အနိုင်ရရှိထားပါတယ်။ ချယ်လ်ဆီးအသင်းက ၁၂ ကြိမ်အနိုင်ရရှိပြီး ခြောက်ကြိမ်သရေရလဒ်ထွက်ပေါ်ထားပါတယ်။ ဒါကြောင့် လက်ရှိ ခြေစွမ်းပိုင်းကလည်း ကွာခြားမှုမရှိလို့ အိမ်ကွင်းဆိုရလဒ်ကောင်းလေ့ရှိတဲ့ မန်စီးတီးအသင်းကိုပဲ အားပေးရမှာပါ။
ခန့်မှန်းရလဒ်- မန်စီးတီး ၃ - ၂ ချယ်လ်ဆီး
အက်သလက်တီကို Vs ဗီလာရီးယဲလ်
ကစားမည့်ရက်/အချိန်
(၂၅-၁-၂၀၂၅ ည ၉:၄၅ နာရီ)
နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်
ဗီလာရီးယဲလ် ၂ - ၂ အက်သလက်တီကို
ဗီလာရီးယဲလ် ၁ - ၂ အက်သလက်တီကို
အက်သလက်တီကို ၃ - ၁ ဗီလာရီးယဲလ်
နောက်ဆုံးကစားခဲ့တဲ့သုံးပွဲအနိုင်၊ အရှုံးရလဒ်
အက်သလက်တီကို ဝေး(နိုင်) ဝေး(ရှုံး) အိမ်(နိုင်)
ဗီလာရီးယဲလ် ဝေး(နိုင်) ဝေး(ရှုံး) အိမ်(နိုင်)
အက်သလက်တီကိုအသင်းက ပြီးခဲ့တဲ့ စပိန် လာလီဂါပွဲစဉ်မှာ လီဂါနက်စ်အသင်းကို ရှုံးနိမ့်ပြီး နောက် အမှတ်ပေးဇယားအဆင့်(၁)နေရာမှဆင်းပေး ခဲ့ရလို့ အခုအိမ်ကွင်းပွဲစဉ်မှာတော့ မဖြစ်မနေအနိုင် ရလဒ်ရရှိအောင် ပြင်ဆင်လာမှာပါ။ အက်သလက်တီ ကိုအသင်းက နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၇ ပွဲ မှာ လီဂါနက်စ်အသင်းတစ်သင်းတည်းကိုသာရှုံးနိမ့် ပြီး ကျန်ပွဲစဉ်အားလုံးကို အနိုင်ရရှိတဲ့အထိ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားပါတယ်။
အက်သလက်တီကိုအသင်းက ဒီဘောလုံးရာသီ စပိန်လာလီဂါအိမ်ကွင်း ၁၀ ပွဲကစားပြီးချိန်မှာ တစ်ပွဲမှရှုံးနိမ့်ထားခြင်းမရှိသေးဘဲ ရှစ်ပွဲအနိုင်ရရှိပြီး နှစ်ပွဲသရေရလဒ်ထွက်ပေါ်ထားလို့ အိမ်ကွင်းစွမ်းဆောင်ရည်ပိုင်းက တည်ငြိမ်မှုရှိနေပါတယ်။ အက်သလက်တီကိုအသင်းအတွက် စပိန်လာလီဂါချန်ပီယံဆုအတွက် မျှော်လင့်ချက်ကလည်းရှိနေလို့ အိမ်ကွင်းပွဲစဉ်မှာ ရမှတ်ပြည့်ရယူနိုင်ဖို့အတွက် အမှားခံမှာမဟုတ်ပါဘူး။
ဗီလာရီးယဲလ်အသင်းရဲ့ ခြေစွမ်းပိုင်းကလည်း တည်ငြိမ်မှုမရှိသေးဘဲ ရုန်းကန်နေရသလို နောက်ဆုံး ကစားခဲ့တဲ့ငါးပွဲမှာ နှစ်ပွဲအနိုင်ရရှိပြီး တစ်ပွဲသရေရလဒ်နဲ့ နှစ်ပွဲရှုံးနိမ့်ထားပါတယ်။ ဒါ့ပြင် ဗီလာ ရီးယဲလ်အသင်းရဲ့ အဝေးကွင်းစွမ်းဆောင်ရည်ပိုင်းက အားရစရာမရှိဘဲ စပိန်လာလီဂါအဝေးကွင်း ၁၀ ပွဲကစားပြီးချိန်မှာ ငါးပွဲအနိုင်ရရှိပြီး နှစ်ပွဲသရေရလဒ်နဲ့ သုံးပွဲရှုံးနိမ့်ထားပါတယ်။ ဗီလာရီးယဲလ်အသင်းက ဥရောပဝင်ခွင့်တစ်နေရာအတွက် မျှော်လင့်ချက်ရှိနေသေးတယ်ဆိုပေမယ့် အဝေးကွင်းမှာ ဂရစ်မန်းနဲ့ အယ်ဗာရက်ဇ်တို့ဦးဆောင်လာမယ့် အက်သလက်တီကိုအသင်းတိုက်စစ်ပိုင်းကို ပွဲချိန်ပြည့်ထိန်းချုပ်နိုင်ဖို့အတွက်ကတော့ မဖြစ်နိုင်ပါဘူး။ ဒါ့ပြင် လက်ရှိ ဗီလာရီးယဲလ်အသင်းခံစစ်ပိုင်းကလည်း တည်ငြိမ်မှုအားနည်းနေလို့ အခုပွဲစဉ်မှာလည်း ရုန်းကန်ရနိုင်ပါတယ်။
ဒီနှစ်သင်းကြားတွေ့ဆုံမှုအပိုင်းမှာ အက်သလက်တီကိုအသင်းက ၁၀ ကြိမ်အနိုင်ရရှိထားပါတယ်။ ဗီလာရီးယဲလ်အသင်းက ခုနစ်ကြိမ်အနိုင်ရရှိ ပြီး ၁၀ ကြိမ်သရေရလဒ်ထွက်ပေါ်ထားပါတယ်။
တွေ့ဆုံမှုအပိုင်းအရ ကွာခြားမှုမရှိဘူးဆိုပေမယ့် ခြေစွမ်းပိုင်းအသာစီးမှာရှိနေတဲ့ အက်သလက်တီကိုအသင်းပဲ အိမ်ကွင်းမှာနိုင်ပွဲရယူသွားပါလိမ့်မယ်။
ခန့်မှန်းရလဒ် -အက်သလက်တီကို၃-၁ ဗီလာရီးယဲလ်
နာပိုလီ Vs ဂျူဗင်တပ်စ်
ကစားမည့်ရက်/အချိန်
(၂၅-၁-၂၀၂၅ ည ၁၁:၃၀ နာရီ)
နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်
ဂျူဗင်တပ်စ် ၀ - ၀ နာပိုလီ
နာပိုလီ ၂ - ၁ ဂျူဗင်တပ်စ်
ဂျူဗင်တပ်စ် ၁ - ၀ နာပိုလီ
နောက်ဆုံးကစားခဲ့တဲ့သုံးပွဲအနိုင်၊ အရှုံးရလဒ်
နာပိုလီ ဝေး(နိုင်) အိမ်(နိုင်) ဝေး(နိုင်)
ဂျူဗင်တပ်စ် ဝေး(သရေ) အိမ်(နိုင်) ဝေး(သရေ)
နည်းပြကွန်တီရဲ့နာပိုလီအသင်းက စီးရီးအေ
ပြိုင်ပွဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက လာဇီယိုအသင်းကို ရှုံးနိမ့်ပြီးနောက်ပိုင်း ရလဒ်တွေဆက်တိုက်ကောင်းမွန်လာခဲ့ပြီး စီးရီးအေငါးပွဲဆက် ပြန်လည်အနိုင်ရရှိခဲ့ကာ ချန်ပီယံလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ နာပိုလီအသင်းက ပြီးခဲ့တဲ့ အတ္တလန္တာအသင်းနဲ့ပွဲစဉ်မှာလည်း အနိုင်ရရှိပြီးတော့ အတ္တလန္တာအသင်းကို ခုနစ်မှတ်ဖြတ်ထားနိုင်ခဲ့သလို အဆင့်(၂)နေရာက အင်တာမီလန်အသင်းကိုလည်း သုံးမှတ်ဖြတ်တောက်ပြီး အမှတ်ပေးဇယားထိပ်ဆုံး ကိုပြန်လည်တက်ရောက်နိုင်ခဲ့ပါတယ်။ နာပိုလီ အသင်းက ဒီဘောလုံးရာသီစီးရီးအေအိမ်ကွင်း ငါးပွဲမှာ သုံးပွဲအနိုင်ရရှိထားပြီး နှစ်ပွဲရှုံးနိမ့်ထားပါတယ်။
ဂျူဗင်တပ်စ်အသင်းကတော့ ဒီဘောလုံးရာသီစီးရီးအေပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးဘူးဆိုပေမယ့် ရလဒ်ပိုင်းတော့ အားရစရာမရှိဘဲ သရေရလဒ်တွေများပြားနေတာကို သတိထားရမှာပါ။ ဂျူဗင်တပ်စ်အသင်းရဲ့ စီးရီးအေအဝေးကွင်း ၁၀ ပွဲမှာ လေးပွဲအနိုင်ရရှိပြီး ခြောက်ပွဲသရေရလဒ်ထွက်ပေါ်ထားလို့ အဝေးကွင်းစွမ်းဆောင်ရည်ပိုင်းကတော့ အားရစရာမရှိသေးလို့ အခုအဝေးကွင်းပွဲစဉ်မှာလည်း ရုန်းကန်ရနိုင်ပါတယ်။ ဒါ့ပြင် ဂျူဗင်တပ်စ်အသင်းရဲ့ ခံစစ်ပိုင်းကလည်း လိုအပ်ချက်တွေများနေလို့ နာပိုလီအသင်းတိုက်စစ်ပိုင်းကို ပွဲချိန်ပြည့်ထိန်းချုပ်ဖို့အတွက်တော့ ခက်ခဲမှာပါ။
ဒီနှစ်သင်းကြားတွေ့ဆုံမှုအပိုင်းမှာ ဂျူဗင်တပ်စ်အသင်းက ၁၆ ကြိမ်အနိုင်ရရှိထားပါတယ်။ နာပိုလီအသင်းက ၁၃ ကြိမ်အနိုင်ရရှိပြီး ရှစ်ကြိမ်သရေရလဒ်ထွက်ပေါ်ထားပါတယ်။ လက်ရှိခြေစွမ်းပိုင်းနဲ့ အိမ်ရှင်အားသာချက်ရော နာပိုလီအသင်းက အသာစီးမှာရှိနေလို့ နာပိုလီအသင်းပဲနိုင်ပွဲဆက်သွားပါလိမ့်မယ်။
ခန့်မှန်းရလဒ် - နာပိုလီ ၂ - ၁ ဂျူဗင်တပ်စ်
ပရီးမီးယားလိဂ်ပွဲစဉ်(၂၃)
ဘုန်းမောက် - နော်တင်ဟမ်
ဘရိုက်တန် - အဲဗာတန်
လီဗာပူး - အစ်ဝှစ်ချ်
ဆောက်သမ်တန် - နယူးကာဆယ်
ဝုဗ် - အာဆင်နယ်
စပိန်လာလီဂါပွဲစဉ်(၂၁)
မာယော့ကာ - ဘတ်တစ်
ဆီဗီလာ - အက်စ်ပန်ညို
ဗယ်လ်လာဒိုလစ် - ရီးယဲလ်မက်ဒရစ်
အီတလီစီးရီးအေပွဲစဉ်(၂၂)
ကိုမို - အတ္တလန္တာ
အမ်ပိုလီ - ဘိုလော့ဂ်နာ
စည်သူအောင်