MNL ပြိုင်ပွဲတွင် မဟာယူနိုက်တက်အသင်း နိုင်ပွဲပြန်ရပြီး ရတနာပုံအသင်း နိုင်ပွဲဆက်

 

MNL ပြိုင်ပွဲတွင် မဟာယူနိုက်တက်အသင်း နိုင်ပွဲပြန်ရပြီး ရတနာပုံအသင်း နိုင်ပွဲဆက်

ရန်ကုန်  ဇန်နဝါရီ  ၂၄

၂၀၂၄-၂၀၂၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁၇) ပထမနေ့ကို ယနေ့တွင်ကျင်းပရာ  မဟာယူနိုက်တက်အသင်း နိုင်ပွဲပြန်ရပြီး ရတနာပုံအသင်း နိုင်ပွဲဆက်ခဲ့သည်။

YUSC ကွင်း၌ကျင်းပသည့်ပွဲတွင် မဟာ ယူနိုက်တက်အသင်းက  အား/ကာသိပ္ပံ အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။  အား/ကာသိပ္ပံအသင်းသည် နည်းပြသစ်  ဦးသာကျော်လက်ထက်  ပထမဆုံးရှုံးပွဲ နှင့်ရင်ဆိုင်ခဲ့ရပြီး ထိပ်ဆုံးအသင်းများနှင့် အမှတ်ကွာဟမှုမလျှော့ချနိုင်သလို အဆင့် ၅ နေရာအတွက် ရတနာပုံနှင့် မဟာယူနိုက်တက်အသင်းတို့၏  ဖိအားပေးခြင်းခံခဲ့ရသည်။   မဟာယူနိုက်တက်အသင်းသည်  တောင်ပံတိုက်စစ်ကစားသမားကျော်စွာမင်း၏ဂိုးဖြင့် နိုင်ပွဲပြန်ယူနိုင်ခဲ့သည်။

နှစ်သင်းစလုံး  အမာခံကစားသမား အများစုဖြင့် ပွဲထွက်လာပြီး ပွဲအစ  ၄ မိနစ် မှာပင် အား/ကာသိပ္ပံအသင်းမှ စိုးလင်းအောင် ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် မဟာယူနိုက်တက်အသင်း ဦးဆောင်ဂိုးရခဲ့သည်။ အား/ကာသိပ္ပံအသင်းသည် ချေပဂိုးရရန် တောက်လျှောက်ကြိုးပမ်းလာသော်လည်း ၆၁ မိနစ်မှ ဂိုးပြန်ရခဲ့ပြီး သန်းတိုးအောင်က သွင်းယူခဲ့ခြင်းဖြစ်သည်။ သို့သော် ၇၈ မိနစ်တွင် ကျော်စွာမင်းက မဟာယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့သည်။ ယခုပွဲအတွက်   အကောင်းဆုံးဆုကို မဟာယူနိုက်တက်အသင်းမှ ကျော်စွာမင်းကရရှိသည်။ ယခုပွဲအပြီးတွင် အား/ကာသိပ္ပံအသင်းက ၂၇ မှတ်၊ မဟာယူနိုက်တက်အသင်းက ၂၃ မှတ် ရရှိထားသည်။

သုဝဏ္ဏကွင်း၌   ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက ဧရာဝတီယူနိုက်တက်အသင်းကို ၃ ဂိုး-၁ ဂိုးဖြင့်   အနိုင်ရခဲ့သည်။ ရတနာပုံအသင်းသည် နိုင်ပွဲဆက်ခဲ့ပြီး အဆင့် ၅ နေရာမှ အား/ကာသိပ္ပံအသင်းကို နှစ်မှတ်အကွာဖြင့် ဖိအားပေးနိုင်ခဲ့သည်။ ရတနာပုံအသင်းအတွက် ဂိုးများကို ၄ မိနစ်တွင် စခန့်ချော၊ ၄၁ မိနစ်တွင် ပြည်မိုး၊ ၉၀+၂ မိနစ်တွင် ကြည်စိုးတို့က  သွင်းယူခဲ့ပြီး  ဧရာဝတီအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၉၀+၃ မိနစ်တွင် ညီညီအောင်က  သွင်းယူခဲ့သည်။

ယခုပွဲအတွက်    အကောင်းဆုံးဆုကို  ရတနာပုံတိုက်စစ်မှူး ပြည်မိုးကရရှိသည်။   ယခုပွဲအပြီးတွင် ရတနာပုံအသင်းက ၂၅ မှတ်၊ ဧရာဝတီယူနိုက်တက်အသင်းက၁၁ မှတ်ရရှိထားသည်။

ပွဲစဉ် (၁၇) ဒုတိယနေ့ကို ဇန်နဝါရီလ ၂၅ ရက် (ယနေ့) သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး   ရခိုင်ယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း တို့ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

 သတင်း-ရဲရင့်လွင်

ဓာတ်ပုံ-MNL