ONE-170 ပြိုင်ပွဲတွင် မြန်မာလူငယ်ဖိုက်တာ သန့်ဇင် ရှုံးပွဲကြုံတွေ့
ရန်ကုန် ဇန်နဝါရီ ၂၄
ONE-170 ပြိုင်ပွဲကို ယနေ့ညပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပရာ မြန်မာဖိုက်တာ သန့်ဇင်သည် ထိုင်းဖိုက်တာ ဆူရီရန်လက်ခ်ကို ဒုတိယအချီတွင် ရှုံးနိမ့်ခဲ့သည်။
မြန်မာလူငယ်ဖိုက်တာ သန့်ဇင်သည် နောက်ဆုံးထိုးသတ်သည့်ပွဲတွင် အရေးနိမ့်ထားသဖြင့် ယခုပွဲတွင် အနိုင်ရရန်ကြိုးပမ်း ခဲ့သော်လည်း သမ္ဘာနှင့် နည်းဗျူဟာကွာဟမှုကြောင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ပထမအချီတွင် သန့်ဇင်သည် ဆူရီရန်လက်ခ်ကို အပြန် အလှန်ထိုးသတ်နိုင်သလို အနည်းငယ်ပင် အသာရခဲ့သည်။ သို့သော် ဒုတိယအချီတွင် ဆူရီရန်လက်ခ်က နည်းဗျူဟာပိုင်းပြောင်းလဲကာ လက်သီးချင်းဆိုင်ထိုးရာ သန့်ဇင်အထိနာခဲ့ပြီး နှစ်ကြိမ်တိုင် အမှတ်စဉ်ရေတွက်ခံရသည်။ ဒုတိယအချီ ၂ မိနစ် ၉ စက္ကန့်တွင် ဆူရီရန်လက်ခ်က လက်သီးချက်ဖြင့် ပွဲသိမ်းခဲ့ခြင်းဖြစ်သည်။ ဆူရီရန်လက်ခ်သည် အတွေ့အကြုံသာသည့် အားလျော်စွာ ပွဲတစ်ပွဲကို ချဉ်းကပ်မှုကောင်းခဲ့ပြီး နည်းဗျူဟာပိုင်းပြောင်းလဲကာ အနိုင်ယူခဲ့ခြင်းဖြစ်သည်။
သန့်ဇင်သည် ONE နှင့် လက်တွဲပြီး လေးပွဲမြောက်တွင် နှစ်ပွဲမြောက်အရေးနိမ့်ခြင်းဖြစ်ပြီး နှစ်ပွဲဆက်တိုက်အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ဆူရီရန်လက်ခ်မှာမူ ONE နှင့် လက်တွဲပြီး ၁၀ ပွဲမြောက်ထိုးသတ်ရာတွင် ခုနစ်ပွဲမြောက်အနိုင်ရခဲ့ခြင်းဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ONE Championship