လေ့လာမှတ်သားစရာစီးပွားရေးဝေါဟာရ(၄)

 

လေ့လာမှတ်သားစရာစီးပွားရေးဝေါဟာရ(၄)

လွတ်လပ်သောကုန်သွယ်ရေးနယ်ပယ် (Free Trade Area)

လွတ်လပ်သောကုန်သွယ်ရေးနယ်ပယ် (Free Trade   Area)ဆိုတာ   နိုင်ငံတွေအချင်းချင်းကြားမှာ ကုန်သွယ်မှုဆောင်ရွက်တဲ့အခါ     ကုန်သွယ်မှုနဲ့ဆိုင်တဲ့အတားအဆီးတွေကို သဘောတူညီမှုတွေလုပ်ပြီး ဖယ်ရှားဆောင်ရွက်လုပ်ကိုင်နေတဲ့ နိုင်ငံအစုအဝေးပဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတွေကြားထဲမှာ ရောင်းဝယ်နေကြတဲ့ ကုန်စည်နဲ့ဝန်ဆောင်မှုတွေ အပေါ်မှာ စည်းကြပ်ထားတဲ့အကောက်အခွန်တွေ(Tariff)၊ အရေအတွက်ကန့်သတ်မှုတွေ (Quota)အပါအဝင်   အခြားအကောက်အခွန်မဟုတ်တဲ့ အတားအဆီး(Non-Tariff Barriers)တွေ ဖယ်ရှားဖို့  သဘောတူထားတဲ့နိုင်ငံအစုအဖွဲ့ကိုလည်း   လွတ်လပ်တဲ့  ကုန်သွယ်ရေးနယ်ပယ် သို့မဟုတ် လွတ်လပ်တဲ့ကုန်သွယ်မှုဧရိယာလို့ ခေါ်ကြပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)ကလည်း နိုင်ငံတွေကြားမှာ   ကုန်သွယ်မှုအတားအဆီးတွေလျှော့ချနိုင်ရင် ကမ္ဘာ့ကုန်သွယ်မှု ပိုပြီးတိုးတက်လာမယ်လို့ ယုံကြည်ထားတဲ့အတွက် ကုန်သွယ်မှုအတားအဆီးတွေ လျှော့ချရေးကိစ္စကို ဆောင်ရွက်နေတာ ဆယ်စုနှစ်တွေချီကြာခဲ့ပါပြီ။    အခုထိတော့ မပြီးပြတ်သေးပါဘူး။ ကမ္ဘာပေါ်က နိုင်ငံတွေအားလုံးနီးပါး အဖွဲ့ဝင်ဖြစ်နေတဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထဲမှာ စီးပွားရေးဖွံ့ဖြိုးမှုအခြေအနေ မတူညီကြတဲ့နိုင်ငံတွေ အများကြီးရှိနေလို့ ညှိနှိုင်းဆောင်ရွက်တဲ့အခါမှာ   အခက်အခဲတွေအများကြီးကြုံတွေ့နေရပါတယ်။ ဒီလိုအခက်အခဲတွေကျော်လွှားနိုင်ဖို့  စီးပွားရေးဖွံ့ဖြိုးမှုအဆင့်တူ၊ အင်အားတူနိုင်ငံတွေကြားမှာ  ဆောင်ရွက်နိုင်ခဲ့ရင်တော့ သဘောတူညီမှုတွေ အချိန်တိုအတွင်းမှာ ရရှိနိုင်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါကြောင့် အခုဆိုရင် အချို့နိုင်ငံတွေဟာ သူတို့ဒေသတွင်းမှာပဲ သူတို့နဲ့အခြေအနေသိပ်မကွာကြ၊ အဆင့်အတန်းတူကြတဲ့နိုင်ငံတွေနဲ့ ပေါင်းပြီး လွတ်လပ်တဲ့ကုန်သွယ်ရေးနယ်ပယ်တွေကို ကိုယ့်ဒေသနဲ့ကိုယ် ထူထောင်နိုင်ဖို့ ကြိုးစားနေကြတာတွေလည်း တော်တော်လေး တွေ့မြင်နေရပါပြီ။ တစ်ကမ္ဘာလုံး တန်းတူမလုပ်နိုင်သေးတဲ့အချိန်မှာ ဒေသတွင်းနီးစပ်တဲ့နိုင်ငံတွေ၊ စီးပွားရေးအခြေအနေတူညီတဲ့နိုင်ငံတွေကြားမှာ လွတ်လပ်တဲ့ကုန်သွယ်ရေး နယ်ပယ်တွေ ထူထောင်နေတာကို   ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးကလည်း  စည်းမျဉ်းစည်းကမ်းနဲ့အညီ ခွင့်ပြုပေးထားပါတယ်။

ဒီအစီအစဉ်ကို Free Trade Area ရဲ့ထိပ်ဆုံးစာလုံးတွေကိုယူပြီး အက်ဖ်တီအေ (FTA) လို့လည်း အလွယ်တကူအတိုကောက်ခေါ်ကြပါတယ်။     စီးပွားရေးပေါင်းစည်းမှု သဘောတရား (Concept of Economic Integration) အမြင်နဲ့ပြောရရင် ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖြစ်စဉ်ရဲ့ တိုးတက်မှုအဆင့်တစ်ဆင့်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ လွတ်လပ်တဲ့ကုန်သွယ်ရေးနယ်ပယ်ထဲမှာ ပါဝင်နေတဲ့နိုင်ငံတွေဟာ ကုန်သွယ်မှုနဲ့ပတ်သက်တဲ့ တူညီတဲ့မူဝါဒတွေရှိနေဖို့ မလိုပါဘူး။     ကိုယ့်နိုင်ငံ ကိုယ့်မူဝါဒနဲ့ ကုန်သွယ်ရေးကိစ္စကို လုပ်နိုင်ပါတယ်။ ဒါပေမဲ့ သဘောတူညီမှုယူထားတဲ့နိုင်ငံတွေကြားထဲမှာ ကုန်သွယ်မှုအတားအဆီးတွေဖယ်ရှားတဲ့ အခြေအနေမှာတော့ တစ်ပြေးညီ ဖြစ်ရပါလိမ့်မယ်။

လွတ်လပ်တဲ့ကုန်သွယ်ရေးနယ်ပယ် ထူထောင်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ ကိုယ့်နိုင်ငံမှာ   နှိုင်းယှဉ်အကျိုးကျေးဇူး (Comparative   Advantage)ရှိလို့ ဇောက်ချထုတ်လုပ်ထားတဲ့ ကုန်စည်တွေကို   ကုန်သွယ်ဖက်နိုင်ငံတွေကြားမှာ အပြန်အလှန်၊ လျင်လျင်မြန်မြန် လွယ်လွယ်ကူကူစီးဆင်းနိုင်ဖို့နဲ့   အဲဒီကတစ်ဆင့် ဒေသတွင်းကုန်သွယ်မှုပမာဏ မြှင့်တင်နိုင်ဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုလွတ်လပ်တဲ့    ကုန်သွယ်ရေးနယ်ပယ်တွေပေါ်လာတာဟာ ဒေသတွင်းမှာ ဝင်ငွေတွေ၊   ဥစ္စာဓနပိုင်ဆိုင်မှုတွေ တိုးတက်များပြားလာနိုင်ပြီး စီးပွားရေးတိုးတက်မှုပါရရှိလာနိုင်မယ်လို့ ဆိုကြပါတယ်။

ဒါပေမဲ့ လွတ်လပ်တဲ့ကုန်သွယ်ရေးကို သဘောမတွေ့ကြတဲ့သူတွေဆီကလည်း တုံ့ပြန်သံတွေကြားနေရပါတယ်။ ဝင်ငွေမြင့်လာတာ၊ ဥစ္စာဓနတိုးတက်ဖြစ်ထွန်းလာတာတွေဟာ ဒေသတွင်းရဲ့ စုစုပေါင်းပမာဏသဘောကိုသာ   ပြောဆိုနေတာဖြစ်ပြီး ဝင်ငွေနဲ့ဥစ္စာဓနရဲ့    ခွဲဝေဖြန့်ဖြူးမှု (Distribution of Wealth) အပိုင်းကိုတော့ လျစ်လျူရှုထားကြတယ်လို့ ဆိုကြပါတယ်။ ဆိုလိုတာကတော့ ရလဒ်တွေဟာ FTA   နယ်ပယ်ထဲမှာပါဝင်နေတဲ့ နိုင်ငံတစ်နိုင်ငံစီရဲ့အခြေအနေကို  ထည့်သွင်းစဉ်းစားထားတာမဟုတ်ဘူးလို့ ဆိုလိုခြင်းဖြစ်ပါတယ်။ တကယ်လို့ FTA    နယ်ပယ်ထဲမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားကြပြီဆိုရင် အစိုးရအကာအကွယ်ကို  ရယူထားတဲ့လုပ်ငန်းတွေနဲ့ မူလကိုကယှဉ်ပြိုင်နိုင်စွမ်းအားနည်းတဲ့ လုပ်ငန်းတွေ အခက်အခဲကြုံလာစရာတွေလည်း ရှိပါတယ်။

ကမ္ဘာပေါ်မှာ    ထူထောင်ထားတဲ့ လွတ်လပ်တဲ့ကုန်သွယ်ရေးနယ်ပယ်တွေထဲမှာဆိုရင် မြောက်အမေရိကဒေသက မြောက်အမေရိက လွတ်လပ်သောကုန်သွယ်ရေးနယ်ပယ် (NAFTA)နဲ့ ဥရောပဒေသက ဥရောပသမဂ္ဂ(EU)၊  အာရှဒေသမှာတော့  အာဆီယံလွတ်လပ်သော  ကုန်သွယ်မှုဧရိယာ (ASEAN Free Trade Area) တို့ဟာ ထင်ရှားတဲ့ FTA  တွေဖြစ်ပါတယ်။ ၂၁ ရာစုထဲမှာပဲ နောက်ထပ်ဒေသတွင်း လွတ်လပ်တဲ့ကုန်သွယ်ရေးနယ်ပယ်တွေ ပေါ်ပေါက်လာနိုင်ခြေရှိနေပါတယ်။

ပေါ်တာဒိုင်းမွန်းသီအိုရီ (Porter’s Diamond Theory)

ဒီကနေ့ လွတ်လွတ်လပ်လပ်နဲ့ ပြိုင်ဆိုင်မှုအသားပေးနေတဲ့ကမ္ဘာထဲမှာ ဘယ်လိုစီးပွားရေးကိစ္စတွေမှာပဲဖြစ်ဖြစ် ယှဉ်ပြိုင်နိုင်စွမ်း သိပ်ကိုအရေးကြီးနေပါပြီ။ ဥပမာ-ကုမ္ပဏီလုပ်ငန်းတစ်ခုအနေနဲ့   ပြည်တွင်းပြည်ပဈေးကွက်ထဲမှာ   ရပ်တည်နိုင်ဖို့ အရည်အသွေး၊ ဈေးနှုန်းဆိုင်ရာမှာ ယှဉ်ပြိုင် နိုင်စွမ်းရှိဖို့လိုသလို နိုင်ငံတစ်နိုင်ငံအနေနဲ့လည်း နိုင်ငံတကာမှာ ကုန်သွယ်စီးပွားကိစ္စရပ်တွေလုပ်ဆောင်ရတဲ့အခါ ယှဉ်ပြိုင်နိုင်စွမ်းအားသာမှု(Competitive Advantage)ရှိမှ နိုင်ငံတကာဈေးကွက်ထဲမှာ ရေရှည်ရပ်တည်နိုင်မှာဖြစ်ပြီး စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးမှု  ရရှိနိုင်ပါလိမ့်မယ်။

ဒီအခြေအနေတွေကို ပါမောက္ခ မိုက်ကယ်ပေါ်တာ (Michael Porter)တီထွင်ဖော်ထုတ်ထားတဲ့ ပေါ်တာဒိုင်းမွန်းသီအိုရီကိုအသုံးပြုပြီး လေ့လာနိုင်ပါတယ်။

မိုက်ကယ်ပေါ်တာဆိုတာ ဟားဗက်တက္ကသိုလ်မှာ စီးပွားရေးဒေါက်တာဘွဲ့ရရှိခဲ့ပြီး  ဟားဗက်လုပ်ငန်းသင်တန်းကျောင်းမှာ ပါမောက္ခတာဝန်ထမ်းဆောင်နေတဲ့ စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့လေ့လာမှုနယ်ပယ်ကို ကြည့်ရင် စီမံခန့်ခွဲမှု (Management)နဲ့ ဘောဂဗေဒ (Economics)ဘာသာရပ်နှစ်ခုကိုပေါင်းစပ်ထားတဲ့ ယှဉ်ပြိုင်မှုအားသာနိုင်စွမ်းတွေနဲ့ စီးပွားရေးဖွံ့ဖြိုးမှု အခြေအနေတွေကို ဆက်စပ်လေ့လာထားတာကိုတွေ့ရပါလိမ့်မယ်။ ၁၉၉၀ ပြည့်နှစ်က သူရေးထားခဲ့တဲ့ The Competitive Advantage of Nations ထဲမှာ အခုပြောနေတဲ့ ပေါ်တာဒိုင်းမွန်းမော်ဒယ်ကိုတွေ့နိုင်ပါတယ်။ အဲဒီသီအိုရီက တိုင်းပြည်တစ်ပြည်ရဲ့ယှဉ်ပြိုင်နိုင်စွမ်းကို အချက် လေးချက် အသုံးပြုလေ့လာထားပြီး အဲဒီလေးချက်ဟာ တစ်ခုနဲ့တစ်ခုအမှီသဟဲပြုနေတယ်လို့ ဆိုပါတယ်။ သရုပ်ဖော်ပုံဆွဲကြည့်တဲ့အခါ ဒိုင်းမွန်း(စိန်ပွင့်)ပုံသဏ္ဌာန်ဖြစ်နေလို့   ဒိုင်းမွန်းသီအိုရီ  သို့မဟုတ် ဒိုင်းမွန်းမော်ဒယ်လို့ ခေါ်လေ့ရှိကြပါတယ်။ ဒီသီအိုရီထဲက အချက်တွေကို ဖော်ပြရရင် (၁)စွမ်းအားစုအခြေအနေတွေ (Factor Conditions)၊ (၂)ဝယ်လိုအားအခြေအနေ

တွေ(Demands Condition)၊   (၃) ဆက်စပ်အထောက်အပံ့လုပ်ငန်းတွေ (Related  and  Supporting Industries)၊ (၄)လုပ်ငန်းများရဲ့မဟာဗျူဟာ၊ ဖွဲ့စည်းပုံနဲ့ပြိုင်ဘက်အခြေအနေတွေ (Strategy, Structure and Rivalry)ပဲဖြစ်ပါတယ်။

စွမ်းအားစုအခြေအနေတွေ (Factor Condition)နဲ့ပတ်သက်လို့ ကျမ်းရိုးဘောဂဗေဒပညာရှင်တွေညွှန်းနေကျ မြေယာ၊ လုပ်အား၊  အရင်းအနှီး  စတဲ့အခြေခံကုန်ထုတ် စွမ်းအားစုတွေထက် တီထွင်ကြံဆပြီး ဖန်တီး၊ လေ့ကျင့်သင်ကြားထားတဲ့ အဆင့်မြင့်စွမ်းအားစုတွေကိုပဲ အလေးပေး ပြောဆိုတာတွေ့ရပါတယ်။ အဲဒီအဆင့်မြင့်စွမ်းအားစုတွေက ယှဉ်ပြိုင်နိုင်စွမ်းအတွက် အလွန်အရေးကြီးပါတယ်။ ဒီလိုစွမ်းအားတွေကို တိုင်းပြည်တစ်ပြည်အနေနဲ့ ဖန်တီးနိုင်စွမ်းရှိပါတယ်လို့လည်း သူကဆိုပါတယ်။

ဝယ်လိုအားအခြေအနေတွေ (DemandsCondition )နဲ့ပတ်သက်တာတွေမှာတော့ တိုင်းပြည်ထဲက ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေအတွက် ပြည်တွင်းဝယ်လိုအား သဘောသဘာဝနဲ့ အခြေအနေကို အဓိကထောက်ပြပါတယ်။ ကုန်စည်တစ်ခုဟာ ပြည်တွင်းဝယ်လိုအား  ကောင်းနေခဲ့မယ်ဆိုရင် အဲဒီကုန်စည်ထုတ်တဲ့လုပ်ငန်းတွေကို ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်အောင်လုပ်ဖို့ ဖိအားတွေ အများကြီးဖြစ်လာပါလိမ့်မယ်။

ဒါကြောင့် သူတို့ဟာ ထုတ်ကုန်တွေ အမြဲသစ်လွင်ပြီး စားသုံးသူတွေကို ဆွဲဆောင်နိုင်မှုရှိအောင် တီထွင်ကြံဆမှုတွေ၊ အရည်အသွေးမြင့်တာတွေ ပိုလုပ်ဖို့လိုလာပါတယ်။ ဒီအခြေအနေကလည်း ပြည်တွင်းဝယ်လိုအားကနေဖြစ်ပေါ်လာတဲ့ ယှဉ်ပြိုင်နိုင်စွမ်းအားသာမှုအတွက်  တွန်းအားတစ်ရပ်ဖြစ်တယ်လို့ ပေါ်တာကဆိုပါတယ်။

အဆက်အစပ် အထောက်အပံ့လုပ်ငန်း ( Related   and   Supporting     Industries) တွေနဲ့ပတ်သက်လို့ကတော့ အပြန်အလှန်မှီခိုပတ်သက်နေကြတဲ့ အထောက်အပံ့လုပ်ငန်းတွေဟာ  တစ်ပြည်လုံးအတိုင်းအတာနဲ့   ယှဉ်ပြိုင်နိုင်စွမ်း ရှိ/မရှိကို လေ့လာရမယ်လို့ပြောပါတယ်။ လေ့လာပြီးတဲ့နောက်   လုပ်ငန်းတွေဟာ ပထမအဆင့်အနေနဲ့ ကိုယ့်တိုင်းပြည်အတွင်းမှာ ယှဉ်ပြိုင်နိုင်စွမ်း   အားသာမှုရပြီဆိုရင် အဲဒီကနေမှတစ်ဆင့် နိုင်ငံတကာဈေးကွက်ထဲမှာယှဉ်ပြိုင်နိုင်ဖို့   ဦးတည်သွားနိုင်ပါလိမ့်မယ်လို့ ဆိုပါတယ်။

လုပ်ငန်းတွေ၊ ကုမ္ပဏီတွေရဲ့မဟာဗျူဟာတွေ၊ ဖွဲ့စည်းပုံတွေနဲ့ ပြိုင်ဘက်အခြေအနေတွေ (Strategy, Structure and Rivalry)နဲ့ပတ်သက်လို့ ပြည်တွင်းဈေးကွက်ထဲက ကုမ္ပဏီတွေ၊ လုပ်ငန်းတွေ ဘယ်လိုလုပ်နေကြသလဲဆိုတဲ့အနေအထားကစလို့ စီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေအဆုံး အားလုံးကိုဂရုစိုက်လေ့လာရမယ်လို့ဆိုပါတယ်။ သဘောကတော့  ပြည်တွင်းဈေးကွက်နယ်ပယ်ထဲမှာ ယှဉ်ပြိုင်နိုင်စွမ်းမဟာဗျူဟာတွေ၊ ဖွဲ့စည်းထားပုံတွေ၊ ပြိုင်ဘက်တွေကို လေ့လာအကဲခတ်မှုတွေ၊ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်မှုတွေဟာ အလေ့အကျင့်တွေဖြစ်သွားပြီး နိုင်ငံတကာဈေးကွက်ကို   ထိုးဖောက်နိုင်ရေးမှာ အထောက်အကူတွေ ရသွားနိုင်ပါတယ်။

တကယ်လို့ နိုင်ငံတကာဈေးကွက်ချိတ်ဆက်ခွင့်ရခဲ့ရင် အလားအလာကောင်းတွေရလာဖို့ ပြင်ဆင်ပြီးသားလို့ ဆိုထားပါတယ်။

ဒီအချက်လေးချက်ရဲ့ဆက်စပ်မှုကိုလေ့လာရင် အခြေအနေတစ်ခုရဲ့အကျိုးသက်ရောက်မှုဟာ  နောက်ထပ်အခြေအနေတစ်ရပ်အပေါ်မှာ မှီခိုနေပြီး အပြန်အလှန်လည်း  အားပြုနေတယ်လို့ဆိုပါတယ်။ တကယ်တော့ ဒီသီအိုရီထဲမှာ ပြည်တွင်းကုန်ထုတ်စွမ်အားစုနဲ့ လုပ်ငန်းတွေရဲ့အခြေအနေတွေ၊     ပြည်တွင်းဝယ်လိုအား၊   လုပ်ငန်းအချင်းချင်းယှဉ်

ပြိုင်နိုင်မှုတွေမှာ အစိုးရရဲ့အခန်းကဏ္ဍအရေးကြီးပုံကိုလည်း ဖော်ပြထားပါတယ်။ အစိုးရအနေနဲ့  ဖော်ပြထားခဲ့တဲ့အချက် လေးချက် ဟန်ချက်ညီညီနဲ့ အပြန်အလှန်အမှီသဟဲပြုနိုင်ဖို့ ကြားကနေ အဆက်အစပ်လုပ်ပေးနိုင်ဖို့    လိုတယ်လို့ဆိုပါတယ်။ ပေါ်တာကတော့ အစိုးရအနေနဲ့ ပြည်တွင်းကလုပ်ငန်းတွေ၊ ကုမ္ပဏီတွေရဲ့ လုပ်ဆောင်ချက်တွေတိုးတက်အောင် အားပေးတာတွေ၊ ထုတ်ကုန်တွေအတွက် ပြည်တွင်းဝယ်လိုအား   တိုးလာအောင် တွန်းအားပေးတာတွေ၊  အထူးပြုကုန်ထုတ်စွမ်းအားစုတွေရှိလာအောင်    ဂရုစိုက်လမ်းညွှန်တာတွေနဲ့  လုပ်ငန်းအချင်းချင်း ပူးပေါင်းတာတွေကိုကန့်သတ်ပြီး ပြည်တွင်းယှဉ်ပြိုင်မှုတွေ       များပြားလာအောင် အားပေးရမယ်လို့     အကြံပြုလမ်းညွှန်ထားတာကိုလည်း တွေ့ရပါလိမ့်မယ်။   ။

စောနိုင်(အသုံးချဘောဂဗေဒ)