အရာထမ်း၊ အမှုထမ်းအိမ်ရာများ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် လိုက်လံကြည့်ရှုစစ်ဆေး

 

အရာထမ်း၊ အမှုထမ်းအိမ်ရာများ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်   ဇန်နဝါရီ  ၂၅

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်အတွင်းရှိဝန်ကြီးဌာနအလိုက် ခွဲဝေချထားပေးသော နိုင်ငံပိုင်တိုက်ခန်းများတွင် အိမ်ရာပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်မှု   ရှိ မရှိ၊ ချမှတ်ထားသောအိမ်ရာများတွင်  အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်ခြင်း ရှိ၊ မရှိနှင့် မသက်ဆိုင်သူများ နေထိုင်မှု မရှိစေရေးတို့အတွက်  လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်    တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပိုင် ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်အတွင်းရှိ အရာထမ်း၊ အမှုထမ်းအိမ်ရာများတွင် ရေ၊ မီးရရှိမှုအခြေအနေ၊ အဆောက်အအုံကြံ့ခိုင်မှုအခြေအနေ၊ အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်မှု ရှိ မရှိ၊ ယာယီနေရပ်စွန့်ခွာနေကြသည့်မိသားစုဝင်များ ဝန်ထမ်းအိမ်ရာများတွင် လာရောက်နေထိုင်ခြင်း ရှိ၊ မရှိနှင့် ရှိပါက ဧည့်စာရင်းတိုင်ကြားမှု ရှိ၊ မရှိနှင့် အိမ်ရာပတ်ဝန်းကျင်ရှိ မြေလွတ်မြေလပ်များတွင် သီးပင်စားပင်များ     စိုက်ပျိုးထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 ထို့နောက်  ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းအိမ်ရာ စည်းကမ်းများနှင့်အညီ နေထိုင်ရန်၊ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအထူးအလေးထားနေထိုင်ရန်၊ လျှပ်စစ်မီးလုံခြုံရေးနှင့် ပတ်သက်၍ အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရန်အချက်များကို မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။