စက်သုံးဆီဖြန့်ဖြူးရောင်းချနေမှု ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇန်နဝါရီ ၂၅
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး သိုလှောင်ဖြန့်ဖြူးရေးဌာနနှင့် ပြည်တွင်းထုတ် စက်သုံးဆီဖြန့်ဖြူးရောင်းချနေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးသို့ ရောက်ရှိရာ တာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေအတွင်း စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးကြပ်မတ်နေမှု၊ စက်သုံးဆီတင်ယာဉ်များအား ရှောင်တခင်စစ်ဆေးကြီးကြပ်မှု၊ အရောင်းဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသည့် စက်သုံးဆီများ၏ အရည်အသွေးနှင့်အချင်အတွယ် ကိုက်ညီမှန်ကန်မှုရှိစေရေး Mobile Fuel Lab ဖြင့် စစ်ဆေးမှု၊ စက်သုံးဆီအရောင်းဆိုင်များရှိ ဝန်ထမ်းများအား သင်တန်းပို့ချမှုနှင့် ဝန်ထမ်းများအတွက် သက်သာချောင်ချိရေး ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စက်သုံးဆီအရောင်းဆိုင်များမှ ဖြန့်ဖြူးရောင်းချရာတွင် အရည်အသွေးနှင့် အချင်အတွယ် ကိုက်ညီမှန်ကန်မှုရှိစေရေး အမြဲမပြတ်စစ်ဆေးကြပ်မတ်သွားရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ပထမအဆင့်အနေဖြင့် ပြည်တွင်းထုတ်ဓာတ်ဆီကို နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်သုံးဆိုင်မှ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များအား ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း၊ ယခုအခါ ပြည်သူများ၏တောင်းဆိုချက်အရ ဒုတိယအဆင့် အနေဖြင့် Ron 68 အသုံးပြုရန်သင့်လျော်သည့် အများပြည်သူပိုင်မော်တော်ယာဉ်များနှင့် ဝန်ကြီးဌာနများ၊ စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်များအား ယနေ့မှစတင်၍ လွတ်လပ်စွာဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ကျယ်ပြန့်စွာဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲရခြင်းကြောင့် သုံးစွဲသူများ၏ လူမှုစီးပွားရေးကို အထိုက်အလျောက် ထောက်ပံ့ပေးသွားနိုင်မည်ဖြစ်သဖြင့် ဝန်ထမ်းများက မိမိတို့ အလုပ်တာဝန်အပေါ် စေတနာထားဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သိုလှောင်ဖြန့်ဖြူးရေးဌာနနှင့် စက်သုံးဆီအရောင်းဆိုင်အတွင်း ပြည်တွင်းထုတ်စက်သုံးဆီဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။