ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇန်နဝါရီ ၂၅
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ပြပွဲနှင့်ပြိုင်ပွဲကျင်းပမည့် တပေါင်းကွင်းရှိ ယာယီရှင်းလင်းဆောင်၌ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဆပ်ကော်မတီဥက္ကဋ္ဌများက MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင် ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် MSME ထုတ်ကုန်များ ခင်းကျင်းပြသနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေစဉ်အတွင်း လိုအပ် ချက်များရှိပါက ချက်ချင်းဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ဆပ်ကော်မတီအသီးသီးမှ ကိုယ်စားလှယ်များအား တာဝန်ချထားရ မည်ဖြစ်ကြောင်း၊ ရိုးရာစားသောက်ဆိုင်ခန်း များတွင် ရောင်းချသည့် အစားအသောက် များသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် စီးပွားရေး ချိတ်ဆက်မှုအခမ်းအနားများ ကျင်းပနိုင်ရန် ပါဝင်ဆွေးနွေးမည့် ပညာရှင်များအား ချိတ်ဆက်ရေးတို့ကို ကြိုတင်ဆောင်ရွက် ထားရမည်ဖြစ်ကြောင်း။
ပြိုင်ပွဲဆုရွေးချယ်ရေးနှင့်ပတ်သက်၍ အငြင်းပွားမှုများ မဖြစ်ပေါ်စေရေးအတွက် သတ်မှတ်အမှတ်ပေးစည်းမျဉ်းများကို ကြိုတင်ဖြန့်ဝေထားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ပြခန်းများ၌ နဖူးစည်းစာတန်းများ ချိတ်ဆွဲရာတွင် တစ်ပြေးညီဖြစ်စေရေး ကြိုတင်ညှိနှိုင်းထားရှိပြီးဖြစ်၍ စနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း မှာကြားသည်။
ထို့နောက် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း တွေ့ကြုံနေရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးပြီး ပြခန်းများဆောင် ရွက်နေမှုနှင့် MSME ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသရန် စီမံဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။