မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီ ၂၆ ရက်
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် သတင်းအရ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်၊ ၆၈ လမ်း၊ ၄၀ x ၄၁ လမ်းကြားရှိ ဖူရီဟွ(၃၁)နှစ်၊ (ဘ)ဦးဖာချင်း ၏ နေအိမ်ကိုရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water ၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၅ နာရီအချိန် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်၊ ၄၂ လမ်းနှင့် ၆၇(A)လမ်းထောင့်ရှိ နေအိမ်တွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချသူ ဖူရှီးရံ(ခ)အားရှုန်း(၂၈)နှစ်၊ (ဘ)ဦးဖူဖာမို အား ကက်တမင်း ၃ ဒသမ ၆ ကီလို၊ Happy Water ၈ ဒသမ ၆၃၅ ကီလို၊ အက်တက်စီဆေးပြား ၄၀ ပြား၊ Happy-5 ဆေးပြား ၁၅၀ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀ ပြား၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅ ဂရမ်တို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့၍ မန္တလေးမြို့ပေါ်ရှိ KTV၊ BAR၊ CLUB နှင့် ENTERTAINMENT များတွင် ဖြန့်ဖြူးရောင်းချမည့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ Happy Water ၁၁ ဒသမ ၆၃၅ ကီလို၊ ကက်တမင်း ၃ ဒသမ ၆ ကီလို၊ အက်တက်စီဆေးပြား ၄၀ ပြား၊ Happy-5 ဆေးပြား ၁၅၀ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀ ပြားနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၅ ဂရမ်တို့ကို ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။