
မျက်ကြောလိုက်ခြင်းအကြောင်းရင်းနှင့် ကာကွယ်ရန်နည်းလမ်းများ
ဆောင်းပါးရှင် - ဒေါက်တာလွင်သန့်
ယနေ့ခေတ်လူငယ်တွေကြား ဂိမ်းကစားတာက အတော်ခေတ်စားလာပါတယ်။ ကွန်ပျူတာနဲ့ ဂိမ်းကစားတာထက် ဖုန်းနဲ့ဂိမ်းကစားတဲ့သူပိုများလာ တယ်။ ကားစောင့်ရင်း၊ ကားစီးရင်း၊ မုန့်ဆိုင်ထိုင်ရင်း၊ ထမင်းစားရင်း၊ မိတ်ဆွေတွေနဲ့တွေ့ရင်း ဘာလုပ်လုပ် လက်ကနေ ဖုန်းကိုမချတမ်း အသုံးပြုနေသူတွေပတ်ဝန်းကျင်မှာ မြင်တွေ့လာရပါတယ်။
တချို့မိဘတွေက အလုပ်မအားလို့ ကလေးနေရင်ပြီးရော ဖုန်းစိတ်ကြိုက်ပေးသုံးထားတတ်ကြတယ်။ နယ်သာလန်နိုင်ငံမှာ အသက် ၁၄ နှစ်နဲ့အောက်၊ ဩစတြေးလျနိုင်ငံမှာ အသက် ၁၆ နှစ်နဲ့အောက် လူငယ်တွေ လူမှုမီဒီယာ၊ ဂိမ်းမသုံးရဆိုပြီး ညွှန်ကြားချက် ထုတ်ထားပါတယ်။
မြန်မာနိုင်ငံမှာတော့ အစာစားချိန်မမှန်၊ ညမအိပ်ဘဲ ဂိမ်းကစားလို့ အရေးပေါ်အခြေအနေအထိဖြစ်လာတဲ့ကလေးတွေရှိလာတယ်။ နိုင်ငံတကာမှာလည်းတွေ့ နေရပါတယ်။ အဲဒီတွေ့မြင်ရတဲ့အထဲမှာ မျက်ကြောလိုက်တာအဖြစ်များပါတယ်။
မိဘတွေက မျက်ကြောလိုက်မှာစိုးလို့ သား၊ သမီးတွေကို ဂိမ်းကစားတာကန့်သတ်ပေးချင်ပေမယ့် ပြောစကားနားမထောင်တဲ့ ကလေးတွေလည်းရှိ ပါတယ်။ မျက်ကြောလိုက်တာကြောင့် ရုပ်ရည်သွင်ပြင်ကြည့်ရဆိုးတာမျိုးမဖြစ်အောင် ကလေးတွေ ကို သေချာရှင်းပြပြီး ဆုံးမသွန်သင်သင့်ပါတယ်။
ဂိမ်းကစားလွန်းသူတွေ၊ တီဗွီကို နေ့မနား ညမအား အနီးကပ်ကြည့်သူတွေမှာ မျက်ကြောလိုက်တာမျိုးဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဂိမ်းကစားချိန်မှာ Screen ကို အချိန်ကြာကြာ အာရုံစိုက်ပြီးကြည့်ရတယ်။ အဲဒီတော့ မျက်လုံးညောင်းလာမယ်။ ညောင်း လာတော့ မျက်လုံးကို အနားယူပေးဖို့အတွက် ပုတ်ခတ်ပုတ်ခတ်လုပ်ရာကနေ မျက်လုံးသဘာဝအရ မျက်ကြောလိုက်သလိုမျိုးဖြစ်လာပါတယ်။ ဒီတော့ မျက်လုံးကိုအနားပေးဖို့လိုအပ်ပါတယ်။
မျက်ကြောလိုက်ရတဲ့အကြောင်းရင်းက မျက်လုံး ကို အနားမပေးလို့ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်တစ်ခု လုံးမှာ ခြေထောက်တွေက လမ်းမလျှောက်တော့ဘူး ဆိုရင် အနားရမယ်။ လက်ကလည်း စာမရေးတော့ ဘူး၊ အလုပ်မလုပ်တော့ဘူးဆိုရင် အနားရတယ်။မျက်လုံးက အဲဒီလိုမဟုတ်ဘူး။ ထိုင်နေရင်လည်း အလုပ်လုပ်ရတယ်။ စာဖတ်တာ၊ ကွန်ပျူတာအသုံးပြုနေချိန်ဆိုရင်လည်း မျက်လုံးကအလုပ်လုပ်နေရတယ်။ မျက်လုံးကို ပိတ်မထားမချင်း အလုပ်လုပ်နေ ရတဲ့ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
စာဖတ်တာ၊ ကွန်ပျူတာကြည့်တာ၊ ဖုန်းသုံးတာ၊ ဂိမ်းကစားတာတွေများလာတဲ့အခါမှာ မျက်လုံးက ညောင်းလာတယ်။ အဲဒီအချိန်မှာ မျက်လုံးက ပုတ်ခတ် ပုတ်ခတ်ဖြစ်လာတတ်တယ်။ ခြေထောက်က အရမ်း ညောင်းလာတဲ့အချိန်မှာ ခြေထောက်ကြွက်သားတွေ တုန်လာသလို မျက်လုံးကလည်း ညောင်းပြီး ဖွင့်လိုက်၊ ပိတ်လိုက်မကြာခဏဖြစ်လာတယ်။ ဒါကိုမျက်ကြောလိုက်တယ်လို့ပြောတတ်ကြတယ်။ ဒါက မျက်လုံးကိုအနားပေးသင့်တဲ့အချိန်မှာ အနားမပေးလို့ဖြစ်ရတာ ဖြစ်ပါတယ်။
နောက်ထပ်ဖြစ်နိုင်တဲ့အချက်က အာရုံကြောကြောင့်ဖြစ်တဲ့ မျက်ကြောလိုက်တာပဲဖြစ်ပါတယ်။ဦးနှောက်နံပါတ်(၇) အာရုံကြောမှာ ထိခိုက်မှုတစ်ခုခု ဖြစ်ရင် ဆေးပညာအခေါ်အဝေါ် Blepharospasm လို့ခေါ်တယ်။ လိုအပ်တာထက်ပိုပြီး မျက်လုံးကိုလှုံ့ဆော်မှုများတဲ့ဖြစ်စဉ်မျိုးတွေမှာလည်း မျက်ကြော လိုက်သလိုပြဿနာမျိုး ဖြစ်တတ်ပါတယ်။
နောက်တစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေရှိနေတာကြောင့် မျက်လုံးမှာ တစ်ခုခုဖြစ်နေတယ်လို့ထင်ပြီး မျက်လုံးကိုပုတ်ခတ် ပုတ်ခတ်လုပ်ရင်းကနေ မျက်ကြောလိုက်သလိုဖြစ်နေတတ်ပါတယ်။
မျက်ကြောလိုက်တာနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်လို့ရသလား။ အမှိုက်ဝင်တာဆိုရင်တော့ ကာကွယ်လို့မရပါဘူး။ ဒါက မတော်တဆဖြစ်တတ် တဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။
မျက်လုံးညောင်းတာ မဖြစ်အောင်ဆိုရင်တော့ မျက်လုံးကိုအနားပေးတာ၊ အချိန်ကန့်သတ်ပြီး မျက်လုံးကိုအသုံးပြုတာတွေ ပြုလုပ်မယ်ဆိုရင် မျက်ကြောလိုက်တာကို ကာကွယ်နိုင်ပါတယ်။
နံပါတ်(၇) အာရုံကြောလှုံ့ဆော်မှုဖြစ်လာလို့ မျက် ကြောလိုက်တာဆိုရင်လည်း ကာကွယ်လို့မရပါဘူး။ စိတ်ကြောင့်ဖြစ်လာတဲ့ မျက်ကြောလိုက် တာဆိုရင်တော့ စိတ်ကိုသက်သာရာရစေနိုင်မယ့်နည်းလမ်းတွေပြုလုပ်ပြီး နေထိုင်ရမှာဖြစ်ပါတယ်။ သင့်တင့်တဲ့ စိတ်နှလုံးသွင်းမှုပြုလုပ်ပြီး နေထိုင်ကျင့်ကြံတာ၊ တရားအားထုတ်တာ၊ ယောဂကျင့်တာတွေ ပြုလုပ်ပြီး နေထိုင်နိုင်မယ်ဆိုရင်တော့ ကာကွယ်ရာ ရောက်ပါတယ်။
မျက်ကြောလိုက်ရတဲ့ အကြောင်းရင်းတွေကမျက်လုံးမှာ ခိုးလိုးခုလုဖြစ်နေတာ၊ မျက်လုံးညောင်း တာ၊ အိပ်ရေးမဝတာ၊ အလုပ်ပင်ပန်းတာ၊ ဆေးဝါးတွေ ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်တာ၊ စိတ်ဖိစီးမှုဖြစ်တာ၊ အရက်၊ ဆေးလိပ်နဲ့ ကဖင်းဓာတ်များတာတွေသောက်တာ၊ မီးရောင်စူးတာ၊ မျက်လုံးကိုလေသလပ်တာ၊ လေထုညစ်ညမ်းတာ၊ မသိလိုက်ဘဲ မျက်ကြည်လွှာဒဏ်ရာရတာ စတဲ့အကြောင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။
ဒါ့ပြင် မျက်ခွံရောင်ရမ်းတာ၊ မျက်ကြည်လွှာရောင် ရမ်းတာ၊ မျက်လုံးခြောက်တာ၊ ပတ်ဝန်းကျင်လေထု မသန့်တာ၊ မျက်လုံးကိုနေစူးတာ၊ စိတ်ဖိစီးမှုများတာ စတာတွေက မျက်ကြောလိုက်တာ၊ မျက်ကြောဆွဲ တာကို ပိုဆိုးစေပါတယ်။ အမျိုးသားတွေထက် အမျိုး သမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။
အာရုံကြောက ကျန်းမာရေးအတွက် သိပ်အရေးမကြီးဘူးလို့ ထင်စရာရှိပါတယ်။ ခေါင်းကိုက်နေရင် အလုပ်လုပ်ဖို့မဖြစ်နိုင်ဘူး။ မျက်ခွံကြွက်သားတွေက ဘာမှမလုပ်ရဘဲ သူ့အလိုလို အကြောဆွဲနေတာ၊အပေါ်မျက်ခွံမှာအဖြစ်များပေမယ့် အပေါ်မျက်ခွံရောအောက်မျက်ခွံပါ အကြောဆွဲတဲ့သူရှိပါတယ်။ မျက်ကြောလိုက်တာ သိပ်ပြင်းထန်လွန်းရင် မျက်လုံး ပိတ်တဲ့အထိဖြစ်နိုင်ပါတယ်။ ရှားရှားပါးပါးမျက်ကြော ဆွဲတာ၊ မျက်နှာအကြောလိုက်၊ ထိန်းမရတဲ့ တခြားအကြောလိုက်တာတွေဖြစ်လာရင် အာရုံကြောပြဿနာ ဖြစ်နိုင်လို့ ဆေးရုံဆေးခန်းပြသသင့်ပါတယ်။
အချုပ်ဆိုရရင် မျက်ကြောလိုက်တာ၊ မျက်ကြော ဆွဲတာပြတတ်တဲ့ တခြားရောဂါတွေက မျက်နှာအကြောသေရောဂါ (Bell's palsy)၊ လည်ပင်း အကြောဆွဲတာ(Torticollis)၊ ခက်မာရောဂါစု(multi-ple Sclerosis)၊ ပါကင်ဆန်(Parkinson )ရောဂါ၊ တို့ကရက်ရောဂါ (Tourette Syndrome) တို့ဖြစ်ပါ တယ်။ ကဖင်းပါတာတွေ လျှော့သောက်သင့်ပါတယ်။ အရက်၊ ဆေးလိပ်သောက်သုံးတာ ရှောင်ကြဉ် သင့်ပါတယ်။ မျက်လုံးမခြောက်အောင် မျက်စဉ်းခတ် သင့်တယ်။ မျက်ကြောဆွဲနေတဲ့အချိန် ရေနွေးဖတ် လေးကပ်ပေးသင့်တယ်။ စိတ်ဖိစီးမှုတွေလျှော့သင့်ပါ တယ်။ မျက်ကြောလိုက်တာ၊ မျက်ကြောဆွဲတာပိုဖြစ် စေတဲ့ ဂိမ်းစွဲတာ၊ တီဗွီစွဲတာ၊ ကွန်ပျူတာမျက်နှာပြင် ကြည့်တာတွေကို တစ်ရက်ကို နှစ်နာရီထက် ပိုမသုံး သင့်ပါဘူး။ ရောဂါကြောင့်ဖြစ်ရင် စောစောစီးစီး ဆရာဝန်ထံပြသသင့်ပါကြောင်း အကြံပြုရေးသား တင်ပြလိုက်ရပါတယ်။ ။