
အောင်စိတ်နှင့်အောင်နည်း လူငယ်နှင့်အောင်မြင်ရေး
ပီမိုးနင်း
အောင်စိတ်ရအောင်ရှာနည်း
အသင်၏စိတ်ကို သေချာစွာစစ်ဆေးပါ။
ငါ၏စိတ်သည် အောင်စိတ်မျိုးလား၊ ပျက်စိတ်မျိုးလားဟု သိအောင်ရှာပါ။ ပျက်စိတ်ဖြစ်ခြေကအောင်စိတ်ဖြစ်အောင် စိတ်နေသဘောထားပုံကိုပြုပြင်ရမည်။ ထိုအခါ တစ်လကိုးသီတင်းအတွင်းမှာအသင်၌ ထူးခြား၍လာသည်ကို ဧကန်တွေ့ရှိလာပါလိမ့်မည်။
လက်ဖွဲ့အင်းအိုင်ကို ယုံကြည်အားကိုး၍ တစ်ခုခုကို လုပ်ကိုင်သူများသည် အောင်မြင်တတ်သည်မှာအားကိုးခြင်းကြောင့် အောင်စိတ်ကိုရကြသဖြင့်အောင်မြင်ခြင်းဖြစ်ကြလေသည်။
လူတစ်ယောက်မှာ ဖဲကစားရာ၌အမြဲရှုံး၏။ ၎င်းမှာအစဦး၌ ကံအားလျော်စွာနှင့် နှစ်လက် သုံးလက်ဆက်၍ရှုံးရာ ၎င်း၏မိတ်ဆွေများကရော ၊ ၎င်းကိုယ်တိုင်ကရောသည်လူမှာ ဖဲနှင့်အကျိုးမပေး၊ သူ့လက်နှင့်ကိုင်မိလျှင်မကောင်းသောဖဲသာဖြစ်တတ်သည်ဟူသော အစွဲတစ်ခုပေါ်ပေါက်၍လာ၏။ ထို့နောက် ၎င်းလူမှာအမြဲရှုံးလေ၏။
၎င်းသည် ကစားနည်းကိုအထူးကျွမ်းကျင်သူဖြစ်ပါလျက် ထိုကဲ့သို့ရှုံးလေရာ ၎င်း၏လက်သည်အရှုံးလက်ဖြစ်သည်ဟု အများကပြောကြလေသည်။၎င်းကိုယ်တိုင်ကလည်း ကစားဝိုင်းမှာထိုင်သည့်အခါတိုင်း ငါတော့ရှုံးမှာပဲဟု စွဲထားလေ့ရှိလေ၏။
၎င်းမှာစာရေးဆရာဖြစ်ရာ ဖဲကစားခြင်းကိုအားလပ်ခြင်း၊ အပျင်းဖြေခြင်းအနေဖြင့် စွဲ၍ကစားသူဖြစ်လေ၏။ ၎င်း၏နာမည်မှာ “ဝီလကင်း”ဟုခေါ်လေရာ အခြားသူများကရှုံးသည့်အခါ၌ပင် ရှုံးသူ၏လက်ကို ဝီလကင်း၏လက်ဟု ခေါ် ကြလေသည်။
သို့ဖြစ်လေရာ အရှုံးစိတ်၏တန်ခိုးအရှိန်သည်ဝီလကင်းတစ်ယောက်တည်း ကိုယ်တိုင်စိတ်၏တန်ခိုးမဟုတ်၊ အခြားအပေါင်းအဖော်များကပါ ကူညီ၍ ၎င်းအား အရှုံးစိတ်တန်ခိုးဖြင့် နှိမ်နင်းကြသလိုဖြစ်၍နေလေ၏။
တစ်နေ့သ၌ မိတ်ဆွေတစ်ယောက်က ဝီလကင်းနှင့်စကားပြောရာ၌ ထိုအကြောင်းကိုစပ်မိ၍ စကားဆက်မိသဖြင့် ၎င်း၏မိတ်ဆွေမှာလည်း “ဆိုင်ကိုလိုဂျီ”ကျမ်းကိုဖတ်ဖူးသူဖြစ်ရာ...
“ငါ့မှာ ရက်အင်ဒီးယန်း တိုင်းရင်းသားတစ်ယောက်က အဆောင်တစ်ခုပေးထားတာရှိတယ်။ ငါဖဲကစားရာမှာ အဲဒီအဆောင်ကိုအသုံးပြုကြည့်လို့ ကိုယ်တိုင်သိရတာပဲ။ ကိုးလက်မှာ ခုနစ်လက်နိုင်တယ်။ အလောင်းအစား အကြီးအကျယ်မလုပ်ပါဘူးဆိုတဲ့ကတိကိုတော့ထားရလိမ့်မယ်”ဟုပြောရာ ဝီလကင်းက ထိုအဆောင်ကိုတောင်းလေလျှင် မိတ်ဆွေက ဝီလကင်းကိုအိမ်သို့ခေါ်သွားပြီး ငွေသေတ္တာကလေးတစ်ခုထဲ၌မိမိသိမ်း၍ထားသော တရုတ်ပြည်ကရရှိသည့်ကျောက်စိမ်းနဂါးရုပ်ကလေး လက်သန်းလောက်ကို၎င်းအားပေးလေ၏။ သို့ပေးရုံမက ဝီလကင်းနှင့်ကစားသူတို့အားလည်း မိမိ၏ အဆောင်စွမ်းကြောင်းကိုပြော၍ပြသဖြင့် ဝီလကင်းနှင့်ကစားသူများ၏စိတ်၌...
“ဝီလကင်းရှုံးခဲ့သည်မှာ...အတော်လည်းကြာခဲ့ပြီ၊ယနေ့တော့ နိုင်မယ့်နေ့မို့ အကူအညီကောင်းများနှင့်ကြုံလာရတဲ့ လက္ခဏာပဲ”ဟု အချင်းချင်းပြောကြလေ၏။
ပြောသည့်အတိုင်းလည်း ဝီလကင်းနိုင်လိမ့်မည်ဟု တွေးထင်ကြဟန်ရှိလေ၏။ အကြောင်းမူကား...ထိုနေ့၌ ဝီလကင်းမှာ အကြိမ်တိုင်းဖဲကောင်းကိုချည်းရရှိနေလေသည်။
နောက်မှ အဆောင်ပေးသူက ဝီလကင်းအားစိတ်ပညာအကြောင်းကိုပြောပြပြီး ထိုအရုပ်မှာအဆောင်မဟုတ်၊ တရုတ်ပြည်ကိုရောက်စဉ်ကအထိမ်းအမှတ်အဖြစ်နှင့် မိမိယူ၍လာသော အရုပ်ဖြစ်ကြောင်းပြော၍ပြရာ၌ ဝီလကင်းအား စိတ်ကိုပြုပြင်ဖို့ သတိပေးလေ၏။
သို့သတိပေးသဖြင့် ဝီလကင်းမှာ စိတ်ကိုပြုပြင်လိုက်ရာ အဆောင်မရှိဘဲလည်း အရှုံးမများတော့သည်ဖြစ်ကြောင်းတွေ့ရှိရလေ၏။
ထိုစိတ်သည် ဖြစ်မည် အောင်မည်ဟု မျှော်လင့်သောစိတ်ဖြစ်ရာ ၎င်းစိတ်ထက်သန်သလောက်အကျိုးပေးထက်သန်လေသည်။
အထက်ကိုလှမ်းသောစိတ်
လောကဓာတ်ဆရာကြီး အယ်ဒီဆင်သည် ငယ်စဉ်အခါက သတင်းစာရောင်းရာ၌ပင် လောကဓာတ်ပညာရပ်များကို စမ်းသပ်ခဲ့၏။
နေရာထိုင်ခင်းမရှိသဖြင့် တစ်နေရာမှတစ်နေရာမီးရထားနှင့် သွားလာရာမှ ဂါတ်ဗိုလ်နှင့်အကျွမ်းဝင်အောင်လုပ်ပြီး ဂါတ်တွဲမှာ ဓာတ်များကို စမ်းသပ်ရန်နေရာရအောင် ကြံခဲ့လေသည်။
၎င်း၏စိတ်၌ ဆင်းရဲသော်လည်း ဂါတ်ဗိုလ်လောက်လူကို သူငယ်ချင်းတစ်ယောက်လောက် သဘောထားနိုင်သော သတ္တိရှိသူဖြစ်လေသည်။
ကြီးမြင့်လိုသောစိတ်
အထက်ကိုလှမ်းသောစိတ်သည် ဝမ်းတွင်းပါဖြစ်ခဲ့သည်။ ထိုမျှလောက် ဆင်းဆင်းရဲရဲကျပ်ကျပ်တည်းတည်းနေခဲ့ရာ၌ပင် ဓာတ်များကိုစမ်းသပ်ခဲ့သည်မှာ တစ်နေ့သ၌ မိမိကိုယ်ကို ဓာတ်ဆရာကြီးဖြစ်မှာပဲဟု စွဲမှတ်ယုံကြည်သောစိတ် ထက်သန်ကြည်လင်စွာရှိခြင်းကြောင့်ဖြစ်လေသည်။
ကြည်လင်ခြင်းဆိုသည်မှာ မိမိဖြစ်လိုသောအရာကို ကွင်းကွင်းကွက်ကွက်မြင်ခြင်းကို ဆိုလိုလေသည်။
မိမိကိုယ်တိုင် အဘယ်ကဲ့သို့သောအခြေအနေကိုရောက်အောင်လုပ်မည်ဟု သဲသဲကွဲကွဲမထင်မမြင်စမ်းတဝါးဝါးဖြစ်၍နေခြေက အဘယ်အခြေအနေကိုမျှ ရောက်မည်မဟုတ်ပေ။
တစ်ခုခုသောအခြေအနေကို သေသေချာချာမြင်လျက် “မရောက်မပေါက်လျှင် မနေဘူး၊ ငါရောက်အောင်လုပ်မည်”ဟူသော စိတ်ကိုထားသူတို့မှာရောက်နိုင်ကြောင်း သေချာစွာ ယုံကြည်သူများပင်ဖြစ်ကြ၏။
မယုံလျှင် စွဲမြဲစွာ ကြံမည်မဟုတ်ပေ။
ဆရာကြီး ပီမိုးနင်း၏ “အောင်စိတ်” စာအုပ်မှ
ကောက်နုတ်ဖော်ပြပါသည်။