၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲနောက်ပိုင်း မန်စီးတီးအသင်းကိုအနိုင်ရယူနိုင်ခြင်းမရှိသည့် မှတ်တမ်းဆိုးကို ချယ်လ်ဆီးအသင်းဆက်လက်ပိုင်ဆိုင်ထား

၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲနောက်ပိုင်း မန်စီးတီးအသင်းကိုအနိုင်ရယူနိုင်ခြင်းမရှိသည့် မှတ်တမ်းဆိုးကို ချယ်လ်ဆီးအသင်းဆက်လက်ပိုင်ဆိုင်ထား

လန်ဒန်   ဇန်နဝါရီ   ၂၆


ပရီးမီးယားလိဂ်ပြိုင်ပွဲ  ပွဲစဉ်(၂၃)  အဖြစ် ကစား သည့်  မန်စီးတီးအသင်းနှင့်  ချယ်လ်ဆီးအသင်းတို့ပွဲစဉ်တွင်  ချယ်လ်ဆီးအသင်းသည်  အဝေးကွင်း၌၃ ဂိုး- ၁ ဂိုးဖြင့်ရှုံးနိမ့်ကာ  ၂၀၂၁ ခုနှစ်  ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်   အနိုင်ရရှိပြီးနောက်ပိုင်း  မန်စီးတီးအသင်းကို အနိုင်ရယူနိုင်ခြင်းမရှိသည့် မှတ်တမ်းဆိုးတစ်ရပ်ကို  ချယ်လ်ဆီးအသင်း  ဆက်လက်ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲစဉ်၌   ချယ်လ်ဆီးအသင်းသည်  ပွဲချိန် သုံးမိနစ်တွင် သွင်းယူခဲ့သည့် မက်ဒူကီ၏သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲချိန်  ၄၂ မိနစ်တွင် ဂါဗယ် ဒီလိုက ချေပဂိုး၊ ပွဲချိန် ၆၈ မိနစ်တွင် ဟာလန်းနှင့် ပွဲချိန် ၈၇ မိနစ်တွင် ဖိုဒန်တို့က မန်စီးတီးအသင်း အတွက် ဦးဆောင်ဂိုးများသွင်းယူနိုင်ပြီးနောက် ၃ဂိုး-
၁ ဂိုးဖြင့် မန်စီးတီးအသင်းက  အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည်    မန်စီးတီးအသင်းကိုနောက်ဆုံးအကြိမ် အနိုင်ရရှိသည့်ပွဲစဉ်အဖြစ် ၂၀၂၁ ခုနှစ် မေလ ၃၀ ရက်က ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ်ကစားသည့်ပွဲစဉ်တွင် ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီးနောက်ပိုင်းတွင် မန်စီးတီးအသင်းကို တစ်ကြိမ်မျှအနိုင်ရယူနိုင်ခြင်းမရှိဘဲ    ယခုပွဲစဉ်တွင်လည်းဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း    ပွဲပြီးဆုံးချိန်တွင် ၃ ဂိုး- ၁ ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့ပြီး မှတ်တမ်းဆိုးတစ်ရပ်ကို မချေဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည်    မန်စီးတီးအသင်းကို ၂၀၂၁ ခုနှစ်က အနိုင်ရရှိပြီးနောက် ပြိုင်ပွဲစုံ ၁၁ ကြိမ်တွေ့ဆုံခဲ့ရာတွင် ကိုးကြိမ်အထိရှုံးနိမ့်ပြီး နှစ်ကြိမ်သရေရလဒ်ထွက်ပေါ်ခဲ့ကာ နိုင်ပွဲပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

‌ချယ်လ်ဆီးအသင်းသည်     ယခုဘောလုံးရာသီ ပြိုင်ဘက်အသင်းကြီးများနှင့်  တွေ့ဆုံရာတွင်  စပါး အသင်းတစ်သင်းတည်းကိုသာအနိုင်ရရှိခဲ့ပြီး မန်စီးတီးအသင်း၊  လီဗာပူးအသင်းတို့ကိုရှုံးနိမ့်ကာ  မန်ယူ အသင်းနှင့် အာဆင်နယ်အသင်းတို့ပွဲစဉ်တွင် သရေ ရလဒ်ထွက်ပေါ်ခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲနောက်ပိုင်းပွဲစဉ်များတွင် ရလဒ်များပြန်လည်ဆိုးရွားလာခဲ့ကာ ခုနစ်ပွဲတွင် ဝုဗ်အသင်းတစ်သင်းတည်းကိုသာ အနိုင်ရရှိပြီး  သုံးပွဲရှုံးနိမ့်ကာ သုံးပွဲသရေရလဒ် ထွက်ပေါ်ခဲ့ပြီး မန်စီးတီးအသင်းကိုရှုံးနိမ့်ပြီးနောက် အဆင့်(၆)နေရာအထိ    ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။