တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့နယ်၊ ကော့သောင်းမြို့၊ ဇာဒက်ကြီးကျွန်းနှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့နယ်၊ ကော့သောင်းမြို့၊ ဇာဒက်ကြီးကျွန်းနှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီလ - ၂၇

တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်း ဒေသကြီး၊ ကိုကိုကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယ‌နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ကော့သောင်းမြို့၊ ဇာဒက်ကြီးကျွန်းရှိ ဓမ္မိကာရာမတပ်ဦးကျောင်း ဆလုံဘိုးဘွားရိပ်သာ၌ အခြေပြု၍ ဇာဒက်ကြီးကျွန်းနှင့်အနီး ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၉၈  ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့   ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၃၃ ဦး၊ ခွဲစိတ်ရောဂါ ၁၁ ဦး၊ သားဖွား/မီးယပ်ရောဂါ ၅ ဦး၊ ကလေးရောဂါ ၅ ဦး၊ အရိုးရောဂါ ၈ ဦး၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ  ၅ ဦး၊ မျက်စိရောဂါ ၁၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၄င်းတို့အနက် ဓာတ်မှန်ရိုက် လူနာ ၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ  ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၂ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင် ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

သမီးလုပ်တဲ့သူကတော့ အမေဆေးခန်းသွားပြပါ။ ကိုယ်သွားပြလို့ရှိရင် လက်ထဲမှာ ပိုက်ဆံကတစ်ပြားမှ မရှိဘူးလေ။ မရှိတဲ့အတွက်ကြောင့် ကျွန်မလည်း သွားမပြဘဲနဲ့ ဝေဒနာကိုပဲ ခံစားရပါတယ်။ အခုလို ဆရာတို့သင်္ဘောလာတဲ့ အတွက် ကြားရခြင်းပဲ အရမ်းလည်းဝမ်းသာ ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ မျက်စိခွဲပြီးသွားတော့ မြင်ရတာလည်း ကြည်လင်သွားပါတယ်။ ဆရာတို့ကိုလည်း မြင်တွေ့ရတယ်ပေါ့နော် အရမ်းပဲ ဝမ်းသာပါတယ်။ အခုလို ဆရာတို့နဲ့တွေ့တာ ကျွန်မကို မျက်စိလေး ကူညီပြီးတော့ ခွဲပေးတာ အရမ်းကျေးဇူးတင်ပါတယ်။ အိပ်ရာဝင်တိုင်းဝင်တိုင်းမှာ ဆရာတွေအကုန်လုံးကိုပေါ့နော် ဆုတောင်းပေးပါတယ်။ ကျန်းမာပါစေ ချမ်းသာပါစေ။
 

ကျွန်တော်က ဘာလည်းဆိုတော့ ဂေါက်ရောဂါပါ။ အရိုးအဆစ်တွေမှာ ဘုတွေ ထွက်တာပါ အဲ့တာကို လာခွဲတာပါ။ မတည့်တာစားလို့ ထွက်တယ်ပေါ့။ ရှောင်ပါတဲ့မတည့်တာ ကိုရှောင်ပေးပါတဲ့။ ကျွန်တော်တို့ကျေးရွာမှာလည်း တိုက်နယ်ဆေးရုံရှိတယ် သို့သော်ငြားသော်လည်း ကျွန်တော် ခွဲမလို့ပါဘဲ ဆရာဝန်က ပြောင်းသွားတယ်။ ပြောင်းရတယ်လေ အဲ့လိုပြောင်းရတဲ့ အခါကျတော့ ကျွန်တော် မခွဲရတော့ဘူး။ အခုလို ကျွန်တော်သွားခွဲမယ်ဆိုပြီး ရန်ကုန်ကိုသွားခွဲရမှာ ဆိုတော့ ကိုယ်သွားချင်တဲ့ အချိန်သွားလို့မရဘူး။ အဖော်တစ်ယောက်ပါမှလေ ကျွန်တော့်မှာက နောက်ကလိုက်ပေးမဲ့သူ မရှိဘူး။ အခုလို နယ်လှည့်ဆေးလာကုပေးတဲ့ အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ ခွဲစိပ်ပေးတဲ့ အတွက်လည်း အထူးပဲ ဝမ်းသာပီတိဖြစ်ပါတယ်။ ပါရဂူတွေ စုံလင်စွာပါတဲ့ အတွက် အများပြည်သူတွေလည်း ကုသခွင့်ရတဲ့ အတွက် သူတို့ကိုယ်စား ဝမ်းသာပီတိဖြစ်မိပါတယ်။