MNL အမှတ်ပေးပြိုင်ပွဲတွင် နောက်ကျဂိုးဖြင့် ဒဂုံစတားအသင်း နိုင်ပွဲရရှိ

MNL အမှတ်ပေးပြိုင်ပွဲတွင် နောက်ကျဂိုးဖြင့် ဒဂုံစတားအသင်း နိုင်ပွဲရရှိ

ရန်ကုန်  ဇန်နဝါရီ   ၂၇

၂၀၂၄-၂၀၂၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၇) စတုတ္ထနေ့ကို ယနေ့တွင် သုဝဏ္ဏကွင်း၌ကျင်းပရာ  ဒဂုံစတားယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ပထမပိုင်းတွင် နှစ်သင်းစလုံး ဂိုးပေါက်ပျောက်ခဲ့သော်လည်း ဒုတိယပိုင်းတွင် အပြန်အလှန်သွင်းဂိုးများဖြင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ဒဂုံစတားယူနိုက်တက်အသင်းက နောက်ကျဂိုးဖြင့် အနိုင်ရရှိသည်။       

ဒဂုံစတားယူနိုက်တက်အသင်းသည် ယခုနိုင်ပွဲကြောင့် ထိပ်ဆုံးသုံးသင်းစာရင်းဝင်ရန်မျှော်လင့်ချက်ရှိနေဆဲဖြစ်သည်။

ဒဂုံစတားယူနိုက်တက်အသင်းသည် လက်ရှိလက်ရွေးစင်များ၊ လက်ရွေးစင်ဟောင်းများဖြင့် လူစုံပါဝင်ခဲ့ပြီး သစ္စာအားမာန်အသင်းမှာမူ ရှိုင်းဝဏ္ဏအောင်၊မင်းမော်ဦး၊ စောမျိုးဇော်၊ မြတ်ဘုန်းခန့်တို့ဖြင့် လူစုံခဲ့သည်။ နှစ်သင်းစလုံး ကစားအားကောင်းသည့်အသင်းများဖြစ်သောကြောင့် ပွဲစကတည်းက တိုက်စစ်အားပြုကစားခဲ့သော်လည်း ပထမပိုင်းတွင် ဂိုးမသွင်းနိုင်ဘဲ ၅၅ မိနစ်တွင် ပြစ်ဒဏ်ဘောမှတစ်ဆင့် စွမ်းထက်က  ခေါင်းတိုက်ပြီး ဒဂုံစတားအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ မိနစ် ၈၀ တွင် စောမျိုးဇော် က သစ္စာအားမာန်အသင်းအတွက် ချေပဂိုးပြန်သွင်းသော်လည်း နှစ်မိနစ်အကြာတွင် ဆွမ်လမန်က ဒဂုံစတားအသင်းအတွက် အနိုင်ဂိုးထပ်မံသွင်းယူခဲ့သည်။ ယခုပွဲစဉ်တွင် အကောင်းဆုံးဆုကို ဒဂုံစတားအသင်းမှ စွမ်းထက်က ရရှိသည်။ ယခုပွဲအပြီးတွင် ဒဂုံစတားယူနိုက်တက်အသင်းက ၁၇ ပွဲကစား ၃၆ မှတ်၊ သစ္စာအားမာန်အသင်းက ၁၇ ပွဲကစား ၁၄ မှတ် ရရှိထားသည်။

ပွဲစဉ်(၁၇)နောက်ဆုံးနေ့ကို ဇန်နဝါရီလ၂၈ ရက် (ယနေ့) ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌  ဆက်လက်ကျင်းပမည်ဖြစ်ပြီးDagon Port အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။