ONE Friday Fights 95 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ မိုးထက်အောင်၊ အဲမွီနှင့် စူပါရေချမ်းတို့၏ တွဲဆိုင်းများပါဝင်မည်
ရန်ကုန် ဇန်နဝါရီ ၂၇
ဇန်နဝါရီလ ၃၁ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပမည့် ONE FridayFights 95ပြိုင်ပွဲတွင် မြန်မာဖိုက်တာသုံးဦးဖြစ်သည့် မိုးထက်အောင်၊ အဲမွီနှင့် စူပါရေချမ်းတို့၏တွဲဆိုင်းများ ပါဝင်မည်ဖြစ်သည်။
ONE Friday Fights 95 ပြိုင်ပွဲတွင် တွဲဆိုင်းစုစုပေါင်း ၁၂ ပွဲ ပါဝင်မည်ဖြစ်ပြီး မြန်မာစံတော်ချိန် ည ၇ နာရီတွင် စတင်ကျင်းပမည်ဖြစ်သည်။ မြန်မာဖိုက်တာ မိုးထက်အောင်က ထိုင်းဖိုက်တာဆာမင်ဒမ်၊ စူပါရေချမ်းက ထိုင်းဖိုက်တာ ဒန့်ခ်၊ အဲမွီကဂျပန်ဖိုက်တာ မူဂါဆီတိုနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ မိုးထက်အောင်သည် ၂ဝ၂၄ ခုနှစ်တွင် ONE နှင့် စတင်လက်တွဲခဲ့ပြီး မတ်လ ၂၉ ရက်တွင် ထိုးသတ်သည့်ONE Friday Fights 57 ပြိုင်ပွဲတွင် ဂျပန်ဖိုက်တာ တိုမိုယာ၊ ဇွန်လ ၁၄ ရက်တွင် ထိုးသတ်သည့် ONE Friday Fights 67 ပြိုင်ပွဲတွင် ဂျပန်ဖိုက်တာ ကာဇူကီတို့ကို အနိုင်ရထားသည်။ မြန်မာဖိုက်တာအဲမွီသည်၂ဝ၂၄ ခုနှစ်တွင် ONE နှင့် စတင်လက်တွဲခဲ့ပြီး သြဂုတ်လ ၂၃ ရက်တွင်ထိုးသတ်သည့် ONE Friday Fights 76 ပြိုင်ပွဲတွင် ဂျပန်ဖိုက်တာ တာကာဇိုနိုကို ဒုတိယအချီတွင် အလဲထိုးအနိုင်ရသော်လည်း အောက်တိုဘာလ ၂၅ ရက်က ထိုးသတ်သည့် ONE Friday Fights 84 ပြိုင်ပွဲတွင် ဂမ်ဘီယာဖိုက်တာ အိုမာကို အမှတ်ဖြင့် အရေးနိမ့်ထားသည်။ စူပါရေချမ်းသည် ONE နှင့် တစ်ပွဲသာထိုးသတ်ရသေးပြီး ထိုင်းဖိုက်တာ ဆူတင်ကို အမှတ်ဖြင့် အရေးနိမ့်ထားသည်။
မြန်မာဖိုက်တာများသည် ယခုနှစ်ဆန်းပိုင်းတွင် ပြိုင်ပွဲများဆက်တိုက်ထိုးသတ်ခွင့်ရနေသည်။