ဩစတြေးလျအရှေ့တောင်ပိုင်းတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် ဒေသအများအပြားတွင် မီးအသုံးပြုမှုတားမြစ်ချက်များထုတ်ပြန်
ဆစ်ဒနီ၊ သဘာဝဘေး
ဩစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဇန်နဝါရီလ ၂၇ ရက်က အပူလှိုင်းဖြတ်သန်းမှုကြောင့် အာဏာပိုင်အဖွဲ့က ဗစ်တိုးရီးယားပြည်နယ်အတွင်းရှိ ဒေသအများအပြားတွင် မီးအသုံးပြုမှုနှင့်စပ်လျဉ်း၍တားမြစ်ချက်များထုတ်ပြန်ခဲ့ရကြောင်းသိရသည်။
အပူလှိုင်းဖြတ်သန်းမှုဖြစ်ပွားစဉ် ဗစ်တိုးရီးယားပြည်နယ်ရှိ မဲလ်ဘုန်းမြို့တွင်အပူချိန်သည် ၄၁ ဒီဂရီအထိမြင့်တက်လာနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။ အဆိုပါအပူချိန်သည် မဲလ်ဘုန်းမြို့၏ ဇန်နဝါရီလအတွင်း အမြင့်ဆုံးအပူချိန်ထက် ၁၄ ဒီဂရီမြင့်တက်လျက်ရှိသည်။
ရာသီဥတုပူပြင်းမှုနှင့်လေပြင်းတိုက်ခတ်မှုကြောင့် ပြည်နယ်အတွင်းရှိ အချို့ဒေသများတွင် တောမီးလောင်ကျွမ်းမှုများဖြစ်ပေါ်လာနိုင်သောကြောင့် အာဏာပိုင်အဖွဲ့က ပြည်နယ်အတွင်းရှိ ဒေသ ၅ ခုအတွင်း၌ အန္တရာယ်ဇုန်နှင့် အန္တရာယ်ဒုတိယအများဆုံးကျရောက်နိုင်သောဇုန်ဟူ၍ ဇန်နဝါရီလ ၂၇ ရက်တွင် ခွဲခြားသတ်မှတ်ထားကြောင်း မိုးလေဝသပညာရှင်တစ်ဦးဖြစ်သူ ဒင်းနာရာမောကပြောသည်။
နိုင်ငံအတွင်းရှိ အခြားပြည်နယ်များဖြစ်သည့် နယူးဆောက်ဝေး၊ ကွင်းစလန်း၊ မြောက်ပိုင်းနယ်မြေနှင့် နိုင်ငံတောင်ပိုင်း၊ အနောက်ပိုင်းများရှိ ပြည်နယ်များတွင်လည်း အာဏာပိုင်အဖွဲ့ကအပူလှိုင်းဖြတ်သန်းမှုကြောင့် သတိပေးချက်များထုတ်ပြန်ခဲ့ရကြောင်းသိရသည်။၎င်းပြည်နယ်များအနက်နယူးဆောက်ဝေးပြည်နယ်သည် လူနေအထူထပ်ဆုံးသောပြည်နယ်ဖြစ်ပြီး ဇန်နဝါရီလ၂၇ ရက်တွင် အပူလှိုင်းဆိုးရွားစွာဖြတ်သန်းမှုနည်းပါးသော်လည်း ဇန်နဝါရီလ ၂၈ ရက်တွင် အပူချိန်ပိုမိုမြင့်တက်လာနိုင်ကြောင်းသိရသည်။