တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်း မြို့နယ်၊ ကိုကိုးကျွန်းမြို့နှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီလ - ၁ ရက်
တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်း ဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အနီး ပတ်ဝန်းကျင်ကျေးရွာများမှဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ ကိုကိုးကျွန်းမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၌အခြေပြု၍ ကိုကိုးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၆၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၆ ဦး၊ ခွဲစိတ်ရောဂါ ၁ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃ ဦး၊ ကလေးရောဂါ ၁ ဦး၊ အရိုးရောဂါ ၁ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁ ဦး၊ မျက်စိရောဂါ ၁၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၀ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၄င်းတို့အနက် ဓာတ်မှန်ရိုက် လူနာ ၅ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆ ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသ ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၁ ဦး တို့ကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေး သည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါတယ်-
တိမ်လာခွဲတာပါ။ ကြည့်လိုကောင်းသွားတာပေါ့နော်။ ဆရာဝန်တွေက ကောင်းပါတယ်။ အကုန်လုံးကုသပေးပါတယ်။ တစ်ခါပြဘူးပါတယ်။ ညာဘက် မျက်လုံးပါ။ အခုက ဘယ်ဘက်မျက်လုံးပါ။ ပိုပြီးတော့ အဆင်ပြေသွားတော့ ဝမ်းသာပါတယ်။ အလင်းရောင်ရသွားတဲ့ အတွက်ကြောင့် ။ နယ်လှည့် သင်္ဘော ကြီးက အခုလို လာကုသပေးတဲ့ အတွက်ကြောင့် ဒီကျွန်းမှာ ရှိကြကုန်သော လူတွေကျန်းမာချမ်းသာအောင်လို့ ကုသပေးတဲ့ အတွက်မလို့အကုန်လုံး ကျေးဇူး တင်ပါတယ်။
ဒီလက်ဖြစ်နေတာ ဘယ်လိုမှ အဆင်မပြေဘူး။ လက်မတစ်ချောင်း အဆင်မပြေလို့ပါ။ အရိုးအကြောကို ပြတဲ့အချိန်မှာ လက်က လှုပ်လို့မရဘူး။ လှုပ်လို့မရတဲ့ အချိန်မှာ ခွဲစိတ်ပေးပါတယ်။ တစ်ဆင့်စီကို ဆရာဝန်ကြီးတွေက သေချာလုပ်ပေးပါတယ်။ ခွဲစိတ်ပြီးတော့ ကုသပေးပါတယ်။ ကျေးဇူးလည်း အထူးတင်ပါတယ်လို့ ။ လမ်းပန်းဆက်သွယ်ရေးကခက်ခဲတယ်။ ဒီမှာဆေးဝါးက မပြည့်စုံဘူး။ မပြည့်စုံတဲ့အတွက် ဒီလိုနယ်လှည့်ဆေးအဖွဲ့ လာကုတဲ့အခါကြ တော့။ အရမ်းအားရှိကြပါတယ်။ အကုန်လုံးလည်း မျော်နေကြပါတယ်။ နှစ်တိုင်း လည်းလာနိုင်အောင်လို့ ဆုတောင်းပေးပါတယ်။