တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီလ - ၂ ရက်

တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်း ဒေသကြီး၊ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီး ပတ်ဝန်းကျင်ကျေးရွာများမှဒေသခံပြည်သူများအား  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန် များဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် ယ‌နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့သို့ ရောက်ရှိရာ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျကြိုဆို နှုတ်ဆက်ကြသည်။

အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ အခြေပြု၍ ဟိုင်းကြီးကျွန်းမြို့ နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆၁၃ ဦးအား ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့   ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၁၆ ဦး၊ ခွဲစိတ်ရောဂါ ၅၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၄ ဦး၊ ကလေးရောဂါ ၂၂ ဦး၊ အရိုးရောဂါ ၁၀၄ ဦး၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ  ၃၂ ဦး၊ မျက်စိရောဂါ ၂၁၀ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၄၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၄င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၉ ဦး၊ မျက်စိခွဲစိတ်လူနာ ၃၅ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၄၅ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၇၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၇၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၀၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ  ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၃၅ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

၎င်းအပြင် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ ခွဲစိပ်ပါရဂူ၊ ကလေးပါရဂူ၊ မေ့ဆေးပါရဂူနှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့ရှိ တပ်မတော်ဆေးရုံ၌   ဟိုင်းကြီးကျွန်းမြို့နယ်၊ မောင်ပါကျေးရွာနေ ဦးမောင်မောင်ကြည်၏ ဇနီးဖြစ်သူ ဒေါ်နှင်းနှင်းအေး ကို မွန်းလွဲ ၂ နာရီ ၃၂ မိနစ်တွင် ၆ ပေါင် ၃ အောင်စရှိ သမီးတစ်ဦးအား အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့်ကလေးမှာကျန်းမာ ရေးကောင်းမွန် လျက်ရှိသည်။

၎င်းကလေးငယ်အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ ပေးအပ်သည့် ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူတစ်ဦးက ကိုယ်စားပေးအပ်သည်။ အဆိုပါ ကလေးငယ်သည် ယခုခရီးစဉ်အတွင်း ပထမဆုံး အကြိမ်မွေးဖွား ပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သမိုင်းမှတ်တမ်း တွင် ၂၂ ဦးမြောက်အဖြစ် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

ကျွန်တော်ကတော့ ခန္ဓာကိုယ် အဆီအကြိတ် တွေကိုလာပြတာပါ။ ဒီမှာ ပါရဂူတွေ ကိုယ်တိုင်လာပြီးတော့ ထိထိရောက်ရောက် ကုသပေးတဲ့အတွက် ကျွန်တော်တို့ အားလုံးအဆင်ပြေကြပါတယ်။ ရောဂါကြီးသမားတွေ အထွေထွေ ရောဂါပြသသူများ အဝေးမသွားရဘဲ ဒီမှာတင် ပြသကုသခွင့် ရတဲ့အတွက် အားလုံးအဆင်ပြေ ချောမွေ့ပါတယ်။ နိုင်ငံတော် အကြီးအကဲနှင့် လာရောက်ကုသပေးတဲ့ ဆရာဝန်များ၊ ဆရာ/ဆရာမများအားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ 

မရမ်းကွင်းကပါ၊မျက်စိလာပြတာပါ၊ ဆရာဝန်က ပုသိမ်သွားပြီး မျက်မှန် လုပ်ဖို့ ပြောပါတယ်၊ အရင်ကလည်းမျက်စိပြဖူးပါတယ်၊ အခုတော်တော် အဆင် ပြေသွားပါပြီ၊ မျက်စိလည်းအရင်ထက်ကြည့်ရ တာပိုကောင်းသွားတယ်၊ အထူးကိုပဲ ကျေးဇူးတင်ပါတယ်၊ ဒီမှာထမင်းလည်းကျွေးတယ်၊ ကားခကအစ လမ်းစရိတ်အကုန် စရိတ်ငြိမ်းလုပ်ပေးတာပါ၊ ဒါကြောင့်မို့ ကျွန်မတို့က ကျေးဇူးတင်ပါတယ်၊ ဒီဆေး သင်္ဘောလာမယ်ဆိုတာက လူကြီးကဖုန်းဆက်ပြီး အကုန်ပြောပေးတယ်၊ အဲ့တော့သားတွေကိုပြောတယ်၊ ဆရာဝန်တွေ ပါရဂူ တွေရောက်မယ်လို့ဆိုပြီး လာပြတာ မနေ့ကပဲလာသေးတယ် သင်္ဘောက မရောက်သေးလို့ ဒီနေ့ထပ် လာတာပြတာပါ၊ သင်္ဘောဆိုက်တော့ ကားနဲ့ အလကား လာကြိုပေးတယ်၊ ထမင်းကျွေးတဲ့သူတွေရော လာကု ပေးကြတဲ့ ဆရာဝန်တွေရော ဆရာ၊ဆရာမတွေ အကုန်လုံးကိုကျေးဇူး တင်ပါတယ်။