မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
ပေါင် ဖေဖော်ဝါရီ ၂
မွန်ပြည်နယ် ပေါင်မြို့နယ်၌မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီလ ၂ ရက်နံနက်ပိုင်းမှစတင်ကာ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ပေါင်မြို့ပေါ်ရပ်ကွက် လေးရပ်ကွက် အတွင်းရှိ မွေးကင်းစမှအသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေးနှင့် ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတတ်သော (Rota) ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။